Monday 1 May 2017

ဂျပန်တောင်သူနဲ့ မြန်မာတောင်သူ



ကျွန်တော်နေတဲ့အဆောင်ခေါင်းရင်းဘက်မှာ စိုက်ခင်းတစ်ခုရှိတယ်။ အဲဒီစိုက်ခင်းကို အမြဲတမ်းထွန်ယက်စိုက်ပျိုးနေတာက အသက်
၇၀ကျော်လောက်ရှိတဲ့ ဂျပန်အဖွားအိုတစ်ဦး။ ကျွန်တော်က မနက် ၆ နာရီဆိုထပြီး အလုပ်သွားဖို့ ပြင်ဆင်ရတယ်။ ကျွန်တော် အိပ်ယာထချိန်တိုင်း
အဲဒီအဖွားက လက်တွန်းထွန်စက်ကလေးနဲ့ ထွန်နေပြီ။ ပထမတော့ သတိမထားမိသေးဘူး။ ရက်တွေကြာလာလေမှ အဲဒီအဖွားရဲ့ အလုပ်ချိန်ကို သတိ
ထားမိလာတယ်။ ဘယ်တော့မှ ကျွန်တော့်ထက်နောက်ကျတယ်မရှိဘူး။ အဖွားကချည်းစောနေတတ်တယ်။ အမြဲတမ်းလည်းတစ်ယောက်တည်းပဲ။

ဒီနေ့ တော့ အလုပ်ပိတ်ရက်ဖြစ်တာနဲ့ ၆ နာရီမထဘဲ ကျွန်တော်နှပ်နေမိတယ်။ ဒါပေမယ့် အဖွားရဲ့ စက်သံကို ကြားနေရတယ်။ တဒုတ်..ဒုတ်
နဲ့ ပေါ့။ ကြာတော့ ကျွန်တော် မနေနိုင်တော့ဘူး။ ခေါင်းရင်းတံခါးကိုဖွင့်ပြီး အဖွားကို ငေးနေမိတယ်။ အဖွားက နေဒဏ်ကိုခံနိုင်အောင်လို့ ထင်ပါရဲ့ ။
ပဝါလေးကို ခေါင်းနဲ့ မျက်နှာကာအောင် စည်းထားပြီး အဝတ်ဦးထုပ်ကိုဆောင်းထားတယ်။ ခါးက ကိုင်းနေပါပြီ။ ဒါပေမယ့် အဖွားရဲ့ လှုပ်ရှားမှုကို ကြည့်
နေရတာ အားမာန်အပြည့်ပဲ။ တစ်ချက်ကလေးမှ တွန့် သွား အားပျော့သွားတာမတွေ့ ရဘူး။ ကျွန်တော် အကြာကြီးငေးနေမိတယ်။ ငေးရင်းတွေးနေမိ
တယ်ဆိုရင်ပိုမှန်ပါ့လိမ့်မယ်။

သြော်..ဂျပန်က အဖွားတွေ အဖိုးတွေများ ဒီအရွယ်ထိအောင်တောင် အလုပ်လုပ်ပါလား။ ဒါကြောင့်လည်း သူတို့ ဂျပန်နိုင်ငံကြီးတိုးတက်တာပေါ့.
စသဖြင့်ပေါ့။ ကျွန်တော့်အတွေးက အဲဒီမှာတင်ရပ်မသွားခဲ့ဘူး။ သူတို့ ကိုချီးမွမ်းရင်း ကိုယ့်ဆီက အဖိုး အဖွားတွေကို လှမ်းပြီး ပြစ်တင်ပြောဆိုနေမိတယ်။
ငါဆို့ ဆီက အဖိုး အဖွားတွေကျ အသက်ကလေးရတာနဲ့ မြေးချီ ၊ ဥပုသ်စောင့်နဲ့ အချိန်ကုန်နေတာပဲလို့ ။ ငါဆို့ ဆီက အဖိုးအဖွားတွေသာ ဂျပန်က အဖိုး
အဖွားတွေလို အလုပ်ကို ကြိုးစားလုပ်ရင် ငါတို့ နိုင်ငံလည်း တိုးတက်မှာပဲလို့ .ကျွန်တော်တွေးနေတာ။

အဲဒီအချိန်မှာပဲ viber ကနေ စာဝင်လာတဲ့ အချက်ပေးသံကြားလို့ ကြည့်လိုက်တော့ စာမဟုတ်ပါဘူး ။ ဓာတ်ပုံ ။ ဓာတ်ပုံလေးနှစ်ပုံပါ။ ပုံထဲ
မှာက ကျွန်တော်တို့ ငယ်ငယ်က ရွာဆော်ကြီးဖြစ်တဲ့ ဘိုးထွန်းကြည်လို့ ကျွန်တော်တို့ ခေါ်တဲ့ ဘိုးထွန်းကြည်ပါ။ ပုံက ဘိုးထွန်းကြည် သစ်ပင်တစ်ပင်ကို
တက်နေတဲ့ပုံပါ။ ပုံပို့ ပေးတဲ့ လေးလေးကံငြိမ်းကို ..ဘိုးက ဘာလုပ်နေတာလဲ..လေးလေး...လို့ မေးလိုက်တော့ ..မန်ကျည်းရွက်တက်ခူးနေတာတဲ့ ။
ဟာ..ကနဲ ကွ်ျတော်အံ့သြသွားတယ်။ ဘိုးက အသက်ဘယ်လောက် ရှိပြီလဲဆိုတော့ ၈၉ နှစ်တဲ့။

လေးလေးကံငြိမ်းရဲ့ စာတွေကို ဖတ်ရင်း ကျွန်တော် ငိုင်နေမိတယ်။ ၈၉ နှစ်၊ သန်တုန်း မြန်တုန်းအလုပ်လုပ်တုန်း ။ မန်ကျည်းပင်တက်ပြီး
မန်ကျည်းရွာက်ခူးတုန်း။ ပြီးတော့ ကျွန်တော်ကြုံဖူးတဲ့ ဘိုး ရဲ့ လျှင်မြန်ဖျတ်လတ်မှုတစ်ခုကိုလည်း သွားသတိရမိသေးတယ်။ ကျွန်တော်ငယ်ငယ်က အဖေက ရွာလူကြီးပေါ့ ။ဘိုးက ရွာဆော်။ အဲဒီခေတ်က ရွာဆော်က ဘာတွေလုပ်ရသလဲဆိုရင် မြို့ နယ်က အဖွဲ့ အစည်းတွေလာရင် အစစအရာရာစီစဉ်ပေးရတယ်။ လူစုဖို့ အော်ပေးရတယ်။ ဟင်းချက်စရာ လုပ်ပေးရတာမျိုးလည်းပါတယ်။

တစ်နေ့ တော့ မြို့ ကအဖွဲ့ တစ်ဖွဲ့ ရောက်လာတာနဲ့ ဘိုး အိမ်ရောက်ချလာတယ်။ အဖေက ထွေးလေး ဟင်းချက်စရာ လုပ်ပါဦးလို့ ပြောလိုက်
တာနဲ့ ဘိုးက လှည်းထမ်းပိုးတုန်းက ထမ်းပိုးကြီးတစ်ချောင်းယူပြီး အိမ်မှာမွေးထားတဲ့ ကြက်တစ်ကောင်ကို ပစ်တော့တာပဲ။ ပစ်တော့တာပဲဆိုပေမယ့်
တန်းမပစ်ဘူး။တန်းပစ်လို့ လည်းမရဘူးလေ။ ကျွန်တော်တို့ အိမ်က ကြက်တွေက လူများများဝင်လာရင်သိနေကြပြီ။ တစ်ကောင်ကောင်တော့ ဟင်းအိုး
ထဲရောက်တော့မယ်ဆိုတာ။ ပြေးကြတာမှ လှစ်နေတာပဲ။ ဘိုးက အချက်ကောင်းကိုစောင့်နေတာ။ ကျွန်တော်ကလည်း ခပ်လှမ်းလှမ်းက အသာကြည့်
နေတာ။ အဲဒီအချိန်ကြက်ဖလေးတစ်ကောင်က ဘိုးရှေ့ ဝါးနှစ်ရိုက်လောက်ကနေ အလန့် တကြားဖြတ်ပြေးပါလေရော။ ဘိုး လက်ထဲက ထမ်းပိုးကြီးက
ဝှစ်ခနဲ ပြေးထွက်သွားပြီး ကြက်က နေရာမှာတင် တုံးခနဲ လဲသွားတယ်။ ဘိုး ကြက်ကို သွားကောက်ပြီး ပြန်လာတော့ ကြက်က ခေါင်းမပါတော့ဘူး။
ဘိုး ပစ်လိုက်တာ လက်ဆဘယ်လောက်မှန်သလဲ အားပါသလဲဆို ကြက်ခေါင်းကို ပြုတ်ထွက်သွားတဲ့ အထိပေါ့။

လေးလေးကံငြိမ်း ပို့ ပေးတဲ့ ဘိုးရဲ့ ဓာတ်ပုံကို ကြည့်ရင်း ကျွန်တော် နောင်တရမိသွားတယ်။ အသက် ၈၉ နှစ်အထိ မန်ကျည်းပင်တက်နေ
တုန်း ဘိုးကိုအားနာသွားတယ်။ ကျွန်တော်တို့ ဆီက အဖိုးအဖွားတွေက အသက်ကလေးရလာတာနဲ့  အလုပ်မလုပ်ချင်ကြတော့ဘူးဆိုတဲ့ ခါးသီးတဲ့ အတွေးကို ပြန်မုန်းသွားတယ်။ ဘိုးလက်ထဲကို သာ လယ်ထွန်စက်ကလေးတစ်လုံးထည့်ပေးထားရင်လို့ လည်း တွေး မိတယ်။ ဘိုးတို့ အရွယ်တွေ ကျွန်
တော်တို့ ရွာမှာ ခုထိ ဖိနပ်ချွတ်နဲ့ ထွန်နောက်လိုက်နေရတုန်းဆိုတာကို သတိရမိတယ်။

ပြီးတော့ ကျွန်တော် ကြုံရတဲ့ ဂျပန်က စိုက်ပျိုးရေးလုပ်သူတွေကို ပြန်မြင်ယောင်ကြည့်နေမိတယ်။ ဂျပန်မှာ စပါး ဖြစ်စေ ၊ အခြား သီးပင်
စားပင် ဖြစ်စေ. စိုက်ပျိုးနေတာတွေ့ ရလေ့ရှိတာ အသက်ကြီးကြီး အဖိုးအဖွားတွေ များပါတယ်။ တခါတစ်လေ အဖိုးအဖွားနှစ်ယောက်၊ တခါတစ်လေ
တစ်ယောက်တည်း။ အမြဲတမ်းစက်တစ်လုံးနဲ့ အလုပ်ရှုပ်နေလေ့ရှိတယ်။ ကားကလေးနဲ့ လာမယ်။ စက်ကလေးနဲ့ ထွန်ယက်မယ်။ သာသာယာယာပါပဲ။သဘာဝဘေး အနှောက်အယှက်ကင်းတယ်။ အကောင်ပလောင်တွေ ဝင်စားမှာမပူရဘူး။ မိုးလေဝသ မမျှော်ရဘူး။ လယ်ထဲယာထဲအထိ ကားနဲ့ ဝင်နိုင်ထွက်နိုင်တယ်။ နေ့ မကူး အချိန်မကူးဘဲ ဈေးကွက်ထဲရောက်တယ်။ လယ်ယာ လုပ်နေရသော်လည်း ဘာကြောင့်မှ စိုးရိမ်စိတ်ဝင်စရာ မရှိဘူးလေ။ လုပ်ပျော်တယ်။ လယ်ယာကို ချစ်ခင်ရကျိုးနပ်တယ်။ လယ်ယာကို ဖက်တွယ်ထားချင်စိတ်ပြင်းပြစေတယ်။ လယ်ပိုင် ယာပိုင် ဘဝဟာ မက်မောစရာပေါ့။

ဂျပန်မှာ ကားတစ်စီးကို လက်ငင်းဖြစ်ဖြစ်အကြွေးနဲ့ ဖြစ်ဖြစ်အချိန်မရွေး နေရာ မရွေးဝယ်လို့ ရတယ်။ မြေတစ်ကွက်ကို ဝယ်နိုင်တဲ့လူ ပိုင်နိုင်တဲ့သူ
ပိုင်ခွင့်ရတဲ့လူဟာ အင်မတန်ရှားတယ်။ မြေတစ်ကွက်ပိုင်ထားရင် ရတနာသိုက်တစ်ခုကို ပိုင်ထားသလိုနေပါတယ်။

ကျွန်တော်တို့ ဆီမှာက တစ်မိသားစုလုံး လယ်ယာထွက်လုပ်လို့ တောင် အရင်းပြန်မရတတ်ဘူး။ အကြွေးသာပိတယ်။ တစ်မိုးကောင်းတစ်
ချောင်းစီးဆိုတာလည်း စာအုပ်ထဲမှာ ရှေးစကားပုံအဖြစ်နဲ့ ဆွေးမြေ့ နေတယ်။ လယ်ထဲ ယာထဲကို ကားနဲ့ မပြောနဲ့ ရွာနဲ့ မြို့ တောင် ကားလမ်းမရှိလို့ 
ဗွက်ဗရပွနဲ့ လှည်းနဲ့ လစ်နေရတုန်း။ လယ်ယာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဆိုပေမယ့် လယ်ယာ လုပ်သူက အဆင်းရဲဆုံးဖြစ်နေရတယ်။

ဘာတွေ လိုအပ်နေတယ် လို့ အော်ကြသူတွေရှိတယ်။ ဘယ်အချိန်မှ ရမယ်၊ ဖြစ်မယ် ။ မြို့ နေလူတန်းစား နဲ့ တောနေလူတန်းစား ဘယ်
တော့မှ တစ်တန်းတည်း ဖြစ်မယ် မသေချာ မသိရဘူး။ ချေးငွေလေးထုတ်ပေး အချိန်တန်ရင် အတိုးနဲ့ ပြန်ဆပ်။ ရေမရှိတဲ့ ဆည်တွေ တည်ဆောက် ။
ကိုယ့်လယ်ကန်သင်းမှာပေါက်တဲ့ သစ်ပင်ကို ခုတ်လှဲ ထွန်သွားလုပ် ထွန်ယက်နေရတဲ့ ကိုယ့်နိုင်ငံက တောင်သူတွေရဲ့ ဘဝကို မကယ်တင်နိုင်ဘဲ သူ
တပါးတိုင်းပြည်က စက်ကလေးတစ်လုံးနဲ့ ထွန်ယက်နေတဲ့ လယ်သမားတွေကို ကြည့်ပြီး အထင်ကြီးလေးစားမိတဲ့ ကျွန်တော် ရှက်ရှက်နဲ့ ပဲ ဒီစာကို
ရေးမိတယ်။ ရွာက လက်လှုပ်လို့ မှပါးစပ် ဝဝလင်လင်မလှုပ်ရတဲ့ တောင်သူလယ်သမားအားလုံးကို ကျွန်တော် ထင်မှားမိတယ်။ ဘာ့ကြောင့်ဆိုတဲ့ အ
ဖြေကို ကျွန်တော် ရလိုက်တယ်။ ဘယ်တော့လဲ...ဘယ်တော့မှလဲ ။

ကျွန်တော်တို့ တောင်သူလယ်သမားတွေရဲ့ ဘဝကို ပိတ်ကားကြီးပေါ်မှာ ရိုက်ပြ၊ အချို့ လူတန်းစားက လက်ခုပ်လက်မောင်းတီးအားပေး ခံနေ
ကြရတဲ့ ဘဝက အမြန်ဆုံးလွတ်မြောက်ပါစေ ဆိုတာက လွဲပြီး ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ဘူး။

လူခါး
4.29.2017, sat.
08.35 pm, JP

No comments: