နေက မြင်ကွင်းထဲသို့ ထင်ထင်ရှားရှား ရောက်မလာမီမှာပင် အပူရှိန်က ကမ္ဘာမြေမျက် နှာပြင်ပေါ်သို့ အရှိန်ပြင်းပြင်းကျရောက်လာသည်။ အလုပ်သမားအကြိုအပို့လုပ်သည့် ဘတ်စ် ကားအပြာကြီးများက အလုပ်သမားများနေထိုင်ရာ အဆောင်ဘက်သို့ အခွံချည်းသက်သက် ပြန်ရောက်လာကြသည်။ အလုပ်သမားများအား စက်ရုံအလုပ်ရုံများရှိရာသို့ ပို့ဆောင်ကာ ပြန် လာကြခြင်းဖြစ်သည်။
အဆောင်ရှေ့မျက်နှာစာ ပြတင်း၀မှာ ထိုင်ရင်း ကားလမ်းမကြီးအတိုင်း သူငေးနေမိ သည်။ လမ်းဘေးတစ်ဖက်တစ်ချက်မှ မလေးရှားပိတောက်ပင်များက လိုအပ်သည်ထက် ကြီးထွားကာ လမ်းမပေါ်သို့ အဖျားချင်းဆိုင်၍ ညွတ်ကျနေကြသည်။ ကားငယ်ကလေးများ အတွက် ပြဿနာမရှိနိုင်သော်လည်း ကွန်တိန်နာကဲ့သို့သော ကားကြီးများအတွက်မူ ပိတောက်ပင်များက အတားအဆီးတစ်ခုပမာဖြစ်နေသည်။ လမ်းမပေါ်၌လည်း ကားနှင့်ပွတ် တိုက်မိသဖြင့် ကျိုးကျနေသော ကိုင်းဖျားကိုင်းနားများက မြင်မကောင်းအောင် ရှုပ်ပွနေကြ သည်။ ကတ္တရာလမ်းသည် အမှိုက်သရိုက်များဖြင့် ရုပ်ဆိုးအကျည်းတန်လျက်ရှိသည်။
သူကြည့်နေစဉ်မှာပင် အခြားရပ်ကွက်အတွင်းမှ ထွက်လာသော ကရိန်းကားအဝါကြီးတစ်စီးက မြင်ကွင်းထဲသို့ ဝင်လာသည်။ ကားကြီးက သူမြင်တွေ့ဖူးနေကျ ကရိန်းကားအမျိုးအစားပင်ဖြစ်သည်။ လူတစ်ယောက် လွတ်လွတ်လပ်လပ် ထိုင်နိုင်ရုံ အခန်းကျဉ်းကလေးတစ်ခုပါသည်။ အထက်အောက်အတက် အကျလှုပ်ရှား၍ ရနိုင်သောလက်တံအရှည်ကြီးတစ်ခုပါသည်။
ထိုကရိန်းကားကြီးက လမ်းမပေါ်သို့ညွတ်ကျနေသော ပိတောက်ပင်များအောက်တွင် တုံ့ခနဲရပ်သွားသည်။ ကားပေါ်မှ လူနှစ်ယေက် ဆင်းလာကြသည်။ တစ်ယောက်သည် ဒရိုင် ဘာဖြစ်၍ တစ်ယောက်သည် အကူဖြစ်ရမည်ဟု သူတွေးလိုက်မိသည်။
ထိုနှစ်ယောက်က အကိုင်းအခက်ဝေ၀ဆာဆာဖြင့်ရှိသော သစ်တောအသေးစား ကလေးနှင့်တူသည့် ပိတောက်ပင်များကို ကြည့်ကာ လက်ညှိုးတထိုးထိုးနှင့်ရှိသည်။ ကရိန်း ကားကြီးများက လေးလံသောအရာ၀တ္ထုများအား ရွှေ့ရန်အတွက်သာ သုံးသည်ကို တွေ့ခဲ့ရ ဖူးသောသူက ထိုနှစ်ယောက်၏ လှုပ်ရှားမှုကိုကြည့်၍ အံ့သြနေမိသည်။ ပိတောက်ပင်များ အား အမြစ်မှထိုးကော်ဖြစ်ရန်အတွက်လားဟုပင် မဖြစ်နိုင်သည့်ကိစ္စအား တွေးလိုက်မိသည်။
သို့သော် သူ့အထင်တက်တက်စင်အောင် လွဲသွားခဲ့သည်။ သူစိတ်၀င်တစားကြည့်နေ စဉ်မှာပင် အကူဖြစ်ဟန်တူသောသူက ကရိန်းကားကြီး၏ လက်တံအဖျားဆီမှ လက်ငါး ချောင်း ပုံသဏ္ဍာန်ခွက်ကြီးအတွင်းသို့ ၀င်ထိုက်လိုက်သည်။ သူ့လက်ထဲ၌လည်း သစ်တုံးများ ဖြတ်ရာတွင် အသုံးပြုသည့်မော်တာတပ်လွှစက်တစ်လုံးအား ကိုင်ထားသည်။
ထိုသူခွက်ကြီးအတွင်း နေသားတကျဖြစ်သည်နှင့် ဒရိုင်ဘာက ကားစက်အားနှိုးလိုက် သည်။ ကရိန်းကားကြီးက ရေကြံကြီးတစ်ကောင် နှာမှုတ်လိုက်သကဲ့သို့ မီးခိုးလုံးကြီးမှုတ် ထုတ်ကာ တဝေါဝေါဖြင့် အသက်၀င်လာသည်။ လက်တံရှည်ကြီးက အထက်သို့တစ်စတစ်စ မြင့်တက်သွားသည်။ ခွက်ကြီးထဲမှ လူကို ကြည့်ရသည်မှာ လွှစက်ကြီးကတစ်ဖက်၊ သူ့ကိုယ်သူ ပြန်ထိန်းထားရသည်ကတစ်ဖက်နှင့် အသည်းယားစရာကောင်းလှသည်။
ကရန်းကားကြီး၏ လက်တံမှာ မြင့်တက်သွားလိုက်၊ ဘယ်ညာယိမ်းသွားလိုက်ဖြင့် ပါးပြင်ထောင်နေသော မြွေဟောက်တစ်ကောင်နှင့် တူလှသည်။ လက်တံရှည်ကြီးက ပိတောက်ကိုင်းများနှင့် အနီးဆုံးနေရာတွင်ရပ်သွားသည်။ ခွက်ကြီးထဲမှလူက လွှစက်ကြီးကို အားနှင့်ဆွဲနှိုးလိုက်သည်။ အရောက်လက်နေသော လွှသွားများက တဗျီးဗျီးအသံပေးကာ စတင် လည်ပတ်လာကြသည်။
လွှကိုင်ထားသောသူက သူနှင့်အနီးဆုံး၌ရှိသော ပိတောက်ကိုင်းအား ဖြတ်ချလိုက် သည်။ ပိတောက်ကိုင်းနှင့် ကတ္တရာလမ်းရိုက်လိုက်သည့် "ဝုန်း" ဟူသော အသံက ပတ်၀န်း ကျင်တစ်ခုလုံးကို ကိုင်လှုပ်ပစ်လိုက်သည်။ ထိုအခါ ဒရိုင်ဘာက လက်တံရှည်ကြီးအား အခြားကိုင်းရှိရာသို့ ရွှေ့ပေးလိုက်သည်။ လွှကိုင်ထားသောလူက ထိုကိုင်အားလည်းဖြတ်ချ ပစ်လိုက်ပြန်သည်။ ဒရိုင်ဘာက အခြားကိုင်းဆီသို့ လက်တံရှည်ကြီးအား ရွှေ့ပေးလိုက်ပြန် သည်။ ထိုကိုင်းကိုလည်း လွှကိုင်ထားသောသူက ဖြတ်ချပစ်လိုက်ပြန်သည်။ ထို့နောက် တစ်နေရာပြီးတစ်နေရာ၊ တစ်ကိုင်းပြီးတစ်ကိုင်း။ တစ်ယောက်ရွှေ့ပေးလိုက်၊ တစ်ယောက်က ဖြတ်ချလိုက်။
ထိုအခါမှ သူ လုံးလုံးသဘောပေါက်သွားရတော့သည်။ သူတို့နှစ်ယောက်သည်သစ်ပင် ချိုင်နေကြခြင်းဖြစ်သည်။
......................................................................................................
မလေးရှားညသည် ထိန်ညီးနေသော မာကျူရီမီးတိုင်များအောက်တွင် ခံ့ညားစွာအ်ိပ် မောကျနေသည်။ ဘတ်စ်ကားအပြာကြီးက အိန္ဒိယလူမျိုး ဒရိုင်ဘာ၏ လက်ထဲတွင် နွားရိုင်း တစ်ကောင်ကဲ့သို့ ဒုန်းစိုင်းပြေးနေရသည်။ ကားစီးရသည်မှာ အဖုအထစ်မရှိသော လမ်းပေါ် မှာပင် ခယောင်းတောထဲ၌ လှည်းစီးရသကဲ့သို့ သူထင်မိသည်။ ဘင်္ဂလား၊ နီပေါ၊ ဗီယက်နမ်၊ မြန်မာ လူမျိုးစုံပါသောကားထဲတွင် အနံ့အသက်က စူးရှမွန်းကျပ်၍ အသက်ရှူရန်ပင် ခက်လှသည်။ ခုံခြောက်ဆယ်ခန့်ပါသော ကားပေါ်တွင် လူပေါင်းတစ်ရာခန့် တင်လာသဖြင့် ကားကြီးက စိတ်ဆိုးနေဟန်ရှိသည်။
တစ်ချို့ ဖုန်းပြောနေကြသည်။ တစ်ချို့က သီချင်းအကျယ်ကြီးဖွင့်၍ နားထောင်နေ ကြသည်။ တစ်ချို့က ခုံနောက်မှီကို အားပြုကာ အိပ်ငိုက်နေကြသည်။ ကားကြီးက လမ်းမ ပေါ်တွင် ကဆုန်စိုင်းလျက်ရှိသည်။ သူ့မှာ အထက်ကတန်းကိုကိုင်ရင်း ဘုရားတနေရသည်။
ဘုရားသာ တနေရသည်၊ သူ့စိတ်က အဆောင်သို့ မြန်မြန်ပြန်ရောက်ချင်လှပြီ။ သည်နေ့ မလေးသို့ သူနှင့်အတူတက်လာသော ညီဝမ်းကွဲတစ်ယောက် နေမကောင်းသဖြင့် အဆောင်မှာ ကျန်နေခဲ့သည်။ မနေ့ကတည်းက အလုပ်ဆင်းပြီး အဆောင်ပြန်ရောက်သည် နှင့် တအင်းအင်းဖြစ်နေရှာသဖြင့် အိမ်မှ ထည့်ပေးလိုက်သော ဆေးတစ်ချို့တိုက်ကာ ချော့မော့၍ ထားခဲ့ရသည်။
ထားသာပစ်ခဲ့ရသည်။ သူ့စိတ်ထဲ၌ တစ်နေ့လုံး တထင့်ထင့် ဖြစ်နေခဲ့မိသည်။ မထားခဲ့၍လည်းမဖြစ်။ တိုင်းတစ်ပါးမှာ လူတစ်ယောက်အား ထိုင်ပြီး စောင့်ရှောက်နေရလောက်အောင် ကံတရားက သူတို့ကို မျက်နှာသာမပေးခဲ့။
သူတို့ညီအစ်ကိုနှစ်ယောက် မလေးရှားသို့ရောက်သည်မှာ သုံးလခန့်ရှိပြီ။ ညီအစ်ကို နှစ်ယောက်စလုံး အကြွေးစနစ်ဖြင့် ရောက်လာကြခြင်းဖြစ်သည်။ ရောက်စက နှစ်ယောက် စလုံး အိမ်လွမ်းစိတ်ဖြင့် မစားနိုင်၊ မသောက်နိုင်ဖြစ်မိကြသေးသည်။ တစ်လခန့်ကြာတော့ အကြီးဖြစ်သောသူက နေတတ်ထိုင်တတ်ရှိလာခဲ့သည်။ သူ့ညီကတော့ မျက်ရည်နှင့်မျက်ခွက် ပြတ်သည်မရှိ။ အိမ်နှင့် မခွဲစဖူးခွဲခဲ့ရသဖြင့် လူးလိမ့်နေအောင် ခံစားနေရသည်။
ရောက်စဆိုတော့ ထွက်သမျှလစာက အေးဂျင့်လက်သို့ ထိုးအပ်နေရသည်။ လက်ထဲ တွင် စားစရိတ်နှင့် မာကြောင်းသာကြောင်း ဖုန်းဆက်ဖို့လောက်သာကျန်သည်။ သူတို့ အရင် ရောက်နှင့်နေသော ရွှေမြန်မာတွေက ဖုန်းတစ်ယောက်တစ်လုံးဖြင့် ဘဝမေ့နေကြပြီ။ ဤတွင် သူ့ညီဝမ်းကွဲလေးက တစ်စခန်းထလာသည်။ ဖုန်းကိုင်ချင်လာသည်။ အကောင်းစားကြီး မဟုတ်တောင် ဖုန်းတစ်လုံးတော့ မဖြစ်မနေ ဝယ်ပေးဖို့ပူဆာသည်။
ညီငယ်၏ဆန္ဒအား ဖြည့်စွမ်းပေးချင်သည့်စိတ်က သူ့အား ကိုရဲနိုင်နှင့်တွေ့ဆုံရန် အကြောင်းဖန်လာသည်။ ကိုရဲနိုင်ဆိုသည်က သူတို့အလုပ်သမားများနှင့် မလေးအေးဂျင့် ကြားထဲမှ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနေသော မြန်မာပွဲစား။
မုတ်ဆိတ်မွေးကလေး လက်နှစ်လုံးခန့်ဖြင့် အမြဲသပ်သပ်ရပ်ရပ် နေတတ်သူဖြစ်သည်။ စကားပြောလျှင် ခေါင်းကိုညိတ်ကာညိတ်ကာဖြင့် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသူဖြစ် သည်။ သူဌေးပေးထားသော နောက်ဆုံးပေါ် ကားအကောင်းစားကြီးကိုလည်း ပိုင်ထားသေး သည်။ အိမ်ထောင်မရှိသူ။ မြာစွံသူ။ မလေးနိုင်ငံသားတစ်ယောက်နှင့်ပင် လွဲမှားရလောက် အောင် နှံ့စပ်ကျွမ်းကျင်သူ။
ထိုနေ့က ကိုရဲနိုင်နေထိုင်သော တိုက်ပုကလေးသို့ သူရောက်သွားတော့ ညဉ့်နက် လှပြီ။ တိုက်ကလေးထဲမှ မီးရောင်မှိန်မှိန်ကလေးက မှန်တံခါးများကိုထွင်းကာ အပြင်သို့ ရပ်ထားသော ကားကလေးကိုမြင်သည်နှင့် တိုက်ပုကလေးထဲတွင် ကိုရဲနိုင်ရှိနေကြောင်း သူသိလိုက်သည်။
လူရိပ်လူယောင်တွေ့မလားဟူသော အတွေးဖြင့် သူခဏရပ်ကြည့်နေမိသေးသည်။ တိုက်ပုကလေးက အချိန်အတော်ကြာသည်အထိ ငြိမ်နေဆဲ။ လူခေါ်ဘဲလ်ကို နှိပ်သင့် မနှိပ်သင့် သူစဉ်းစားမိသေးသည်။ ကိုရဲနိုင်က ညဘက်များတွင် ကောင်းကောင်းအနားယူ တတ်ကြောင်း သူသိထားသည်။
သူ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။ စမ်းရေစီးသကဲ့သို့ ညင်သာသောဘဲလ်သံကလေး က တိုက်ပုကလေးအပြင်သို့ စိမ့်ထွက်လာသည်။ နောက်တစ်ခါ ထပ်နှိပ်လိုက်သည်။ ဘဲလ်သံက သာတောင့်သာယာ ထွက်၍လာပြန်သည်။ တိုက်ကလေးကတော့ ငြိမ်သက် နေဆဲ။ နောက်ဆုံးအကြိမ်နှိပ်ရန် သူလက်ရွယ်လိုက်စဉ်မှာပင် တိုက်ပုကလေးထဲမှ မီးက ဖျတ်ခနဲလင်းလာပြီး တံခါးပွင့်လာသည်။
''ဘယ်သူလဲ''
ကိုရဲနိုင်၏အသံက လုံးလုံးထွေးထွေးနှင့် ဖြစ်သည်။
''ကျွန်တော်ပါ၊ ထွန်းမောင်''
ခန္ဓာကိုယ်အောက်ပိုင်းတွင် ပဝါပိုင်းလေးတစ်ခုသာ ပတ်ထားသော ကိုရဲနိုင်အား ရှက်ရွံစွာကြည့်ရင်း သူဖြေလိုက်သည်။
''ဟို၊ ကျွန်တော် ပိုက်ဆံသုံးရာလောက် ကြိုထုတ်ချင်လို့''
''ကျွတ်''
သူအရဲစွန့်၍ ပြောချလိုက်တော့ ကိုရဲနိုင်ပါးစပ်က စုပ်သံတစ်ချက်ထွက်လာသည်။ ကိုရဲနိုင်က ပွယောင်းယောင်းဖြစ်နေသော သူ့ဆံပင်ကို လက်နဲ့ထိုးကာ နောက်သို့သပ်တင်လိုက်သည်။
''မင်းတို့အကြွေးတောင်မကျေသေးတာ၊ ငါက ဘယ်လိုထုတ်ပေးရမလဲ''
လက်ရှိဖြစ်နေသော ကိစ္စအား မုသားနည်းနည်းစွက်ကာ သူပြောပြလိုက်သည်။ သူ့စကားဆုံးချိန်တွင်ကြည့်သော ကိုရဲနိုင်၏အကြည့်ကို သူကောင်းကောင်း သဘောပေါက် လိုက်သည်။ မင်းတို့တောသားတွေ ရူးပဲရူးနိုင်လွန်းတယ်ဆိုတဲ့ အကြည့်မျိုး။
''ခဏစောင့်''
ကိုရဲနိုင်က ခပ်ပြတ်ပြတ်ပြောကာ သူ့အိပ်ခန်းထဲသို့ ဝင်သွားသည်။ ဟနေသော တံခါးမှတစ်ဆင့် ကိုရဲနိုင်အခန်းထဲမှ အစိမ်းနုရောင်မီးရောင်ကလေးကို လှမ်းမြင်နေရသည်။
“ကိုကြီးကလည်း…ခစ်…ခစ်”
အမှတ်မထင်ကြားလိုက်ရသော ညုတုတုရယ်သံကြောင့် သူ့မျက်လုံးတို့ကဟနေသော တံခါးဆီသို့ရောက်သွားသည်။
“ဟင်...မြနှင်း”
ထင်မှတ်မထားသော မြင်ကွင်းကြောင့်သူ့ပါးစပ်မှ အာမေဍိတ်သံထွက်သွားရသည်။ မြနှင်းသည်အခန်းထဲကို ဘယ်လိုရောက်နေတာလဲ။ သူမဖြေရခင်မှာပင် ကိုရဲနိုင်ကအခန်းထဲ မှထွက်လာသည်။
“ရော့”
ကိုရဲနိုင်ထိုးပေးသော ပိုက်ဆံသုံးရာကိုယူလိုက်သော သူ့လက်များကတုန်ယင်နေကြ သည်။ အဆောင်ကိုပြန်ရောက်တော့ သူတော်တော်နှင့်အိပ်မပျော်။ မြနှင်းအကြောင်းစဉ်းစာ နေမိသည်။
မြနှင်းသည် လှသည်။ သွက်သည်။ ရယ်လိုက်လျှင် ပေါ်ပေါ်လာတတ်သော ပါးချိုင့် လေးနှစ်ဖက်က တစ်ခါမြင်ဖူးရုံဖြင့် မှတ်မိနေစရာကောင်းသည်။ အလုပ်ထဲမှာမှမဟုတ်လျှင် အမြဲတမ်းမြန်မာ၀တ်စုံကလေးနှင့်သာ နေတတ်သူကလေးဖြစ်သည်။ ယခုမူ မြနှင်းသည် ညအိပ်၀တ်စုံပါးလျလျကလေးနှင့်ဖြစ်သည်။
မြနှင်းကမြစ်၀ကျွန်းပေါ်ဘက်က ရွာကလေးတစ်ရွာမှဖြစ်သည်။ သူတို့ထက်သုံးလခန့် စောကာ မလေးရှားသို့ရောက်နေသူကလေးဖြစ်သည်။ သူတို့ရောက်ပြီး တစ်လခွဲခန့်တွင် မြနှင်းအဖေဆုံးပြီးဟူသော သတင်းရောက်လာသည်။ မြနှင်းရွှေတောင်ကြီးပြိုသွားသည်။ လုပ်အားခကလေး အေးဂျင့်ပေးနေရစဉ်မှာပင် အိမ်ကအဖေ့အသုဘအတွက် ငွေလိုလာ သည်။ ထို့အကြောင်းများက အများပြောစကားများကို တစ်ဆင့်ပြန်ကြားရခြင်းဖြစ်သည်။
ယခုတော့ ထိုလှသော၊ သွက်သော မြနှင်းသည် ကိုရဲနိုင်အခန်းထဲရောက်နေသည်။ အဖေ့အသုဘမြေမြှုပ်ဖို့အတွက် မြနှင်းကသူမဘ၀ကို အရင်းမြေမြှုပ်ပစ်လိုက်သည်ဟု အကြောင်းသိတွေက ပြောကြသည်။
“မြနှင်းက ကိုးဆယ်ကိုးယောက်မြောက်”
ပျက်ရယ်ပြုသော စကားသံများက သူ့နားနှင့်မဆံံ့အောင်ကြားနေရသည်။ တိုင်းတစ်ပါး တွင်ငွေသည် အမျိုးကောင်းသမီးလေးများအား မီးလောင်တိုက်သွင်းသည့် အဓိကတရားခံ ဖြစ်သည်ဟု သူကတစ်ထစ်ချမှတ်ယူထားသည်။
အဆောင်နှင့်မလှမ်းမကမ်းသို့ ကားထိုးရပ်လိုက်တော့ သူ့ထက်ငါတို့းဝှေ့၍ ဆင်းကြ သည်။ သူထမင်းဘူးကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်မိသည်။ မလေးလူမျိုးအများစု နေထိုင်သော ရပ်ကွက်ကလေးသည် အိပ်မောကျ နေပေပြီ။ လမ်းဘေးကခရေပင်အပုကလေးများဆီမှ ခရေပန်းရနံ့ကနှာခေါင်းထဲသို့ ခပ်သင်း သင်း၀င်လာသည်။ သူယခုမှလေကို တဝြကီးရှူသွင်းပစ်လိုက်သည်။
အဆောင်အား ထိပ်တိုက်မြင်ရသည့်လမ်းအတိုင်း သူကွေ့၀င်လိုက်သည်။ အဆောင် ရှေ့တွင် ကားတစ်စီးကရှေ့ခန်းတံခါးများကိ ဖွင့်ကာရပ်ထားသည်။ ရှေ့ဖုံးပေါ်တွင် ကိုရဲနိုင်က အကျီင်္ရင်ဘတ်ကွဲဖြင့် ခပ်ထွေထွေထိုင်နေသည်။ ကားထဲမှအင်ဒိုနီးရှားအဆိုတော် ဝါလီ၏ကျာရီဂျိုဒိုသီချင်းသံက ခပ်အုပ်အုပ်ကလေးခထွက်လာနေသည်။
“ထွန်းမောင်”
ကားကလေးကိုပတ်၍ အဆောင်ထဲသို့၀င်လိုက်စဉ် ကိုရဲနိုင်ကခေါ်လိုက်ခြင်းဖြစ်သည်။ ကိုရဲနိုင်အသံ့က တစ်စုံတစ်ခုကို အလိုမကျသည့်အသံမျိုး။ သူအထိတ်တလန့်ဖြစ်သွားမိ သည်။ နေမကောင်းသဖြင့်ထားခဲ့ရသော ညီဖြစ်သူဆီသို့စိတ်ရောက်သွားပြီး လူကထူပူ သွားသည်။
“ငါ့ အိုင်စီကတ်ပျောက်သွားပြီ”
ကိုရဲနိုင်ကပြောပြောဆိုဆို ကားအဖုံးအားလက်သီးနှင့် တစ်ချက်ထုလိုက်သည်။ ကိုရဲနိုင်မှာ အိုင်စီကတ်ရှိတာသူသိသည်။ ကိုရဲနိုင်သည်မလေး၌ ဆယ်စုနှစ်တစ်စုကျော် ကြာပြီးဖြစ်၍ အကပ်အရပ်ကောင်းသဖြင့် နိုင်ငံသားကတ်ဟုခေါ်သော အိုင်စီကတ်ရထား သည်။ ယခုထိုအိုင်စီကတ်ပျောက်သွားပြီးဆိုသောကြောင့် သူအံ့အားသင့်မိသည်။
“မင်းညီရဲ့ဖုန်းလည်းပါသွားတယ်”
“ဗျာ”
သူအဆောင်ထဲသို့မြန်နိုင်သမျှ မြန်အောင်၀င်သွားလိုက်မိသည်။ သူတို့နေရသော နှစ်ယောက်အိပ်ခုတင် အေ့ပ်ါထပ်တွင် သူ့ညီကစိတ်ပျက်အားလျော့စွာခွေနေသည်။ သူကမမေးမီမှာပင် သူ့ညီကနောင်တရသည့်အမူအရာဖြင့် ပြောပြလာသည်။
သည်ကနေ့အဆောင်သို့ ကိုရဲနိုင်ရောက်လာသည်။ သူ့ညီနှင့်ကိုရဲနိုင်စကားပြောနေစဉ် ကိုရဲနိုင်က သူ့၌ပါလာသော အရက်ပုလင်းအားဖွင့်သည်။ အစတော့သူ့ညီက ငြင်းသေးသည် ဟုဆိုသည်။ ငြင်းမရသည့်အဆုံး နည်းနည်းနည်းနည်းနှင့် တစ်ပုလင်းကုန်သွားသည်။ ကိုရဲနိုင်က နောက်တစ်လုံးသွား၀ယ်သည်။ ထိုအချိန်တွင် အလုပ်တွင်အိုင်တီမဆင်းဘဲ ပြန်လာသည့်ရန်ကုန်သား ကိုမောင်ကြည်ပြန်ရောက်လာသည်။ သို့နှင့်သူတို့ဝိုင်းက လူသုံးယောက်ဖြစ်သွားသည်။ ထိုပုလင်းကုန်သွားသောအခါ ကိုရဲနိုင်က နောက်တစ်လုံးသွား ၀ယ်ပြန်သည်။
ထိုတစ်လုံးကုန်သွားချိန်မှာတော့ လူတွေကခပ်ထွေထွေဖြစ်လာကြသည်။ သီချင်းလေး ဘာလေးဖွင့်ကွာဟု ကိုရဲနိုင်ကဆိုသဖြင့် သူ့ညီကဖုန်းကလေးထုတ်ကာ သီချင်းဖွင့်သည်။ လိုက်ဆိုကြသည်။ ခဏကြာတော့ သူ့ညီကဝိုင်းထဲတွင်ပင် မှောက်သွားသည်။ အချိန်အတော်ကြာမှ ပြန်နိုးလာတော့ ဖုန်းကမရှိတော့။ ကိုမောင်ကြည်ရော ကိုရဲနိုင်ကပါ မှောက်နေကြပြီ။ နှစ်ယောက်စလုံးကို နှိုးပြီးရှာတော့ ကိုရဲနိုင်ပိုက်ဆံအိတ်က ကိစ္စမရှိ။ ထိုအထဲတွင် ကိုရဲနိုင်က သူ့အိုင်စီကတ်ပါသွားသည်ဟုဆိုသည်။ ဤတွင် ကိုရဲနိုင်ပွဲကြမ်း တော့သည်။ သုံးယောက်တွင် နှစ်ယောက်ကပစ္စည်းပျောက်၍ တစ်ယောက်ကဘာမှ မပျောက်ဟုဆိုကာ ကိုမောင်ကြည်အားယိုးစွပ်တော့သည်။
အသက်ငါးဆယ်ကျော်နေပြီဖြစ်သော ကိုမောင်ကြည်သည် သူ့သားလောက်သာရှိ သော ကိုရဲနိုင်၏အထိုးအကြိတ်ကို ခံရတော့သည်။ ထိုးကြိတ်ရုံနှင့်မပြီး။ နောက်ဆုံးရဲခေါ်၍ ထည့်လွှတ်လိုက်သည်။
အဆောင်ရှေ့ကားထဲမှ သီးချင်းသံကတစ်စတစ်စ ကျယ်လာသည်။ ကိုရဲနိုင်၏သံသေး သံကြောင် အော်ဟစ်သံကသီချင်းသံနှင့်ရော၍ ထွက်လာသည်။
“ရဲနိုင်က ဒီလိုလုပ်စားနေတာကြာပြီ”
သူတို့ထက် နှစ်နှစ်ခန့်စောရောက်နေသော ပဲခူးဘက်မှကို၀င်းလွင်က ပြောလာခြင်း ဖြစ်သည်။
“သူက ငါတို့အပေါ်က မသိမသာရိတ်လို့ရရင်ရိတ်။ မရရင် ဒီလိုအကြံအဖန်ရှာပြီး ရိတ်တာ။ ဘဏ်ကတ်လုပ်တော့လည်းရိတ်။ ရေဖိုးမီးဖိုးပေးတော့လည်းရိတ်။ ရက်မှန်ကြေး ပေးတော့လည်းရိတ်။ အိုတီကြေးပေးတော့လည်းရိတ်။ ဒီလိုရိတ်လာတာကြာပြီ”
ကို၀င်းလွင်က ဆက်မပြောနိုင်တော့သလိုမျိုးနှင့် သူ့စကားကိုရပ်ပစ်သည်။
“ကျွန်တော် အေးဂျင့်ကိုပြောမယ်ဗျာ”
သူ့အသံက ဒေါသသံဖြစ်သည်။ မခံမရပ်နိုင်လွန်း၍သာ သူပြောလိုက်မိခြင်းဖြစ်သည်။ အေးဂျင့်နှင့်စကားပြောရလောက်အောင် သူ့ဘက်ကလည်လည်၀ယ်၀ယ် ရှိလှသည်မဟုတ်။
“အေးဂျင့်ကို ပြောလည်းမရဘူးထွန်းမောင်၊ ရဲနိုင်ကနတ်နေကိုင်း”
“ဗျာ”
“ရဲနိုင်က နတ်နေကိုင်းလို့။ သစ်ပင်များချိုင်ရင် မဖြစ်မနေချန်ထားရတဲ့ကိုင်းလေ”
ကို၀င်းလွင်က သူ့စကားကိုအဆုံးသတ်ပြီး အခန်းထဲမှ ပြန်ထွက်သွားသည်။ သူတို့ အခန်းကလေးက အချုပ်ခန်းတစ်ခုနှင့်မခြား ချောက်ချားဖွယ်ပြန်ဖြစ်သွားသည်။ သူဦးနှောက် ကိုခပ်မြန်မြန်အလုပ်ပေးလိုက်သည်။ ကျေနပ်လောက်သော အနေအထားရောက်မှ အခန်းအပြင်သို့ထွက်လိုက်သည်။
သူအဆောင်ရှေ့ရောက်တော့ ကိုရဲနိုင်က လူမှန်းသိရုံကလေးသာရှိတော့သည်။
“ကိုရဲနိုင်၊ ကျွန်တော် ကိုမောင်ကြည်နဲ့တွေ့ချင်တယ်။ သူရှိတဲ့နေရာပို့ပေးပါ”
သူကပြောပြောဆိုဆို ကားထဲ၀င်ထိုင်လိုက်သည်။ ကိုရဲနိုင်ကသူ့အား နားမလည် သလိုဖြင့်ကြည့်ကာ ကားထဲ၀င်ထိုင်ရင်းမေးသည်။
“မင်းက ဘာလုပ်မလို့လဲ”
“သူ့ကို မေးစရာရှိလို့ပါ”
ကိုရဲနိုင်က ကားစက်ကိုနှိုးလိုက်ပြီး အဆောင်ရှေ့မှ အရှိန်နှင့်ဆောင့်ထွက်လိုက်သည်။ ကားလမ်းပေါ်တွင် သူတို့ကားကလေးမှအပ အားလုံးရှင်းလင်းနေသည်။ ကားကကျည်တစ် တောင့်ပမာ မြန်မြန်ဆန်ဆန်ပြေးနေသည်။ ကိုရဲနိုင်က မျက်လုံးကိုအနိုင်နိုင်ဖွင့်ရင်းမာင်းနေသည်။ ကားမီးရောင်စူးစူး၏ အလင်းထဲတွင် ရှေ့ကိုက်တော်တော်ဝေးဝေးကို လှမ်းမြင်နေရသည်။ သူသတိကြီးကြီးဖြင့်ပတ်၀န်းကျင်ကို အကဲခတ်၍လိုက်ပါလာခဲ့သည်။
ကာကလေးက တံတားကြီးတစ်ခုပေါ်သို့ ဖြတ်တက်လိုက်ချိန်တွင် ကိုရဲနိုင်ကိုင်ထား သောစတီယာရင်တိုင်းအား ရုတ်တရက်သူဆွဲချပစ်လိုက်သည်။ ကိုရဲနိုင် အံ့အားသင့်ပြီး ကြောက်အားလန့်အားအော်လိုက်စဉ်မှာပင် ကားကလေးကတံတားနံရံကြီးအား အရှိန်နှင့်၀င် ဆောင့်ပစ်လိုက်သည်။
......................................................................................
သူငယ်စဉ်ကျောင်းပိတ်ရက်များက အဖေနှင့်အတူ ယာတောထဲသို့လိုက်သွားခဲ့ဖူး သည်။ သူကအရိပ်ကောင်းကောင်းသစ်ပင်ရိပ်တွင် ကစားနေစဉ် အဖေကယာစည်းရိုးမှ သစ်ပင်တွေကို ချိုင်ချနေသည်။ သူရှိနေသောအပင်ရိပ်သို့ အဖေရောက်လာချိန်တွင် သူကသစ်ပင်တွေကို လက်ညှိုးထိုး၍ မေးခဲ့ဖူးသည်။
“အဖေ၊ ဟိုးအထက်ဆုံးကိုင်းတွေကို ဘာလို့ချန်ထားတာလဲဟင်”
သူကအဲသည်လိုမေးတော့ အဖေကသဘောကျစွာရယ်သည်။
“အဲဒီကိုင်းက ချိုင်လို့မဖြစ်ဘူးသားရဲ့၊ အဲဒါ နတ်နေကိုင်း။ မချိုင်ကောင်းဘူး”
ထိုစဉ်ကသစ်ပင်ချိုင်ခြင်းကို သူ့ဘ၀တွင် ပထမဆုံးကြုံခဲ့ဖူးခြင်းဖြစ်သည်။ သူ့စိတ် ထဲတွင်လည်း သစ်တစ်ပင်၏ခေါင်းကိုင်းသည် နတ်နေကိုင်းဖြစ်၍ မချိုင်ကောင်းသောကိုင်း ဟူ၍ မှတ်ထားမိခဲ့သည်။
ယခု သူ၏မြင်ကွင်းထဲတွင် လူနှစ်ယောက်သစ်ပင်ချိုင်နေကြပြန်သည်။ သို့သော် ထိုလူနှစ်ယောက်ကတော့ သူ့အဖေလိုမဟုတ်။ ပိတောက်ပင်များအား မည်သည့်ကိုင်းမှ မချန်ဘဲလုံး၀တုံးတိ ချိုင်ပစ်နေခြင်းဖြစ်သည်။ လမ်းမပေါ်သို့ကိုင်းကျနေသော အဖျားများ ကလည်း ထိုကဲ့သို့ချိုင်ချပစ်မှသာ အန္တရာယ်ဖြစ်စေမှုမှ ကင်းဝေးစေလိမ့်မည်ဖြစ်သည်။
အဖေကတော့ နတ်နေကိုင်းကို မချိုင်ကောင်းဘူးဟု ပြောခဲ့သည်။ ယခုလူနှစ်ယောက် ကတော့ နတ်နေကိုင်းဆိုသည်ကို မသိ၍ဘဲလားမပြောတတ်။ အကုန်ချိုင်ချပစ်နေသည်။ သိသိကြီးနှင့်ချိုင်ချနေခြင်းလည်း ဖြစ်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ်လမ်းမပေါ်တွင် အန္တရာယ် ကင်းစင်သွားတာ သေချာပါသည်။
သူသည်လည်းကိုရဲနိုင်ဟူသော နတ်နေကိုင်းအား ထိုနည်းတူစွာချိုင်ချပစ်ခဲ့သည်။ ထို့အတွက် သူနှင့်ဘ၀တူ အလုပ်သမားများ ဘေးဒုက္ခအပေါင်းမှ ကင်းစင်သွားခဲ့ကြသည်။
အဖေကတော့ ထိုလုပ်ရပ်အတွက် အပြစ်တင်ကောင်းတင်ပါလိမ့်မည်။ သူကတော့ နတ်နေကိုင်းအားချိုင်ချပစ်လိုက်ဖို့ သူ့ခြေထောက်နှစ်ဖက်ပေးလိုက်ရသည်ကို တန်သည်ဟု တထစ်ချယုံကြည်ပါသည်။
လူခါး
(မဟေသီမဂ္ဂဇင်း၊2012)y