အဲဒီတုန်းက ကျနော်က မှတ်ပုံတင်လုပ်ဖို့ အရေးကြီးနေခဲ့
တာပေါ့။ အကြောင်းက နိုင်ငံခြားထွက်ဖို့လေ။ကျောင်းသား
ဘဝက မှတ်ပုံတင်ကို လူကြီးမှတ်ပုံတင်နဲ့ လဲရမှာ။ အဲဒါမှ
ထွက်လို့ ရမှာ။
ကျနော်နေတာက မြန်အောင်မှာ။ မှတ်ပုံတင်က မြို့သစ်-မကွေးမှာ။ ဒါနဲ့ပဲ မြို့သစ်ကို အားချင်းပြေးရ
တယ်။ မြို့သစ်ရောက်လို့ စုံစမ်းလိုက်တော့ ကြာမယ်
တဲ့။ ၂လ ၃ လကြာမယ်တဲ့။ ကျနော်လည်း ညစ်ညစ်နဲ့ သူငယ်ချင်း စစ်ဗိုလ်တယောက်ပြောဖူးတဲ့ အကြောင်းလေး ပြန်သတိရမိတယ်။
သူဆယ်တန်းအောင်လို့ ဗိုလ်လောင်းလျှောက်တုန်းက အကြောင်းလေး။ ဆယ်တန်းကို ၂၄၀ကျော်နဲ့ ကပ်အောင်တဲ့ သူငယ်ချင်းက ဗိုလ်လောင်းဝင်ခွင့်ဖြေဖို့ မှတ်ပုံတင်ပြောင်းတော့ ၂ လစောင့်ရသတဲ့။ဒါတောင် ဟိုပေး ဒီပေးလည်း ပေးရသေးတာတဲ့။
အဲ ဗိုလ်လောင်းဖြစ်ပြီး ပြန်လာတော့ ရပြီးသား မှတ်ပုံတင်ကို ပြန်လဲခိုင်းပြီး ၁ ပါတ်နဲ့ လိုချင်တယ်လို့ ပြောလိုက်တာ ချက်ချင်း ရသတဲ့။
အဲဒီအကြောင်းတွေးမိပြီး ကျနော်လည်း မြို့ကလေးမှာ ပါဝါရှိတဲ့လူ တယောက် ဘယ်သူဖြစ်မလဲ ဆိုပြီး လိုက်ရှာတာ နောက်ဆုံးမှာ အဖေ့ကို သွားတွေ့တာပဲ။
ဘာလို့ အဖေ့ကို သွားတွေ့သလဲဆိုတာ နည်းနည်းပြောဦးမယ်။ အဖေက သူ့လူရွယ်ဘဝ တလျှောက်လုံးကို
မြို့ကလေးက ဌာနဆိုင်ရာတွေကို ပေးထားခဲ့တာ မလား။
ရွာလူကြီး၊ဘဏ်ဥက္ကဌ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ နာယက ဘာညာ အတော်ကို စုံတာ။ စိုးဆင့်လို့ ပြောလိုက်ရင် လူ မမြင်ဖူးရင်တောင် နာမည်ကတော့ သိကြတာမျိုး။ လူရာဝင်ဆန့်တယ်ပြောပါတော့ဗျာ။
ဒါ့ကြောင့် ကျနော်က အဖေ့ကို မြင်တာ။ ခက်တာက ဟုတ် ဟုတ်ပါ့မလားလို့လည်း တွေးမိသေးတယ်။ ဘာလို့ဆို အဖေက ဟိုလူကြီး ဒီလူကြီးသာ လုပ်နေတာ အာဏာပါဝါပြပြီး အခွင့်ရေးယူဖို့ မပြောနဲ့ မွဲမွဲလာတာပဲ အဖတ်တင်ခဲ့တာမျိုး မဟုတ်လား။
အဖေနဲ့ခေတ်ပြိုင်တွေ လူကြီးလုပ်လို့ ကြီးပွါးလာချိန် အဖေ လူကြီးလုပ်ရင်တော့ နအုပ်လည်းပြုတ်၊ ဆိတ်အုပ်လည်း ပြုတ်၊ လယ်ယာလည်း ပြုတ်တာကိုး။
ဒါပေမဲ့ မရှိ ရှိတဲ့လူ ကပ်ရမှာပဲ တွေးပြီး အဖေ့ကို အကျိုးအကြောင်း ပြောပြတော့ အိုကေပဲ။ အဲ့ရုံးက ကောင်တွေ ငါ့လူတွေချည်းပဲ။ မင်းလည်း သိမှာပါ။ အိမ်မှာ မူးရူးစားသောက်သွားတဲ့ ကောင်တွေလေတဲ့။
အဲဒီတော့မှ ကျနော်လည်း ပြန်တွေးမိတယ်။ ဟုတ်သားလို့။ ရွာတွေမှာ လူကြီးတယောက် ဖြစ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ အိမ်ကလည်း ကျယ်မှ၊ လူသိလည်း များမှ၊ မိဘစဉ်ဆက် မျိုးရိုးလည်း ရှိမှ။
ဒါနဲ့ပဲ အဖေနဲ့ ကျနော်နဲ့ မှတ်ပုံတင်ရုံး ရောက်သွားပါလေရော။ ရောက်သွားတော့ အဖေပြောတဲ့ ငါ့လူတွေချည်းပဲ ဆိုတဲ့အထဲက တယောက်နဲ့ တန်းတွေ့တယ်။ အဲ့ဘဲက အကုန်လုပ်ပေးတာပေါ့။ အဖေ့ကိုလည်း ကိုစိုးဆင့် ကိုစိုးဆင့်နဲ့။ မသိရင် ပါးစပ်ထဲ ငုံထားတော့မယ့်အတိုင်း။
အဖေက ဒါ ငါ့သားဘာညာဆိုပြီး ကျနော်နဲ့ မိတ်ဆက်ပေးတာပေါ့။ အဲ့တုန်းက ကျနော်ကလည်း စာလေး ဘာလေး ရေးနေပြီ။ ဟိုဘဲကလည်း ဟုတ်လား စာအုပ် ဘယ်နှစ်အုပ်ထွက်ထားလဲ ဘာညာမေးလို့ ကျနော်လည်း ခေါင်းကုပ် ဖင်ကုပ်နဲ့ ရွှီးခဲ့ရသေးတာ။
ကိစ္စတွေလည်း ပြီးပြီ။ ဖောင်ဖြည့် ဘာညာ အကုန် လုပ်ပြီးပြီ။ ပြန်တော့မယ်လည်း လုပ်ရော အဖေ့လူက ရုံးက လူထူထူထဲ ကဲ..အလုပ်တော့ ပြီးပြီ။ လက်ဖက်ရည်ဖိုးပေးရင် လက်ဖက်ရည်သောက်မယ်။ ကားဖိုးပေးရင် ကားစီးမယ်။ တိုက်ဖိုးပေးရင် တိုက်ဆောက်မယ် ဆိုပြီးပြောင်ကြီး တောင်းပါလေရော။
ကြားကြားချင်း အဖေနဲ့ ကျနော်နဲ့ က ဘာကိုဆိုလိုမှန်း နားမလည်ဘူး။ ဒီဘဲ ဘာတွေ ရွတ်နေတာလဲပေါ့။ သားအဖနှစ်
ယောက် ကြောင်ပြီး ကြည့်နေမိကြတာ။
အဲ့ဘဲက ထပ်ပြောတယ်။ ကဲ.. လက်ဖက်ရည်ဖိုးပေးရင် လက်ဖက်ရည်သောက်မယ်။ ကားဖိုးပေးရင် ကားစီး
မယ်။ တိုက်ဖိုးပေးရင် တိုက်ဆောက်မယ်..တဲ့။ ထပ်ပြော ပြန်ရောဗျိုး။
ဒုတိယအကြိမ်ပြောလိုက်မှ နားလည် လိုက်တာက ကျနော်။ ဟာ ဒီလူ ပိုက်ဆံတောင်းနေတာပါလားဆိုပြီး အိတ်ကပ်ကို နှိုက်ပြီး ထောင်တန် သုံးရွက် ရွှပ် ရွှပ်ဆိုပြီးရေပေးခဲ့တယ်။
အဖေကတော့ တိုက်တန်းနစ်ကားထဲက ကိတ်ဝင်းစလက်ကို လီယိုက ငေးသလို ဘေးကနေ ငေးလို့ပေါ့။
လာအဖေ သွားမယ်လို့ ..ကျနော်က ခေါ်မှ ထလိုက်လာတော့တယ်။
လိုက်သာ လိုက်လာတာ ရုံးအပြင်ရောက်တဲ့ အထိ အဖေက စကားမပြောဘူး။ ပုတက်တွေ မေ့သလို မေ့နေတာ။ တော်တော်ဝေးမှ အဖေက စကားတခွန်း လေးလေးကြီး ပြောလာတယ်။
လူလေးရာ မင်း ဘာလို့ ပေးလိုက်တာလဲ..တဲ့။
ကျနော်လည်း ဘာပြန်ဖြေရမှန်း မသိဘူး။ အမှတ်တမဲ့
ဆိုတော့ လန့်သွားတာရော အံ့ဩသွားတာရော မျက်နှာ ပူတာရော စုံသွားတာပဲ။ အဲဒီ ခံစားမှုကို ကျနော့်ဘာသာသိတယ်။ ဒါပေမဲ့ အဖေ့ကိုတော့ ရှင်းမပြမိဘူး။
အဖေက မကျေနပ်ဘူး။ မင်း အဲဒီအကြောင်း စာရေးကွာတဲ့။ ကျနော် ပိုလန့်သွားမိတာက အဲဒီစကားလုံးပေါ့။ မင်း စာရေးကွာတဲ့။ ပြောလိုက်တာ ကြည့်ဦး။
တကယ်ဆို အဖေ့သား ကျနော်က အဲဒီအချိန်က ဘာမှ ဟုတ်လောက်တဲ့ ကလောင် မဟုတ်ဘူး။ လူမသိ သူမသိ ဝါသနာရှင်လေး။ ဒါကို အဖေက အားကိုးတကြီးနဲ့
မင်း စာရေးကွာလို့ ပြောလိုက်တော့ ကျနော် စိတ်မကောင်းဘူး။ အဖေ့ စကားကို နားထဲ စွဲအောင် မှတ်မိနေခဲ့တာ အခုထိပဲ။
အဖေဟာ မင်း အဲဒီအကြောင်း စာရေးကွာ ပြောပြီး ဘာမှ ဆက်မပြောတော့ဘူး။ ပြောခဲ့တာလည်း ခုဆို
ဆယ်နှစ်ပြည့်တော့မယ်။ အဖေကတော့ မေ့ပြီလား မသိ။
ကျနော်ကတော့ ခုထိ မမေ့ဘူး။ အဖေ အဲဒီတုန်းက ဘာလို့ လိုလိုလားလားနဲ့ တောင်းဆိုခဲ့တာလဲ။ သူ မလုပ်ဖူးတဲ့ အလုပ်ကို သူများလုပ်တာတွေ့လိုက်ရလို့ အံ့ဩမင်တက်မိပြီး တောင်းဆိုမိ သွားတာလား။ ဒါမှ မဟုတ် မထင်မှတ်ထားတဲ့ ဓားဟာ နောက်ကျောကို စိုက်ဝင်သွားခါမှ မခံမရပ်နိုင်လို့ အော်ဟစ် ပစ်ခဲ့တာလား။ ကျနော် သေချာမသိခဲ့ဘူး။
သေချာတာတခုကတော့ အဖေတွေ့ခဲ့သလိုမျိုး
မိတ်ဆွေတွေ လူရင်းတွေလို့ ယုံကြည်ရတဲ့လူတွေဆီက အထိုးခံခဲ့ရတဲ့ ကျနော့်နောက်ကျောက ဓားဒဏ်ရာ
တွေဟာ အဖေ့နောက်ကျောက ဓားဒဏ်ရာတွေထက် ပိုများ
နေခဲ့တာပါပဲ။
#လူခါး
၂၀၂၁-၁၁-၁၉၊ဂျပန်
No comments:
Post a Comment