Monday 29 August 2016
သစ်ခြောက်ပင်၏အတ္ထုပ္ပတ္တိ
တခါတုန်းကပေါ့
အညာရွာတစ်ရွာမှာ
ဆရာတစ်ယောက်ရှိသတဲ့။
သူ့ အိမ်ခေါင်က အပြဲ
သူ့ အိမ်ထရံက အပေါက်
သူ့ အိမ်အခင်းက ကြမ်းကျိုး
သူ့ ကိုဆို ရွာက
ဆရာရိုး လို့ ခေါ်သတဲ့။
စေတနာ ဝေဒနာ အနစ်နာ
နာ သုံးနာနဲ့ ဆရာရိုး
မျက်လုံး နှစ်လုံးဖွင့်ကတည်းက
မျက်လုံးနှစ်လုံးပိတ်သည် အထိ
က ကလေးငယ် ချစ်စဖွယ်
ပန်းကလးများပွင့်တော့မည်
ပင်ဝါးရုံလေယူတိမ်းတယ် ယိမ်းနွဲ့ မြောက်တောင်
ကလေးတွေကို သင်ပေး
သူ့ အိမ်မှာတော့ ရေအိုးတောင်မအေးရှာဘူး။
ဒါတွေကို ဆရာရိုးမသိ
ဆရာရိုးသိတာ
သူ့ ရွာ
သူ့ ကျောင်း
သူ့ ကျောင်းသား။
စာရင်းငှါး လုပ်ရမယ့်ကလေးကို
အင်ဂျင်နီယာကြီးဖြစ်ချင်လာအောင်
ကျည်းသားရိုက်တဲ့ကလေးကို
သင်္ချာတွေတွက်တတ်အောင်
ဘုန်းကြီးကျောင်းသားလုပ်နေတဲ့ ကလေးကို
ကျောင်းဆရာကြီးလုပ်ချင်လာအောင်
ချိုးဖမ်းခါပစ်လုပ်တဲ့ကလေးကို
ပြည်သူချစ်တဲ့ စစ်သားကြီး ဖြစ်ချင်လာအောင်
ဆရာရိုးသင်ပေးခဲ့တာပေါ့။
ဒါပေမယ့် ဆရာရိုး
ခုခေတ်လို လစာမတိုးဘူး
ယူနီဆက်ကပေးတဲ့ စက်ဘီးလေးနဲ့ကျေနပ်
ကျောင်းပြောင်းမလျှောက်ခဲ့ဘူး
ရာထူးတိုးလက်မခံခဲ့ဘူး
အိုင်တိုကျောင်းကြီးမိုးမလုံ
ပုဆိုးခြုံ၍ ဟိုပြေးဒီပြေးဆိုတဲ့
ကလးတွေ နဲ့ အတူ
ကျောင်းကိုစောရောက်
နောက်ကျမှကျောင်းကပြန်
လောကဓံနဲ့ ဆရာရိုး
တည့်တည့်တိုးတဲ့အခိုက်
မြေဖြူကြောင့်ဖြစ်တဲ့အဆုတ်နာ
ဆရာရိုးကိုယ်မှာ
ခွာချလို့ မရတော့ဘူး။
နောက်မဆုတ်ဘူး ဆရာရိုး
ကျောင်းကိုသွားမြဲ
မြေဖြူမှုန့် ကိုရှူမြဲ
နိုင်ငံတော်အလံကို အလေးပြုမြဲ
သန်းထွန်းလေးရဲ့ ကျွန်တော့်ရည်မှန်းချက်သီချင်းကို
ကလေးတွေသိအောင်အဓိပ္ပါယ်ဖွင့်ပြမြဲပေါ့။
ကကြီးဆိုတဲ့ အသံအစား
အဟွတ် အဟွတ်သံထွက်လာတယ်
bag ဘက်ဆိုတဲ့ စကားလုံးအစား
လည်ချောင်းထဲက သွေးတွေကျလာတယ်
မင်္ဂလာပါတပည့်တို့ နှုတ်ဆက်စကားကိုပြောဖို့ 
အသားမရှိတဲ့အရိုးထဲကနေ
ရှိသမျှအား ညှစ်ထုတ်ပြောရတယ်။
လယ်သမား
လက်သမား
ကျောင်းဆရာ
အင်ဂျင်နီယာ
မီးသတ်သမား
ဆရာဝန်
ပြည်သူချစ်တဲ့ စစ်သား
ဆရာရိုးတစ်ယောက်တည်းအားနဲ့ ပွင့်ခဲ့တဲ့ပန်းတွေပေါ့။
ဒီလိုနဲ့ ဆရာရိုး
အသက်ခြောက်ဆယ်ပြည့်တော့
သံပါတ်ကုန်တဲ့စက်ရုပ်လို
လက်ဖြတ်ခံရတဲ့ဆိုင်းသမားလို
ခြေချိုးခံရတဲ့အပြေးသမားလို
သူ့ ကျောင်းနံဘေးက ခြောက်သွေ့ ထနောင်းပင်ကြီးလို
ပင်စင်အော်ပရာရဲ့ အထီးကျန်အခန်းမှာ
တစ်ကိုယ်ရည်ဆက်ကခဲ့ရပေါ့။
မြေဖြူမကိုင်ရတော့တဲ့လက်
စာမသင်ရတော့တဲ့ပါးစပ်
ကျောင်းမတက်ရတော့တဲ့ခြေထောက်
ကျောင်းဆရာဖြစ်ကတည်းက
သူ့ ဘဝတစ်ခုလုံးထိုးကျွေးခဲ့တာတောင်
လူမွေးမပြောင်တဲ့ဆရာရိုး
ကျောင်းဆရာဘဝကနေ
အများသနားစရာ ပင်စင်နာတစ်ယောက်ဖြစ်လာတယ်။
အိပ်ရာထဲလဲပြီ ဆရာရိုး
ရေတစ်စက်တောင်မျိုမချနိုင်တော့တဲ့ ဆရာရိုး
သေးစိုပုဆိုး ကိုယ်တိုင်မလဲနိုင်ရှာတဲ့ဆရာရိုး
လက်ဆယ်ဖြာထိပ်မှာမိုးကန်တော့ခံရတဲ့ဆရာရိုး
မိုးတွေကခြိမ်းလျှပ်တွေကပြက်တဲ့တစ်မနက်မှာ
မလုံတဲ့ခေါင်ကမိုးပေါက်တွေကျလာတာကိုကြည့်ရင်း
ပေါက်နေတဲ့ထရံကတိုးဝင်လာတဲ့ကြောင်အိုကြီးကိုကြည့်ရင်း
ကျိုးနေတဲ့ကြမ်းကြားကစိမ့်ဝင်လာတဲ့လေစိမ်းဒဏ်ကိုခံရင်း
အားလုံးကိုနှုတ်ဆက်
အညာရွာကလေးကနေ အသေထွက်ထွက်သွားခဲ့ရှာတယ်။
အိပ်ယာနံဘေး
စာအုပ်အနွမ်းကလေးတစ်အုပ်
ဖွင့်ဖတ်ကြည့်လိုက်တော့
ဝိုင်းစက်နေတဲ့ဆရာရိုးရဲ့ လက်ရေး
ငါ့ရွာ
ငါ့ကျောင်း
ငါ့ကျောင်းသားအတွက်
ငါ့အသက်ကိုပေးခဲ့တယ်
ငါ့အသက်ကိုပေးခဲ့တယ်
ငါ့အသက်ကိုပေးခဲ့တယ်...တဲ့။
                                                          လူခါး
ငွေကြေး..ဂုဏ်ဒြပ်တွေကို မမက်ဘဲ
ကလေးတွေစာတတ်မြောက်ရေးကိုသာကြည့်သောကြောင့်
အသက်စွန့် သွားခဲ့ရရှာသော ဆရာဦးရဲမြင့်(မောင်နွေမိုး..ဆူးရစ်မြေ)
သို့  သတိရတမ်းတလျက်
No comments: