Tuesday 19 May 2020

ဖိနပ်များ



(၁)

လိုင်စင်ရုံးကို ညိုမောင်ရောက်တော့ ၁၁ နာရီထိုးပြီ။ ကျဲကျဲတောက်ပူနေတဲ့နေကို အန်တုပြီး ညိုမောင်ရုံထဲကို ခပ်သုတ်သုတ်၀င်လာခဲ့တယ်။ ရုံးအ၀င်၀မှာ ရပ်နေကြတဲ့ ပွဲစားတွေထဲက တစ်ယောက်က ညိုမောင်ကို..

"ညီလေး လိုင်စင်လုပ်မလို့လား၊ လိုင်း၀င်မလား" ဆိုပြီး ကပ်မေးတယ်။ ညိုမောင်လည်း ''ဝင်ပြီးသားဗျ..''လို့ခပ်ပြတ်ပြတ် ပြန်ဖြေပြီး ရုံးထဲဆက်၀င်လာခဲ့တယ်။ ရုံးထဲမှာ လူတွေကတအား။

ညိုမောင်လည်း သူနဲ့ချိတ်ထားခဲ့တဲ့ ပွဲစားမနွယ်ဆီ သွားလိုက်တော့ မနွယ်က "ကွန်ပျူတာဖြေဖို့ ငွေသွင်းရမယ်" ဆိုပြီး ပိုက်ဆံသုံးထောင့်ငါးရာနဲ့ ကောင်တာမှာ တန်းစီ ခိုင်းတယ်။ ညိုမောင်လည်း တန်းစီလိုက်တယ်။ တန်းစီတဲ့နေရာမှာလည်း လူတွေက တအား။

လူငါးဆယ်လောက်ပြီးသွားမှ ညိုမောင်အလှည့်ကျလာတယ်။ ရုံးထဲက စာရေးမကြီးက ညိုမောင်ကို တစ်ချက်မော့ကြည့်ပြီး "မင်းက မနွယ်ရဲ့ လူလား" လို့မေးတယ်။ ညိုမောင်က ခေါင်းညိတ်ပြလိုက်တော့ စာရွက်က လေးတစ်ရွက်ပေးပြီး "ကွန်ပျူတာ ဖြေဖို့ သွား" တဲ့။

ညိုမောင်လည်း အဲဒီစာရွက်လေးကိုင်ပြီး ကွန်ပျူတာဖြေမယ့်အထပ်ကို တက်ခဲ့လိုက် တယ်။ ကွန်ပျူတာဖြေမယ့်နေရာမှာလည်း လူတွေက တအား။

ညိုမောင်လည်း လွတ်တဲ့ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်တယ်။ ညိုမောင်ဘေးမှာ ထိုင်နေတဲ့ လူကလည်း ညိုမောင်နဲ့ ရွယ်တူလောက်ပဲ။ ညိုမောင်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။

"ကွန်ပျူတာ ဖြေမလို့လား"

ညိုမောင်မေးလိုက်တော့ အဲဒီလူက မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြတယ်။

"ဟုတ်တယ်၊ ကွန်ပျူတာဖြေတာ သုံးရက်ရှိပြီ၊ မအောင်သေးဘူး"

ညိုမောင် စိတ်မကောင်းဖြစ်ရုံကလွဲပြီးဘာမှ မတတ်နိုင်ဘူး။ အသာနှုတ်ဆိတ်နေ လိုက်ရတယ်။

"ခင်ဗျား လိုင်း၀င်ထားလား"

အဲဒီလူက မေးလာတာနဲ့ ညိုမောင် ခေါင်းညိတ်ပြလိုက် ရတယ်။

"'ဒါဆို ခင်ဗျားက အောင်မှာပါ"

ညိုမောင်လည်း "အောင်ချင်တာပေါ့ဗျာ" လို့ပြောပြီး သူ့နာမည်ကို ခေါ်မယ့် အချိန် စောင့် နေလိုက်တယ်။ မကြာဘူး၊ ညိုမောင်အလှည့်ရောက်လာတယ်။ နာမည် ခေါ်တာနဲ့ အခန်းတစ်ခန်းထဲ ၀င်သွားရတယ်။ အခန်းထဲမှာလည်း လူတွေက တအား။

အထဲမှာ စက်နှစ်လုံး ရှိတယ်။ ကားနှစ်စီးပေါ့။ ပြပေးမယ့် ဆရာကလည်း နှစ်ယောက်ရှိနှင့် နေတယ်။ ဆရာနှစ်ယောက်က အထဲရောက်လာတဲ့ လူတွေကို နာမည်ခေါ်ပြီး တစ်၀က်စီ ခွဲလိုက်တော့ ညိုမောင်က စက်နံပါတ်နှစ်ကို ရောက်သွားတယ်။

ဆရာတွေက စက်ဖွင့်နည်း၊ လီဗာနင်းနည်း၊ ကလပ်ဖိနည်း၊ ဂီယာထည့်နည်းတွေ ရှင်းပြပြီး တစ်ယောက် တစ်လှည့်စီ မောင်းခိုင်းတော့တာပဲ။ တိုက်တဲ့ လူကတိုက်၊ မီးနီဖြတ်တဲ့ လူက ဖြတ်နဲ့ တစ်ယောက်မှ အဆင်ပြေတာ မတွေ့မိဘူး။ နောက်ဆုံး ညိုမောင် အလှည့်ရောက်လာတယ်။

ညိုမောင်လည်း ခပ်တည်တည်နဲ့ စက်ပေါ်တက် ထိုင်လိုက်တယ်။ ညိုမောင်မောင်း ရတာက မြို့အပြင် လမ်းမျိုး။ ဘေးမှာ လယ်ကွင်းတွေက စိမ်းနေကြတယ်။ စထွက် ကတည်းက တိုက်တာပဲ။ လိုင်းစည်းတွေကျော်၊ လူကူးမျဉ်းကျားမှာ ကူးနေတဲ့လူတွေတိုက်နဲ့ ညိုမောင် အလှည့်ပြီးသွားတယ်။

ဆရာက "ရော့" ဆိုပြီး စာရွက်တစ်ရွက်ပေးတာနဲ့ ယူပြီးအခန်းအပြင် ထွက်ခဲ့တယ်။ အပြင်ဘက်ရောက်မှ စာရွက်ကိုကြည့်လိုက်တော့ ညိုမောင်ရတဲ့အဖြေက " အောင်" တဲ့။

ညိုမောင် မအံ့သြမိဘူး။ ညိုမောင်ဖြေရတဲ့ စက်နံပါတ်နှစ်က လူတွေအကုန်လုံးက လိုင်း၀င်ထားတဲ့ လူတွေချည်းပဲလေ။ မောင်းတတ်တတ်၊ မမောင်းတတ်တတ်၊ အောင်တယ်။

စက်နံပါတ်တစ်က လူတွေကျတော့ လိုင်းမ၀င်တဲ့လူတွေ။ ဘယ်လောက်မောင်းတတ် မောင်းတတ်ခက်ခဲတဲ့ လမ်းတွေနဲ့ တွေ့တော့ ကျတဲ့လူကများတာပဲ။ အောင်လှ ဆယ် ယောက်မှာ သုံးယောက်ပေါ့။ လိုင်းသာ၀င်ထားလိုက်လို့ကတော့ ညိုမောင့်လို တစ်ရက်ပဲ။

ညိုမောင်လည်း ကွန်ပျူတာအောင်တဲ့ စာရွက်ကလေးကိုင်ပြီး လက်တွေ့မောင်းဖြေဖို့ သွားရပြန်တယ်။ အဲဒီနေရာရောက်တော့လည်း လူတွေကတအား။

" ပလပ်ဖောင်းနဲ့ တစ်ပေ ကွာ၊ ရှေ့ကားနောက်ကားမထိရ" ဆိုပြီး ဆရာတစ်ယောက်က လက်ချာရိုက်တယ်။ ညိုမောင်လည်း ဘာမှမမှတ်မိဘူး။

ပထမတော့ မှတ်မိသလိုလိုနဲ့ ကားပေါ်ရောက်တော့ မေ့သွားတာပဲ။ ညိုမောင် မောင်းရတာက ဟိုက်ဂျက်ကားလေး။ စထွက်ကတည်းက တားထားတဲ့တန်းကို တိုက်တာပဲ။ ဆရာ့က "ဟိုး ….ဟိုး ဆင်းတော့" တဲ့။ ညိုမောင်လည်း ကားပေါ်ကဆင်းပြီး ဆရာ့ဆီသွား လိုက်တော့ ဆရာက စာရွက်ကလေးတစ်ရွက်ပေးတယ်။ စာရွက်ကြည့်လိုက်တော့ "အောင်" တဲ့။

ညိုမောင်လည်း အဲဒီစာရွက်လေးကိုင်ပြီး ပွဲစားမနွယ်ဆီသွားလိုက်တော့ မနွယ်က "နင် လိုင်စင်ရပြီ၊ ကား ရှာတော့" တဲ့။
***************************

(၂)

ပတ်စ်ပို့ရုံးကို ထွေးညိုရောက်သွားတော့ အ၀င်၀မှာ စောင့်နေတဲ့ ပွဲစားဦးလေးကြီးက ထွေးညိုကို ရုံးထဲခေါ်လာတယ်။ ငွေသွင်း၊ ဖြတ်ပိုင်းဖြတ်၊ အကုန်လုံး ဦးလေးကြီးကချည်း လုပ်သွားတာပဲ။ ထွေးညိုကို လုပ်စရာမလိုဘူး။ ထွေးညို ၀မ်းသာလိုက်တဲ့ဖြစ်ခြင်း။

ဟုတ်တယ်လေ။ ထွေးညိုပတ်စ်ပို့က မလေးရှားမှာ အလုပ်သွားတုန်းက သူဌေး ကညစ်ပြီး ပြန်မပေးလို့ အိုဗာစတေးဖြစ်ခဲ့ရပြီး ပြန်လုပ်ဖို့ တော်တော်ခက်နေတာ။ အခုပွဲစား ဦးလေးကြီးကချည်း ဒိုင်ခံလုပ်ပေးနေတော့ ထွေးညို ၀မ်းသာရတာပေါ့။

ထွေးညိုကိုယ်တိုင် လုပ်ရတာဆိုလို့ တစ်နေရာပဲရှိတယ်။ အဲဒါက ဓာတ်ပုံရိုက် ရတဲ့နေရာ။ အဲဒီနေရာမှာ လက်မှတ်ထိုး၊ လက်ဗွေရိုက်ပြီး ကင်မရာရှေ့ ခေါင်းထိုးပေးလိုက် တာနဲ့ ထွေးညိုအလုပ်က ပြီးပြီ။

ထွေးညို အဲဒါတွေလုပ်နေတုန်း ပွဲစားဦးလေးကြီးက စားပွဲမှာထိုင်နေတဲ့ အရာရှိကြီးကို ငါးထောင်တန်တစ်လိပ် ထိုးပေးတာမြင်လိုက်တယ်။ ထွေးညို စိတ်မ၀င်စား ပါဘူး။ ထွေးညိုပေးရတဲ့ တစ်သိန်းခွဲထဲက ဟိုလူကြီးကို ဘယ်လောက်ပေးရသလဲဆိုတာ ထွေးညို စိတ်မ၀င်စားပါဘူး။

ထွေးညို စိတ်၀င်စားတာက ပတ်စပို့စာအုပ်ရဖို့ပဲ။ စာအုပ်ရရင် ထွေးညို ထိုင်၀မ်သွားမယ်။ ထိုင်၀မ်မှာ တစ်လ မြန်မာငွေ ငါးသိန်း လောက်ရတယ်တဲ့။ အလုပ်ကလည်း ဘာမှသိပ်လုပ်ရမှာ မဟုတ်ဘူး။ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ် ဒါပဲ။

အဲဒီလောက်ကတော့ ထွေးညို လုပ်နိုင်ပါတယ်။ ထွေးညိုတို့ သန်လျင်မှာဆို ဒီထက်ပိုလုပ်ရတာမဟုတ်လား။ မြွေတွေ၊ ကင်းတွေလည်း ကြောက်ရသေး။ တစ်ခုတော့ ရှိတာပေါ့။ အိမ်ဖော်ဆိုတဲ့ နာမည်က

တော့ ဆိုးတာပေါ့။

အစကတော့ နောက်ထပ် ဘယ်တော့မှ သူများနိုင်ငံမှာ အလုပ်သွားမလုပ် တော့ဘူးလို့ ထွေးညို တွေးထားတာ။ ဒါပေမဲ့ တကယ့် တကယ် အခွင့်အရေးရ လာတော့ ထွေးညို လက်မလွှတ်ချင်ဘူး။ ရလာတဲ့ အခွင့်အရေးကို အမိအရယူချင်တယ်။

ပြီးတော့ ဒီတစ်ခါသွားရတာ အရင်သွားဖူးတဲ့နိုင်ငံလို ပွဲစားလိမ်မှာတို့၊ သူဌေးအနိုင်ကျင့်မှာတို့ မကြောက်ရဘူး။ ဒီတစ်ခါက အစိုးရက သေချာစိစစ်ပြီး လွှတ်မှာ။အစိုးရက စေတနာဗရပွနဲ့ အခွင့်အရေးပေးတာတောင် မယူတတ်ရင် ထွေးညိုလောက်မိုက်တဲ့လူ ရှိပါဦးမလား။

ဒါကြောင့် အဖေနဲ့ အမေကို အတင်းပူဆာပြီး ထွေးညို ထိုင်၀မ်သွားဖို့ စွန့်စားခဲ့တာ။ ခုတော့ အောင်မြင်ပြီ။ ထွေးညို ပတ်စပို့စ်စာအုပ်ရရင် ထွေးညို စိတ်ကူးထားတဲ့ မိသားစုအိပ်မက်ကို ထွေးညို အကောင်အထည်ဖော်ဖို့ ကြိုးစားမယ်။ဟုတ်တယ်။ ထွေးညို ကြိုးစားမယ်။
****************************

(၃)

လေယာဉ်ကွင်းမှာ လူတွေက တအား။ ညိုမောင်က သူ့ရဲ့ကားလေးကို ရပ်ပြီးကားပေါ်က ဆင်းလိုက်တယ်။ ကားပေါ်က နောက်ထပ်ဆင်းလာတာက ထွေးညိုနဲ့ဆွေမျိုးတစ်သိုက်။ ထွေးညိုက တက်ကြွနေသလောက် ကျန်တဲ့လူတွေက နှုတ်ဆိတ်နေကြတယ်။

ပစ္စည်းတွေချပြီးသွားတော့ ထွေးညိုအနားကို ညိုမောင် ကပ်သွားလိုက်တယ်။

''နင် ပြန်လာမယ့်အချိန်ကို ငါ စောင့်နေမယ်နော် ထွေးညို''

ထွေးညိုက ညိုမောင့်ကို ခေါင်းတစ်ချက်ညိတ်ပြတယ်။ နှစ်ယောက်သားဟာ

တစ်ခါမှမတွေ့ဖူးသလို တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြတယ်။

အဲဒီအချိန် ညိုမောင့်ကားနောက်မှာ ပိတ်မိနေတဲ့ ကားကြီးဆီက ဟွန်းသံ 'တပွမ်ပွမ်' ထွက်လာတယ်။ ညိုမောင်လည်း ကားပေါ် ကမန်းကတန်းပြန်တက်လာပြီး လမ်းဖယ်ပေးလိုက်ရတယ်။

အဲဒီတော့မှ မှန်အမည်းတွေနဲ့ ကားကြီးထဲက လက်တစ်ဖက်ထုတ်ပြပြီး ညိုမောင်တို့ကားဘေးကနေ 'ဝူး' ခနဲ အရှိန်နဲ့ မောင်းထွက်သွားတယ်။

အဲဒီကားဟာ စင်ကာပူမှာ ကျောင်းသွားတက်ပြီး ပြန်လာတဲ့ တစ်ဦးတည်းသောသားကို လာကြိုတဲ့ ပတ်စပို့စ်ရုံးက အရာရှိကြီးနဲ့လိုင်စင်ရုံးက စာရေးမကြီးတို့ရဲ့ကားမှန်း ညိုမောင်ရော၊ ထွေးညိုပါ လုံး၀မသိလိုက်ကြဘူး။
**************************

လူခါး

(ရွှေအမြုတေ၊ စက်တင်ဘာ၊ ၂၀၁၆)





No comments: