Monday 5 September 2016
အလွမ်းများ ၁၁
တစ်ယောက်တည်းနေရတယ်
စိတ်က တစ်ခုတည်းမဟုတ်ဘူး
အလွမ်းဟာ
အနှိမ်ခံထားရတဲ့ သစ်တစ်ပင်က
ပြန်ထွက်လာတဲ့ရွက်သစ်လိုမျိုး လတ်ဆတ်နုရွ
သတိရခြင်းဟာ
ကျောက်ဂူအောင်းပြီး တရားကျင့်တဲ့ 
သူတော်စင်တစ်ယောက်ရဲ့ အငြိမ်မျိုး သွေးဖျော့နေတယ်
ဘယ်တော့မှ မပြီးဆုံးမယ့် ပုံပြင်တွေကို
ဘယ်သူမှ မရှိတဲ့အရပ်မှာ တစ်ကိုယ်တည်းပြောမိ
ပင်လယ်ရဲ့ အကြောင်း
ရေခဲတောင်တွေရဲ့ အကြောင်း
မြက်ပင်ဖျား သီးနေတဲ့ နှင်းတစ်ပေါက်လောက်တောင်
ကြား ကြားပါရဲ့ လား ကမ်းရယ်
ကိုယ့်အိမ်ပြန်ချိန်တွေဆို အားလုံးက ငုံ့မကြည့်ကြဘူး
နှလုံးသား ဆိုတာ ခံစားတတ်မှ လှတာမျိုး
ဘယ်သူ့ မှ ဖွင့်ပြလို့ မရတဲ့ ဒဏ်ရာတွေကိုဖက်ထားရင်း
တစ်ကိုယ်ရေ ငတ်မွတ်ခေါင်းပါးခဲ့
ဖုန်းကို ပေါက်ခွဲပစ်ချင်စိတ်မျိုးနဲ့  လွမ်းမိတယ်
လက်ကောက်ဝတ်က သွေးပြန်ကျောကို
အရိုးစိမ့်စိမ့် ပွတ်သပ်ကြည့်မိသလိုမျိုးနဲ့  လွမ်းနေတယ်
လွမ်းလို့ မဆုံးတဲ့  ညတွေ မကုန်ဆုံးဘူးဆိုမှ
တောင်းရမ်းမရတော့တဲ့ သူတောင်းစားတစ်ယောက်လို
လူတွေက ရက်ရက်စက်စက်ကြီး ဝိုင်းကြည့်ကြ
ဒါဟာ ကိုယ့်အတွက်တော့ နိဗ္ဗာန်ပဲ
ဘာသီချင်းမှ မဆိုတော့ဘူး
ဘာသီချင်းမှလည်း မဆိုပြကြပါနဲ့ 
ကိုယ် ဟာ
သီချင်းသံကြားရုံနဲ့ ဖျား ဖျားနာနေတတ်တဲ့ သူပါ။
လူခါး
05.09.2016:mon;03:03pm
့
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment