Saturday, 21 May 2022

အဖေနဲ့အမေရဲ့ ချစ်ပုံပြင်



အဖေ့နာမည်က ဦးစိုးဆင့်တဲ့။ သူနဲ့ရွယ်တူတွေကတော့ ဘိုစိုးခေါ်တဲ့လူနဲ့ ခေါင်းကြီး ခေါ်တဲ့လူနဲ့ ခေါ်ချင်သလို ခေါ်ကြတာပဲ။ အဖေကလည်း ဘယ်လိုခေါ်ခေါ် ထူးတာပဲ။


အဖေက ရှစ်တန်းနဲ့ ကျောင်း ထွက်ခဲ့ရတာ။ အဖေတို့ ၈ တန်းနှစ်က ၈တန်းကျောင်းသားတွေ အကုန်လုံးကျလို့ တယောက်တည်း ကွက်အောင်တဲ့ အဖေ့ကိုပါ ကျောင်းအုပ်ဆရာကြီးက ချပစ်လို့ ဘကြီး(အဖေ့အဖေ)က စိတ်ဆိုးပြီး ကျောင်းဆက်မထားတော့တာလို့ ကြားဖူးတယ်။ ကျောင်းထားပါ၊ အောင်တဲ့အတိုင်း အတန်းပေးတက်ပါ့မယ်လို့ ကျောင်းအုပ်ဆရာကြီးက လာတောင်းပန်တာတောင် ဘကြီးက မထားတော့တာတဲ့။ ဘာတတ်နိုင်မလဲ အဖေတယောက် ပညာရေး အဲဒီမှာ ကုန်တာပေါ့။


အဖေ့ရဲ့အဖေ ကျနော့် ဘကြီးနာမည်က ဦးစောမောင်တဲ့။  သမဝါယမ လူကြီးပေါ့။ ဘကြီးမှာ သားသမီး ၉ယောက် ရှိရာကနေ ၁ယောက်က ဆုံးသွားတော့ ၈ ယောက်ပဲ ကျန်တယ်။ ရှစ်ယောက်ထဲမှာမှ အဖေက ၅ယောက်မြောက်သားပေါ့။


ကျောင်းဆက်မထားတဲ့ အဖေဟာ ကျောင်းနဲ့ဝေးကတည်းက တောင်သူလုပ်ရတယ်။ တောင်သူဆိုလို့ ပေါ့ပေ့ါပါးပါးမဟုတ်ဘူး။ မျိုးရိုးစဉ်ဆက်ပိုင်တဲ့ လက်ညှိုးထိုး မလွဲတဲ့ လယ်ယာမြေတွေကို ဦးစီး ဦးကိုင်လုပ်ရတာ။ တောင်သူ လုပ်ရတော့လည်း အလုပ်လုပ်တဲ့နေရာမှာတော့ စိတ်ရှည် ဇွဲသန်တယ်လို့ အဖေက နာမည်ကြီးတယ်။ မနက်မလင်းခင် အိမ်ကထွက် နေကုန်မှ ပြန်ပြန်လာတတ်လို့ တချို့လူငှားတွေဆို အဖေနဲ့ အလုပ်မလုပ်ချင်ကြဘူး။ ရှောင်ကြတယ်။ 


ကျနော် ဂျပန်ရောက်မှ သတိထားမိတာ အဖေအလုပ်လုပ်ပုံက ဂျပန်လူမျိုးတွေအတိုင်းပဲ။ နေပူပူ မိုးရွာရွာ လေတိုက်တိုက် လုပ်လက်စအလုပ်တော့ ပြီးအောင် အောင်မြင်အောင် လုပ်တတ်တယ်။ လူကြီးတယောက်ပြောတာ ကြားဖူးတယ်။ မင်းအဖေနဲ့ အလုပ်လုပ်ရတာ လူတွေတင်မကဘူး နွားတွေပါ မစားသာဘူးတဲ့။ ကြည့်ပါလား နကန်နဲ့ မရိုက်ပဲ ထိုးထိုးပြီး ချော့ခိုင်းနေတာ။ ဘယ်လောက်ဝတဲ့ နွားဖြစ်ဖြစ် မင်းအေဖလက်ထဲရောက် ပိန်သွားတာပဲတဲ့။ ဘယ်လောက်ကျွေးကျွေးမဝဘူးတဲ့။ ပြောရင်လည်း ပြောချင်စရာပဲ။ အဖေ့လက်ထဲရောက်လာတဲ့နွား ဒဏ်မခံနိုင်တာများတယ်။ ဒါက အဖေ့အကြောင်းပေါ့။


အမေ့ အကြာင်း ပြောဦးမယ်။ အမေ့နာမည်က ဒေါ်မြအုံးတဲ့။ ကြီးတဲ့သူတွေက မြအုံး၊ ငယ်တဲ့သူတွေက မမြအုံး၊ ရွယ်တူတွေကတော့ မြအုံးပေါ့လေ။ ကျနော် ရွာမှ မူလန်းတက်တော့ သူငယ်ချင်းတွေက ပါးစပ်ကနေ အုံးဘိန်းလို့ ရွာဦးကျောင်းက အုန်းမောင်းခေါက်သလို အော်ရင် အမေ့ကို ဆဲတယ်လို့ ထင်ပြီး ငိုတာပဲ။ အမေက ခဏခဏ ချော့ချော့ပြီး ကျောင်းပြန်လိုက်ပို့ရတယ်။ 


အမေက ချောတယ်။ ငယ်ငယ်ကဆို ခင်သန်းနုတို့ လှ ဆိုတာ အမေ့ ဘယ်မီမလဲ။ မျက်လုံးရွှန်းရွှန်းတွေနဲ့။ အသားညိုချောချောတဲ့ အမေပေါ့လေ။ (ကျနော်က အမေ့တူတာ-ဟီး) ။အမေ့ကို မွေးပြီး မီးတွင်းထဲမှာပဲ အမေ့အမေဟာ ဆုံးတယ်။ ဒီတော့ အမေက မိတဆိုးလေးပေါ့။


အမေ့အဖေက ဦးကျော်သိန်းတဲ့။ ကျနော်တို့ကတော့ ဘကျော်လို့ပဲ ခေါ်ကြတယ်။ တရွာလုံးက ဦးကျော်တဲ့။ တောင်သူ သက်သက်ပဲ။ အတော်သန်မြန်တဲ့ လူတယောက်ပေါ့။ အမေ့ကို အတော်ချစ်တယ်။ အမေ့ကို မြအုံးတဲ့။ အမေကကျတော့ ဘကျော်ကို အဖေလို့ မခေါ်ဘူး။ မောင်မောင်..တဲ့။ အဲသလို သား အဖမျိုး။


ဘကျော်က ရွာ့အလိုဆို ခပ်ဆတ်ဆတ်ပေါ့။ မဟုတ်မခံ။ လက်မြန်ခြေမြန်ပေါ့။ သူ့သမီးလေး တယောက်တည်းရှိတော့ သိပ်ချစ်တာပေါ့။ အလို လိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် အမေပြောရင် ဘကျော်က အငြိမ်းတဲ့။


ကျနော်တို့အရွယ်ရောက်တဲ့အထိ ဘကျော်က ဘုန်းကြီးကျောင်းတွေ ဘာတွေ သွားလေ့မရှိဘူး။ ကိုကျော် ခင်ဗျား သီလယူ မသွားဘူးလားလို့ မေးရင် ငါ့မှာ သီလရှိပြီးသား လို့ ခပ်ပြုံးပြုံး ပြန်ဖြေတတ်သတဲ့။


တခါသား ကျနော် အနောက်ကုန်းအရပ် ထန်းပင်ပေါတဲ့ ဆီက ပြန်လာတော့ ထန်းရည်ကို  ဘူးလိုက် မချလာခဲ့ဖူးတယ်။ အဘနဲ့ သောက်ဖို့ပေါ့လေ။အဘအိမ်ရောက်လို့ ဘူးဖွင့်တော့ အဘက ဟ ခဏနေဦးဆိုပြီး တခုခုရှာတာ ဘာပါလာသလဲ ဆိုတော့ လက်ထဲမှာ အုန်းမှုတ်ခွက်ဗျ။ ထရေဆိုတာ အုန်းမှုတ်ခွက်နဲ့ သောက်မှ အရသာ ရှိတာကွတဲ့။ အဲ့နေ့က အဘနဲ့ ထရေ အတူသောက်ရတာတော့တကယ့် အမှတ်တရပဲ။ အဘက သူချစ်ရင် မြေးအဖိုးလည်း ဘော်ဒါလို ပေါင်းတာ။ သူ မချစ်ရင်တော့ လေးခွတပစ်လောက်ကနေ ရှောင်ပေရော့ပဲ။ အဘက  အဲသလို လူမျိုး။ 


အဲဒီလို စိတ်ကလေး ခပ်ဆတ်ဆတ် ရှိတဲ့ အဘရဲ့ သမီးနဲ့ သမလူကြီးရဲ့သား အဖနဲ့ ရွာဓလေ့ ကြိုက်ကြပါလေရောဗျိုး။ ကြိုက်သာ ကြိုက်ကြတာ  မတွေ့ရဘူးနဲ့ တူပါရဲ့ ။ အဘကို ကြောက်ရတာကိုး။ ကြားထဲ ခိုးတွေ့ဘာညာတော့ ရှိနိုင်ပေမယ့် ကျနော်မသိဘူး။ ကျနော်မှ မမွေးသေးတာကိုး။ အဲ ကျနော် ပြောချင်တာက အဲဒီ ကျနော် မမွေးသေးပေမယ့် သိနေခဲ့တဲ့ အမြဲလွမ်းနေ သတိရနေတတ်တဲ့အဖေနဲ့ အမေ့ရဲ့ မေတ္တာဇာတ်လမ်းလေး အကြောင်းပေါ့။


ဇာတ်လမ်းက ဒီလို။ အဖေဟာ သူ့အဖေ သမလူကြီးကမြှောက်ပေးလို့ လူဆတ်ကြီး ဘကျော်ရဲ့ သမီးကိုခိုးယူခဲ့သတဲ့ဗျာ။ သမီးလေးက တယောက်တည်း ၊ မိတဆိုးလေး။ အဲသလို သမီးကို ခိုးယူတယ်ဆိုတော့ လူဆတ်ကြီး ဘကျော် ဒေါသူပုန်ထတာပေါ့။ ဘယ်သူက လာပြောပြော အုပ်လက်မခံဘူး ငြင်းသတဲ့။ အုပ်ဆိုတာ ကျနော်တို့ အညာဘက်အခေါ် ကန်တော့အုပ်ကို အတိုကောက် ခေါ်ကြတာရယ်။ သမလူကြီး အဖေ့ အဖေက ရွာထဲက ရင်းနီးသမျှ လူတွေ လွှတ်တာပေါ့။ ကလေးတွေလည်း မှားတာက မှားပြီးနေပြီ။ မိဘတယောက် အနေနဲ့ အုပ်လက်ခံပါပေါ့။ သူပဲ မြှောက်ပေးပြီး သူပဲလူလွှတ်ချော့တာပေါ့ဗျာ။ ဒါပေမဲ့ ဘကျော်ပဲဗျာ။ နိုးပဲ။ လက်မခံဘူး။ ငါ့သမီး ငါ့ပြန်ပေး။ ကျော်ဟိန်း စတိုင်လ်ပေါ့ဗျာ။ 


သမလူကြီး ဘစောမောင်ကလည်း လက်မရှော့ဘူး။ ဟိုလူ့လွှတ် ဒီလူ့လွှတ်နဲ့ နောက်ဆုံး ရွာထဲက ဦးကြီးမောင် ဒေါ်သန်းကြည်ဆိုတဲ့ ရွာရဲ့ ဩဇာအကြီးဆုံး လင်မယားကျမှပဲ နားချလို့ ရတော့သတဲ့။ ဦးကြီးမောင် လင်မယားဆိုတာကလည်း ရွာထဲမှာ အိမ်ကြီး ရခိုင်နဲ့ လယ်နဲ့ ယာနဲ့ သားသမီး အစီးအပွားနဲ့ နေတော့ ရပ်ရွာက လေးစား နာခံရတဲ့ လူကြီးသူမတွေပေါ့လေ။ သူတို့နားချမှပဲ ဘကျော်လို လူဆိုး လူဆတ်ကြီးက နားဝင်တယ် ဆိုတော့ သူတို့ဩဇာ တွက်သာ ကြည့်တော့။


အဲသလိုနဲ့ မင်္ဂလာ အုပ်တင်တဲ့နေ့ ရောက်ကရောဗျိုး။ 


ဒီနေရာမှာ ကျနော်တို့ရွာကြောင်းပြောမှ ရတော့မယ်။ ကျနော်တို့ရွာက အိုင်တိုတဲ့။ တောင်ရွာ မြောက်ရွာဆိုပြီး နှစ်ရွာ ရှိတာ။ အမေ့ရဲ့အဖေဘကျော်က မြောက်ရွာက။ အဖေ့ရဲ့အဖေ ဘစောမောင်က တောင်ရွာက။ မြောက်ရွာသူကို တောင်ရွာသားက စခန်းသိမ်းတိုက်ပွဲဆင်နွှဲတယ်ပေါ့ဗျာ။ ဘကျော်တယောက် စိတ်ဆိုးတာဟာ ကြားထဲက ကာလသားတွေ မြှောက်ပေးတာလည်း ပါမှာပေါ့။ 


ထားပါ။ ပြောချင်တာက ရွာနှစ်ရွာက လမ်းလျှောက်ရင် မိနစ်နှစ်ဆယ်လောက်ဝေးတယ်။ ရွာနှစ်ရွာ ကြားထဲမှာက လယ်ကွင်းတွေပေါ့ဗျာ။ သစ်ပင် ဝါးပင် သိပ်မရှိဘူး။ အရှင်းကြီး။


အဲ ..မင်္ဂလာအုပ် လက်မခံခင် ဦးကြီးမောင်တို့ လင်မယားက ဘကျော်ဆီက ကတိတောင်းသတဲ့။ လာကန်တော့ရင် ဘာမှ မလုပ်ရ။ မဆူရ၊ မငေါက်ရပေါ့ဗျာ။ ဘကျော်ကလည်း လက်ခံတယ်။ အိုကေပေါ့။ လာသာ လာခဲ့ပါပေ့ါ။ အဲသလိုနဲ့ အုပ်တင်တဲ့နေ့ရောက်လာတယ်။ 


ဘကျော်ရဲ့ အိမ်ဟာ အိမ်အောက်မှာ နွားချည်လို့ရတဲ့အထိ မြင့်တယ်။ လှေကား ၇ထစ်ရှိတဲ့အိမ်ပေါ့။ အိမ်ကြီး အိမ်ကောင်းထဲကပေါ့။ မင်္ဂလာ သတို့သား သတို့သမီးက ရှေ့ဆုံးမှာထိုင်တယ်။ သူတို့ရှေ့မှာ ဘကျော်က မိန့်မိန့်ကြီး။ မင်္ဂလာသတို့သား သတို့သမီးနောက်မှာက ဘစောမောင်တို့ အဖေ့အမေဒေါ်မြတို့၊ ဦးကြီးမောင် လင်မယား၊ ဩဇာရှိသူတွေ အစဉ်လိုက်ပေ့ါ။


အားလုံး လူစုံသည်အထိတော့ ဘကျော်က အေးဆေးပဲ။ ဦးကြီးမောင်က ကဲကဲ ကန်တော့..ကန်တော့ လို့ပြောလို့ အဖေနဲ့ အမေက ကုန်းလည်း ဦးချရော ဘကျော်က ရှေ့မှာချထားတဲ့ ကန်တော့ပွဲကို မတဲ့ပြီး ငါရိုးမဟာတွေဆိုပြီး လူအုပ်ကြီးကို ပစ်တော့တာပဲတဲ့။  ဘကျော်အကြောင်းသိတဲ့လူတွေကလည်း ဟဟ မလုပ်နဲ့ မလုပ်နဲ့ ဆိုပြီး ဘကျော်ကို အဆင်းဆွဲသတဲ့။ ကန်တော့ဖို့ လာတဲ့ လူအုပ်ကြီးဟာ မေ့မျောပြီး ငေးနေသတဲ့။ ဘကျော်က မရဘူး။ ဝုန်းဆို ထိုင်ရာကထပြီး အိမ်ထရံက ဓားကိုဆွဲမှ တအုပ်လုံး အိမ်ပေါ်က ဆင်းပြေးသတဲ့။ တချို့ လှေကား ၇ထစ်ကို ဘယ်လို အောက်ရောက်သွားမှန်းတောင် မသိလိုက်ဘူးတဲ့။ 


ငါရိုးမဟာတွေ..အကုန်သတ်ပစ်မယ်


ဘကျော်ဟာ မြိုသိပ်ထားရသမျှကို ဖွင့်ပြီး ဆဲလည်းဆဲ လက်ကလည်း ဓားကို ကိုင်ပြီး လိုက်သတဲ့။ တခု ကံကောင်းတာက အကုန်လုံးက အပြေးသန်တဲ့လူချည်းပဲတဲ့။  မပြေးနိုင်တာဆိုလို့ အဖေ့အမေ အမေကြီး ဒေါ်မြ တယောက်ပဲ ရှိသတဲ့။ ဒေါ်မြက ပြေးတဲ့အထဲ နောက်ဆုံးကပေါ့။ ဘကျော်က အော်တယ်။


မမြ..မပြေးနဲ့..ခင်ဗျားကို မသတ်ဘူး.။ ကျုပ်သမီး ကျုပ်သတ်မှာ၊ ကျုပ်သမီး ကျုပ်သတ်မှာ..တဲ့။


မြင်ကြည့်ပေါ့ဗျာ။ ရွာနှစ်ရွာကြားက လယ်ကွင်းထဲ မင်္ဂလာဆောင်အဝတ်အစားနဲ့ ပြေးနေတဲ့ လူအုပ်ကြီး။ သူတို့နောက် ဓားကိုင်ပြီး လိုက်နေတဲ့ ဘကျော်။ ရုပ်ရှင်ထဲမှာဆို အကယ်ဒမီ ရှော့ပေါ့။


ဒါပေမဲ့ အပြင်မှာတော့ မလွယ်ဘူး။ အကုန်လုံး အားကုန်သုတ်ပြေးကြတာပေါ့။ အဖေနဲ့ အမေကတော့ အားကောင်းမောင်းသန်အရွယ်ဆိုတော့ ဘယ်မှီမလဲ။ ပြေးရင်း ပြေးရင်း နောက်ဆုံးမှာ ကျန်နေတာက ဦးကြီးမောင်နဲ့ ဒေါ်သန်းကြည် လင်မယား။ အဘကို ချော့မော့ပြောဆိုတဲ့ လင်မယားပေါ့။ အသက်ကလည်းရ ကြောက်ကလည်းကြောက်နဲ့ ပြေးနေရပေမယ့် အဘလက်က ဘယ်လွတ်မလဲ။အဘကလည်း ဒေါသတကြီးနဲ့လိုက်၊ သူတို့ကလည်း သေရေးရှင်ရေး ပြေးပေါ့။


အဲဒီလိုပြေးနေတုန်း ဒေါ်သန်းကြည်က ဘာမပြော ညာမပြော ဆတ်ဆို ဘကျော်လိုက်လာနေတဲ့ နောက်ကို ပြန်ပြေးသတဲ့။ သူ့ယောက်ျား ဦးကြီးမောင်က စိုးရိမ်တကြီး အော်တာပေါ့။


ဟ မသန်းကြည်..လာလေ..ဘာလုပ်တာတုန်း..သေချင်လို့လား .ပေါ့။


အဲဒီမှာ ဒေါ်သန်းကြည် ပြန်ပြောတာက အောင်ပန်းကျနေလို့ တော်ရေ..အောင်ပန်း..တဲ့။


အောင်ပန်းဆိုတာက ကျနော်တို့ အညာမှာ မင်္ဂလာဆောင်ရင် မင်္ဂလာပွဲလာတဲ့လူတွေကို ဝေငှတဲ့ပန်းပေါ့။ ရေမွှေးပန်းလည်း ဖြစ်ချင် ဖြစ်မယ်။ သပြေခက်လေးလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ အဲဒီ အောင်ပန်းကိုခေါင်းအုံးထဲထည့်အိပ်ရင် လာဘ်ကောင်းတယ်ဆိုတဲ့ အယူရှိတယ်။


ဒေါ်သန်းကြည်က အဲဒီအောင်ပန်းကို ပြန်ကောက်တာ။


ဘကျော်က နောက်ကနေ ဓားဆွဲပြီး လိုက်လာနေတယ်။ လူတွေက အသက်လုပြေးနေရတယ်။ အဲဒီအချိန်မှာ အခုန အောင်ပန်းကို ဒေါ်သန်းကြည်က ပြန်ကောက်တော့ ဦးကြီးမောင်က အတော် ဒေါသထွက်သွားပြီး အော်ဆဲသတဲ့။


ငါရိုးအောင်ပန်း ရီးအောင်ပန်း..တဲ့။


အဖြစ်အပျက်ကလေးက အဲဒါပဲ။လူပြောသူပြောများတဲ့ အဲဒီဖြစ်ရပ်ကလေးကို ခုထိ မမေ့သေးဘူး။ ဘယ်တော့မှလည်း မေ့မှာ မဟုတ်ဘူး။ ကျနော်တို့ အညာမှာ သားသမီးက မိဘကို စနောက်လေ့ရှိတဲ့ အကြောင်းအရာတခုရှိတယ်။ အဖေနဲ့ အမေ မင်္ဂလာဆောင်တော့ ကျနော်က ဘယ်သွားနေလို့လဲ၊ ကျနော်လည်း မသိရပါလား ဆိုပြီးတော့ပေါ့။ ရုတ်တရက်ဆိုရင်တော့ ရယ်စရာပါပဲ။ အဖေနဲ့ အမေ မင်္ဂလာဆောင်တာ မမွေးသေးတဲ့ သားသမီးက ဘယ်လိုလုပ် သိရပါ့မလဲ ဆိုပြီးတော့။


ကျနော်ကတော့ ကံကောင်းခဲ့တယ်။ အဖေနဲ့ အမေ မင်္ဂလာဆောင်တုန်းက အကြောင်းကို ကျနော်သိခွင့်ရခဲ့တယ်။ ကျနော့်ရှေ့မှာ ချစ်သူစုံတွဲတတွဲ မင်္ဂလာဆောင်တိုင်း အဖေနဲ့ အမေ့အ​ကြောင်းကို ပြန်တွေးမိပြီး ကြည်နူးရတယ်။ မင်္ဂလာဆောင်က ပြန်လာသူတွေ ယပ်တောင်လေးဖြစ်ဖြစ် ပန်းခက်လေးဖြစ်ဖြစ် ကိုင်လာတာမြင်တိုင်း ဦးကြီးမောင်ရဲ့ ငါရိုးအောင်ပန်း ရီးအောင်ပန်း ဆိုတဲ့ ဆဲသံကြီးကို လွမ်းရတယ်။ 


ပြီးတော့ ခုချိန်ထိ မခွဲမခွာ ချစ်နေကြတဲ့ အဖေနဲ့ အမေ့ကို အားကျတယ်။ ဓားမိုးထားရက်နဲ့ တယောက်လက် တယောက် ဆုပ်ခဲ့ကြတဲ့ အဖေနဲ့ အမေ့ကို ချစ်တယ်။


                        လူခါး

          ၂၀၂၁၊၁၁၊၁၂၊ဂျပန်၊မနက်၈း၂၅။

No comments: