Monday 29 August 2016
စိတ်ခတ်ကျောက် (သို့ မဟုတ်) ကွာလာလမ်ပူမှာ ရွာနေတဲ့ မိုး
                          ၁
တစ်ခါက ကျွန်တော် ကဗျာတစ်ပုဒ်ရေးဖူးခဲ့ပါသည်။ထိုကဗျာစာ
သားများထဲတွင် ကျွန်ဆိုသော စကားလုံးပါသည်။ ထိုကဗျာကို
ဖတ်ကြသူများထဲမှ အမျိုးသမီးတစ်ယောက်က ကဗျာထဲတွင်သုံး
သော ကျွန်ဆိုသောစကားလုံးအားမသုံးရန် နှင့်  နိုင်ငံခြားရောက်နေ
သူများမှာ ကိုယ့်လုပ်အားနှင့်ကိုယ့်လုပ်အားခကို လဲလှယ်ယူနေကြသူ
များဖြစ်သဖြင့် ကျွန် ဟု မခေါ်ထိုက်ကြောင်း တို့ ပါဝင်လေသည်။
  သူက သူ့ ပြောရေးဆိုခွင့်ကို အပြည့်အဝ အသုံးချသွားသကဲ့ သို့ 
ကျွန်တော်ကလည်း ကျွန်တော့်ဖန်တီးခွင့်ကို အပြည့်အဝ စိတ်ကြိုက်
ဖန်တီးခွင့်ရှိသဖြင့် မပြင်ပေးမိခဲ့ပါ။ သူပြောစကားတို့ အားလည်း
မကန့် ကွက်ခဲ့ပါပေ။
   အမှန်တကယ် ဝန်ခံရလျှင် ကျွန်တော်လည်း ကျွန်ဆိုသော ဝေါ
ဟာရကို မုန်းပါသည်။ အင်မတန်မုန်းပါသည်။ သို့ သော်။ ကျွန် ဆို
သော စကားကို မသုံးရုံဖြင့် ကျွန်တော်တို့ သည် ကျွန်အဖြစ်က လွတ်
မြောက်သွားလိမ့်မည်မဟုတ်ပေ။  ကျွန်ဆိုသော စကားလုံးကို
မရေးလည်း ကျွန်တော်တို့ကိုယ်တိုင်က ကျွန် ဖြစ်နေခဲ့ကြသည်လေ။
ကျွန်
ကျွန်
ကျွန်တော် ပြောချင်သော ကျွန်။
မှန်ပါသည်။ ဤမျှ စကားဦးသန်းနေရခြင်းမှာ ကျွန် အကြောင်းကို
ကျွန်တော် ပြောလို၍ပဲ ဖြစ်ပါသည်။ တိတိပပပြောဆိုရလျှင် နိုင်ငံ
ခြားမှာနေပြီး ကိုယ့်လုပ်အားနှင့်ကိုပဲ ထိုက်တန်စွာရပ်တည်ရှင်
သန်နေထိုင်နေပါသော်လည်း ကျွန်တစ်ယောက်လို ရှင်သန်နေရသော ဘဝထဲသို့ အဖက်ဖက်က ဝင်လာသော မြားချက်များအကြောင်း။ ပြည်ပရောက်တို့ ရဲ့ ကျရှုံးခန်းများ အကြောင်း။
                                   ၂
သူ့ ကို ကျွန်တော် ပန်းဆိုးတန်း၌ ပြုလုပ်သည့်စာအုပ်မိတ်ဆက်ပွဲ
တွင်မှ စတင်မြင်ဖူးသိကျွမ်းခဲ့ ခြင်းဖြစ်၏။ ကဗျာစာအုပ်ထဲတွင်
ရေးသားကြသော ကဗျာဆရာများကလည်း ကဗျာရွတ်ကြသလို အခြားတက်ရောက်လာသည့် ကဗျာဆရာ ဆရာမများကလည်း 
ကဗျာရွတ်ကြသည်။ 
ထိုပွဲတွင် သူလည်း ကဗျာရွတ်သည်။ သူရွတ်သော ကဗျာမှာ မိတ်
ဆက်သည့်စာအုပ်ထဲ၌ ပါသည့် သူရေးသော မိသားစု ဆိုသည့် ကဗျာ
ဖြစ်သည်။ စာအုပ် အမည်က ခေတ်ပြိုင် # 7 ။
သူသည် အများသူငါကဲ့ သို့  မိုက်မသုံး။ ကျွန်တော့်အသံက နည်းနည်း
ကျယ်တယ် ဟု ဆိုကာ မိုက်လွတ်ရွတ်သည်။ သူ့ ကဗျာရွတ်ဟန်က
အတော် အမြင်ကပ်စရာကောင်းပါသည်။ ကဗျာဆိုတာကို အသံနေ
အသံထားဖြင့် ညင်ညင်သာသာ သို့ မဟုတ် အကွန့်အတွန့် များဖြင့်
ရွတ်သည်ကိုသာ ကျွန်တော် များစွာကြုံတွေ ခဲ့ဖူးပါသည်။ သို့ 
သော် သူ့ ကဗျာရွတ်ဟန်မျိုးဖြင့် ကျွန်တော်က မကြုံခဲ့ဖူးပါလေ။ 
    သူသည် ဘယ်အချိန်ကတည်းက ကဗျာတွေ စာတွေ စရေးခဲ့ သလဲ
ကျွန်တော် ထိုစဉ်ကမသိ။ လတ်တလောသူ့ အမူအယာ သူ့ ကဗျာ
ရွတ်ဟန်ကို ကြည့် ကာ ကျွန်တော့်မှာ အင်မတိ အင်မတန်နေရထိုင်
ရခက်နေမိသည်။
    သို့ သော် ကျွန်တော့် စိတ်ခံစားမှုသည်။ တစ်ခဏမျှသာ ဖြစ်သည်။
သူ့ ကဗျာရွတ်သံက ကျွန်တော့်ရင်ကို လာရိုက်သည်။ သူ့ ကဗျာစာ
သားများက ကျွန်တော့်ကို လှုပ်နှိုးလိုက်သည်။မိသားစုတဲ့။
မိသားစု
-----
လောကဓံ ပိုးစိုးပက်စက်ကြီးထဲ အဆန်ကူးနေရတိုင်း
ကိုယ်ကျင့်တရားက မက်မက်စက်စက် အဆစ်ပဲ့ ထွက်စရာလား
မထိနဲ့ 
ချစ်ခြင်းမေတ္တာမပါရင် ကျွန်မအရေပြားပေါ်က 
မွေးညင်းတစ်ပင်စာကလေးကိုတောင် ရှင့်စိတ်နဲ့ ပြစ်မှားခွင့်မရှိဘူး
အဲသလို အရှက်တရားကို အသက်ဓာတ်လို ချုပ်လုပ်ဝတ်ဆင်ထားတဲ့ 
မြန်မာဆံတောက်ကလေး
ဟောဒီ ဓနိမိုးအောက်မှာရှိခဲ့ ဖူးတယ်
နေလိုတညီးညီးတောက်လောင်နေတဲ့ နိစ္စဓူဝမှာ
ထွက်သက်ဝင်သက်လေးကအစ ကြွပ်ဆပ်
ရှိစုမဲ့စု မိသားစု အခက်အလက်ကိုမှ 
ဝမ်းရေးဆိုတဲ့ ခေါင်းစဉ်က တစ်တစ်ခွခွ သင်းခွဲပစ်လိုက်တယ်
ဖြေသိမ့်စရာမိသားစု အလွမ်းမှာတောင် 
သတိရစိတ်ဟာ ဆူးခက်ကြီးခြုံလို့ 
Homesick ဟာ တမျှင်းမျှင်းကျွမ်းလို့ 
မိသားစု အသက်ဆက်ရဖို့ ကျွန်တော့်မာနတွေ ကို ရောင်း..ချ...လို့ 
ကျွန်မအသွေးအသားတွေကို ချ...ရောင်း...လို့ 
ရလာတဲ့ဒုလ္လဘမှာ ငါတို့ အနာဂတ်ဆိုတာ 
ကျွန်စုပ်တဲ့ သရက်စေ့လို လွတ်လွတ်ကျွတ်ကျွတ်ကို
ပြောင်းတလင်းခါနေတုန်း
မိသားစု ချစ်စိတ်နဲ့ ပဲ့ထွက်လာတဲ့ ချွေးစက်ကို
ခေါင်းတစ်ဆန့် လည်တစ်မော့မှာ သန့် စင်ပစ်လိုက်လို့ရပေမယ့်
မှန်တစ်ချပ်လိုရိုက်ခွဲခံလိုက်ရတဲ့အပျိုရည်ကို 
ဘယ်လို ဆာဂျယ်ရီနည်းနဲ့ပြန်တပ်ဆင်ပစ်လိုက်ရမလဲ
ကျောက်သားလိုအေးစက်တော့ ဓားဝင်အသွေးခံရ
ညလိုငြိမ်သက်တော့ မုဒိမ်းဝင် အကျင့်ခံရ
စာနာတရားဆိုတာ အစွယ်ထွားထွားနဲ့အကောင်ကြီးကြီးတွေရဲ့ 
လက်သုံးစကား
အနာလည်းမသိ ဆေးလည်းမရှိတဲ့ မိသားစု ဘဝဆိုတာ
တစ်ယောက်ရင်ငွေ့ ကို တစ်ယောက်က ခြုံထားရတာထက်
တစ်ယောက်သက်ပြင်းတွေကို တစ်ယောက်က ငုံထားခဲ့ရ
တစ်ယောက်လက်ဖျံရိုးကို တစ်ယောက်က ကူသွေးလို့ 
တစ်ယောက်အနာဂတ်မှာ တစ်ယောက်က ကူလင်းလို့ 
တစ်ယောက်မျက်ရည်မှာတစ်ယောက်က လောင်မြိုက်ခဲ့ရ
တစ်ယောက်သောကမှာ တစ်ယောက်က မှောင်မိုက်ခဲ့ ရ
တစ်ယောက်ရင်ဘတ်ကို 
တစ်ယောက်ရဲ့ သံယောဇဉ်နဲ့ထွင်းခဲ့ကြသလို
တစ်ယောက်ရဲ့ ဆူးကို တစ်ယောက်ရဲ့ရင်နဲ့ ထွင်းခဲ့ကြ
အိုကြီးအိုမအမိအဖအတွက်  ရေကြည်ချမ်းမြမဖြစ်ခဲ့ရင်တောင်
ပူပင်သောကမဖြစ်စေရဘူး
ငါတို့ ဒဏ်ရာကို ငါတို့လျှာနဲ့ လျက်ခဲ့ ကြသလို
ငါတို့ ကံကြမ္မာကို ငါတို့ဖန်တီးခဲ့ကြ
မြေနိမ့်ရာလည်း လှံမစိုက်ကြပါနဲ့ တော့
ရေနစ်ရာလည်း ဝါးကူမထိုးကြပါနဲ့ တော့
ငါတို့ ရွှဲရွှဲစိုခဲ့ရတာက လောင်မီး
ငါတို့ ခိုက်ခိုက်တုန် ခဲ့ရတာကရှို့ မီး
သံသရာအကြွေးကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ်
ခြင်္သေ့လို မြက်မစားနဲ့ မာနနဲ့ 
ဒီတလင်းပေါ်မှာပဲ ငါတို့ အရိုးတွေကို
လွင့်လွင့်ဝေဝေမြေချခဲ့ လိုက်မယ်
အဆုံးမတော့...
ကမ္ဘာမြေကြီးရေ ...ကျွန်တော်တော့ ကျွံဖြစ်နေပြီ
ကမ္ဘာကြီးရေ  ...ကျွန်မတော့ နွံနစ်နေပြီရယ်လို့ 
ငါတို့ ဂရုဏာတရားဆာလောင်နေတဲ့  တစာစာရင်ကွဲသံတွေနဲ့ ပဲ
ချစ်သောကမ္ဘာမြေကို နှုတ်ဆက်ခဲ့ ကြရ။
                               ညီလင်းနိုင်
                   ခေတ်ပြိုင် #7    ကဗျာ စာအုပ်မှ
ု
အထက်ပါကဗျာ၏အဆုံးသတ်အပိုဒ်ကို သူ ရွတ်ပြီးသည်နှင့် ကျွန်
တော် သူ့ ကို ညီလင်းနိုင်ဆိုတာ ဒါပါလား ဟု သိလိုက်မိတော့
သည်။
ကဗျာရွတ်နေစဉ်အတွင်း သူငိုနေသလား ကျွန်တော်မသိ။ 
ကျွန်တော်ကတော့ နားထောင်ရင်း မျက်ရည်ဝဲနေမိသည်။ သူ့ ကဗျာ
ကို ပထမဆုံးအကြိမ်နားထောင်ဖူးခြင်းဖြစ်သော်လည်း ကျွန်တော်
နားမထောင်ရဲသော အခြေအနေတစ်ခု မှ မိသားစု ဘဝကို သူ 
ဖွဲ့ ပစ်လိုက်တာကို နားကြားခံစားလိုက်ရသဖြင့် ကဗျာက ထွက်
လာသော အသံလှိုင်းမှာ ဗုံးစဗုံးနများလို ကျွန်တော့်ကို လာမှန်
တော့သည်။ ကနဦးကစာရင်းသွင်းထားသော ကဗျာရွတ်မည့် သူ
စာရင်းထဲမှ ကျွန်တော့်နာမည်ကို အတင်းဖျက်ခိုင်းမိတော့၏။
ကျွန်တော့်ရဲ့ မပြောင်မြောက်သော အနုပညာကို  ထုတ်ဖော်မည့် 
အချိန်များကို သူ့ မိသားစု ကဗျာကို ခံစားရင်းဖြင့် ကုန်ဆုံးပစ်
လိုက်ဖို့ ကျွန်တော်ရွေးချယ်ခဲ့ သောကြောင့်ဖြစ်သည်။
မိသားစု။
နားထောင်မိရုံဖြင့် ဘဝကူးပစ်လိုက်သင့်သည့် ကဗျာ။
   သူလည်းမလေးရှားမှာနေသူ ။ ကျွန်တော်လည်း မလေးရှားမှာ
နေခဲ့ဖူးသူ။ သို့ သော်  သူနှင့်ကျွန်တော် မတွေ့ ခဲ့ဖူးပါလေ။  တခါက
မြန်မာပြည်သို့ ပြန်လာသော စာရေးသူ မိတ်ဆွေတစ်ယောက်က မလေးရှားရှိ သူ့ အကြောင်းကို ပြောပြဖူးသည်။ အများကြီးတော့ 
မဟုတ်။ သူ သည် ကျွန်တော်တို့ ကဲ့ သို့ မသောက်မစားတတ်။ တစ်ခါ
ကြီး မိတ်ဆွေ အချို့ ဆုံကြတော့ မသောက်မစားသော သူ့ အား 
သောက်စားပြီးသည့် မိတ်ဆွေတစ်ယောက်ကရစ်သည့် အကြောင်း။
သူက သည်းခံနေသတဲ့ ။ ကျွန်တော်သိသော သူ့ အကြောင်းမှာ
ထိုမျှသာပဲ ဖြစ်ပါသည်။
့ယခု သူ တို့ ကဗျာစာအုပ် ခေတ်ပြိုင် #7 စာအုပ်ပွဲတွင်မှ သူ့ ကို
တည့်တည့်ကြီး သိခဲ့ခြင်းဖြစ်သည်။ 
ကဗျာတစ်ပုဒ် ကစခြင်း။
သို့ သော် ထိုကဗျာတစ်ပုဒ်ကပင်သူနှင့် ကျွန်တော့်ကို ရင်ချင်းစိုက်စေ
ခဲ့ပြီ။ 
မိတ်ဆက်ပွဲပြီးသည့် ညတွင်မတော့ ကျွန်တော်တို့ အဖွဲ့  အင်းစိန်
မြို့ နယ်ထဲမှ ဆိုင်တစ်ဆိုင်တွင် အမှတ်တရ စားကြသောက်ကြ
တော့သည်။ သူက မသောက်။ သူမသောက် တာကို ထိုပွဲတွင်မှ
ကျွန်တော် လက်ခံခဲ့ ရတော့သည်။ သူနှင့်ကျွန်တော် အသက်အား
ဖြင့် သိပ်မကွာလှ။ သို့ သော်အသိအားဖြင့် သော်လည်းကောင်း
ထိမ်းသိမ်းနိုင်စွမ်းအားဖြင့်သော်လည်းကောင်း သူသည် လုံးဝ
တည်ငြိမ်ရင့်ကျက်လွန်းလှသည်လေ။  
တစ်ခါသားတော့ သူ့ အစ်ကိုဝမ်းကွဲတစ်ယောက်၏ အရိပ်အာဝါသ
အောက်တွင် ကျွန်တော်တို့ တစ်ညသာ အိပ်စက်အနားယူကြသည်။
သူရယ် ကျွန်တော်ရယ် လင်းလက်တာရာရယ် ရာဇာမျိုး(အင်းကုန်း)
ရယ်။
 ထိုညက ကျွန်တော်တို့ တော်တော့်နှင့်မအိပ်ဖြစ်ကြပေ။ သူကခဏ 
ပြန်လာစဉ်အတွင်း သူ ဝယ်ထား လက်ဆောင်ရရှိထားသော စာအုပ်
များကို မင်းတို့ လိုချင်တာ ယူ ဟု ပြောရင်း ပစ်ချပေး
သည်။ ကျွန်တော်က ကျွန်တော့်စာမူပါပြီး ကျွန်တော်၌မရှိသော မဂ္ဂ
ဇင်းတစ်အုပ်ကို တွေ့ သဖြင့် ယူခဲ့သည်။ ထိုညက ကျွန်တော်တို့ မအိပ်
ဖြစ်ကြ။ဘယ်အချိန်မှ အိပ်သွားသည်ကိုလည်း မမှတ်မိတော့။
တစ်နေ့ ကြီးတွင်မတော့ သူ ကျွန်တော့်ကို ရင်ဖွင့်သည်။ ဘူတာကြီး
စာဖတ်ဝိုင်းတွင် သူသွားရောက်နားထောင်စဉ်က အခန့် မသင့်
ဖြစ်ခဲ့ ကြပုံကို သူပြန်ပြောပြရင်း မကျေနပ်မှုများကို ရင်ဖွင့်သည်။
ကျွန်တော်က နားထောင်သမား။ သူက မကြာခဏ ပြောလေ့ရှိသော
စကားမှာ ညီလေး ကိုယ်က tone ကြမ်းတယ် ညီလေး ဟူသောစ
ကား။ တကယ်လည်းသူ့ စကားသံက ပတ်ဝန်းကျင်ကို အုပ်အုပ်
သွားလေ့ရှိသည်။ သူ က ဒါကို ဂရုမစိုက်။ သူမှန်သည် ထင်တာကို
သူ့ ပင်ကိုယ်အတိုင်းသာ သူ ဆက်လက်ကျင့်သုံးသည်။ သူ က ရင်
ထဲမှာ မြိုသိပ်မထားတတ်သောသူရယ်လေ။
တခါက fb စာမျက်နှာပေါ်တွင်သူ့ ပေါက်ကွဲသံစဉ်တစ်ခုကို ကျွန်
တော် မြင်မိသည်။ ကျွန်တော် သူ့ ကို cb မှ သွားမေးတော့ ညီလေး
မင်းကွာ  ဟု အစချီကာသူပြောချင်တာကိုပွင့်ပွင့်လင်းလင်းပြောသွား
သည်။ ကျွန်တော်ကနားထောင်သမား။ ကျွန်တော်သူ့ ကို ဘာမှ မပြော
ရက်။ ကျွန်တော်အစ်ကိုနဲ့ ပြန်ဆုံတဲ့ နေ့ ရှင်းပြပါမည် ဟု ပြောရင်း
စကားလက်စသပ်လိုက်ကြသည်။ ခင်မင်မှုက ခင်မင်မှု။ သို့ သော်
သူက သူပြောချင်တာကို တော့ဖြင့် ခင်မင်မှု ဟူသော စည်းကြောင့်
မျိုသိပ်ထားမည့်သူမျိုးမဟုတ်ပါလေ။ဒါကိုကျွန်တော်ကလည်း လက်
ခံပါသည်။ လူဆိုသော သတ္တာဝါမှာ လွပ်လပ်စွာပြောဆိုနေထိုင်ခွင့်ကို
ိအလွန်ခုံမင်သော သတ္တဝါ ဟု ကျွန်တော်လက်ခံထားသည်။ 
ကျွန်တော့် လိုပဲ သူလည်း လက်ခံလိမ့်မည် ဟု ကျွန်တော် 
ယုံကြည်သည်။
လွန်ခဲ့ သော ၂၀၁၅ ခုနှစ်အတွင်းက သူစီးရီးလိုက်ရေးနေသော
စိတ်ခတ်ကျောက် ကဗျာများထဲမှ သူ့ ကဗျာတစ်ပုဒ်ကို 
မဂ္ဂဇင်းစာမျက်နှာထက်တွင်တွေ့ သဖြင့် ကျွန်တော်ဓာတ်ပုံရိုက်ပြီး  သူ့ ထံပို့ ပေးလိုက်သည်။
ကဗျာက ရုပ်ရှင်တေးကဗျာတွင်ပါသည့် စိတ်ခတ်ကျောက် ၃ ။
ပန်းဆိုးတန်း စာပေလာကတွင် စာအုပ်ကလေးကိုအသာလှပ်ပြီး
ရောင်းသူများမသိအောင် အသာရိုက်ပြီး ပို့ လိုက်တာ အစ်ကိုဟု ကျွန်
တော်က ဆိုတော့  မင်းရဲ့ စွန့် စားမှုကို အသိအမှတ်ပြုပါတယ် ဟု 
ဆိုသည်။ သူ့ အတွက် ကျွန်တော် လုပ်ပေးလိုက်ရသည်က ဘာမှ မဟုတ် လောက်သော်လည်း သူ့ ချီးမွမ်းစကားက ကျွန်တော့်ကို ပျော်
စေခဲ့တာတော့ သေချာခဲ့ပါသည်။
သူက ခါတရံ စာရေးသူ ချင်းဆိုသော မရံအတားကိုကျော်လွန်၍ 
အစ်ကိုတစ်ယောက်လို ပြောဆိုဆက်ဆံကူညီတတ်လေသူ တစ်
ယောက်။ ကျွန်တော် ရာသက်ပန် မှတ်တိုင် အနီးမှ အိမ်တစ်အိမ်
တွင်  ကုန်းကောက်စရာမရှိအောင် စိတ်ဓာတ်ပိန်ချုန်းနေစဉ်အတွင်း
သူရောက်လာပြီး ကျွန်တော့်လက်ထဲကို ငွေကြေးအချို့ ထိုးထည့်
ပေးသွားခဲ့ဖူးသည်။ 
အချို့ သော သူ့ ဘဝအစိတ်အပိုင်းများကို ကျွန်တော် မျက်ရည်တွေ
ဝေ့ရင်းနားထောင်ခဲ့ဖူးသည်။ မလေးရှားဆိုသော စစ်မြေပြင်မှာ
ကျွန်တော်ကြားဖူးခဲ့ သော အသည်းနာစရာဇာတ်ဝင်ခန်းများ၏
ဇာတ်ကောင်မှာ သူဖြစ်နေခဲ့ တာမျိုးအထိ သူက အတွေ့ အကြုံများ
လေသူ။ တစ်နေ့ တွင်သေချာပေါက် စာရေးဖြစ်မည် ဖြစ်သော်လည်း
ယခုထိတော့ ကျွန်တော်မရေးရဲ။ မရေးရက်။ ကျွန်တော် စွဲလမ်း
ခဲ့သော သူ့ မိသားစု ကဗျာကို နောက်တစ်ခါနားထောင်ရဲ လောက်
သည်အထိ ကျွန်တော့်အသည်းသည် မမာခဲ့။
သူ ကတော့ သူ ဖွဲ့ သောကဗျာများလို မာကျောပြတ်သားသော
စကားလုံးများနှင့်။ tone ကြမ်းသော ပြတ်သားမှုများနှင့်။ သူက
ကျစ်လစ်သိပ်သည်းသော မီးခတ်ကျောက်တစ်လုံးလို နေထိုင်တတ်ပြီး လိုအပ်လျှင် မီးတောင်တစ်လုံးလို ပေါက်ကွဲပစ်လိုက်ဖို့  အသင့်ရှိနေတတ်သူ။
သူနှင့်ပတ်သက်၍ အပျော်တွေ ရဖူးသောနေ့ များလည်းကျွန်တော့်
တွင်ရှိခဲ့ဖူး၏။ တစ်ခါက အညိုရောင် သပြေခက်ပေါ်တွင် နှင်းစက်
တို့ လက်နေသကဲ့ သို့ ပြုံးပျော်နေလေ့ရှိသော အခိုက်အတန့်ကို မြင်
ရသကဲ့ သို့ အေးအေးချမ်းချမ်းနှင့် ခင်မင်ဖွယ်ကောင်းသော ပြုံးအလှ ပိုင်ရှင် တစ်ယောက်နှင့်သူ့ ကို ရန်ကုန်ဘူတာကြီး ပလက်ဖောင်းပေါ် တွင် အမှတ်မထင် ဆုံခဲ့ ဖူးသည်။
ဝိုင် တဲ့။
တစ်ခါကြားရုံနှင့်မမေ့နိုင်သောနာမည်နှင့်။ တစ်ခါမြင်ဖူးရုံဖြင့် 
ခင်မင်ဖွယ်ဖြစ်သော အပြုံးနှင့်။ 
ဘာဝိုင်လဲတော့ မသိဘူး။ မင်းသိချင်သူ့ မေးကြည့် "လို့သူက ဆို
တော့ သူ့ ဘေးနားက အညိုရောင် သပြေခက်ကလေးက ရှက်ပြုံး
ပြုံးသွားခဲ့သည်။ 
ထိုတစ်ခါတည်းသာ ဖြစ်သော်လည်း တစ်သက်လုံးအတွက် မိတ်ဆွေ
မွန် ဖြစ်နေခဲ့တာကိုတော့ ထိုနေ့ က သူတို့ နှစ်ယောက် သိမည်မထင်။
မည်မျှတိတ်ဆိတ်ငြိမ်သက် မာကျော နေသောကျောက်တစ်လုံးဖြစ်နေ
ပါစေထိုကျောက်ကို သိုသိပ်ဖေးမဖို့ နူးညံ့သော ဂွမ်းသည် 
လိုအပ်သကဲ့သို့ ။ ကျွန်တော်သည်သူ့ အပျော်ကိုခံစားရင်းပြုံးရသည်။
လွန်ခဲ့သော လများက ကျွန်တော်နှင့်သူ အန်ဖရန့် ဖြစ်သွားခဲ့ကြ
သည်။ သိသိချင်း ကျွန်တော်လန့် သွားသည်။ သူနှင့် ကျွန်တော်က
ကလစ်တစ်ချက်ထောက်ရုံမျှဖြင့် မိတ်ဆွေ ဖြစ်လာကြသူတွေ မှ မဟုတ်ဘဲ။ သူ့ wall ကိုပြေးပြီး ကြည့်တော့ လည်း ပုံမှန်။ ဘာကြောင့်
ဆိုတာကို ကျွန်တော်မသိ။ သူ့ ကိုလည်း မမေးရဲ။ ညီတစ်ယောက်က
သည်။ သူ လုပ်ပစ်လိုက်တာ ဟု လည်း ကျွန်တော် မထင်ရဲ။ ကျွန်
တော်လည်း မလုပ်။ အဖြေက မရှိ။
သိပ်မကြာလိုက်ပေ။ သူ ကျွန်တော့်ကို ပြန်အက်ထားသည်။ ပျော်
လိုက်သည့် ဖြစ်ခြင်း။ အစ်ကိုနဲ့ ကျွန်တော် ဘယ်လို ဖြစ်ပြီး အန်ဖရန့် 
ဖြစ်သွားတာလဲ အစ်ကိုဆိုတော့ သူ က လည်း မသိ။ အန် ဖြစ်နေလို့ 
ပြန်အက်ထားတာ ဟု ဆိုသည်။ ကျွန်တော်ကတော့ သူနှင့်ကျွန်တော်က Hi ဆိုသော စာလေးတစ်ကြောင်းဖြင့် မိတ်ဆွေ 
ဖြစ်လာသူများ မဟုတ်ခဲ့ လေတော့ အခြားမည်သည့်နေရာတွင် 
အန်အန် ရင်ထဲ မှာတော့ ထာဝရ မိတ်ဆွေ စစ်များသာ ဖြစ်နေမည် ဟု
ယုံကြည်နေခဲ့ သည်။
သူနှင့်ကျွန်တော်၏ ထိတွေ့ မှုသည် နာရီအားဖြင့် မကြာလိုက်သော်
လည်း ရင်ထဲတွင်မတော သံမှိုစွဲ သလို ခိုင်မြဲ နေခဲ့ပါသည်။ သူ့ ကို
သိပ်မတွေ့ ရ သော်လည်း သူ မလေးရှားကို ပြန်သွားတာကို သိသည်။
မလေးရှားတွင် နေထိုင်ရင်း ကဗျာလောက ကို သူ ပြန်ပြန်ကြည့်
တာကို ကျွန်တော်သိသည်။ ရေဘေးဆိုလည်း သူ မလေးရှားကနေ
ပါသည်။ ကျန်းမာရေးဆိုလည်း ပါသည်။ ပြီးခဲ့ သော ရက်ပိုင်းများက
သူရေးသောစာလေးတစ်ကြောင်းကို ကျွန်တော်တွေ့ သည်။
ပြန်ရောက်ပါပြီ။ 
ချစ်ခြင်း မုန်းခြင်း အရာအားလုံးကို 
လက်ခံရရှိခဲ့ပါတယ် ရန်ကုန်။
ထိုစာကလေးကို ရန်ကုန်သို့ ရေဘေးအလှူ အတွက် လာရောက်က
ူပြီး မလေးရှားသို့ ပြန်ရောက်စချိန်တွင် သူရေးခဲ့ ခြင်းဖြစ်သည်။ 
စာအတိုကလေးဖြစ်သော်လည်း  တွေးစရာတွေ တသီကြီး ဖြစ်နေ
သည်။ သူ နှင့်ဆုံဖြစ်လျှင်တော့ ကိုယ်က tone ကြမ်းတယ်
ညီလေး ဟု အစချီကာ သူ ရင်ဖွင့်ဦးတော့မည်။
သူသည် ချစ်ခြင်းမုန်းခြင်းကို ဂရုစိုက်နေမည့် သူ မဟုတ်တာတော့
ကျွန်တော်ယုံကြည်ပါသည်။ ခက်တာက ချစ်ခြင်းမုန်းခြင်းဆိုသည်
နေရာအမျိုးမျိုး ရှုထောင့်အသွယ်သွယ်မှ လာတတ်တာမျိုး ဆိုတော့
မည်သည့်နည်းနှင့်မဆို လက်ခံရရှိကြမည် မှာကတော့ သေချာလွန်းလှ
သည်။ အရေးကြီးသည်က ထိုချစ်ခြင်း မုန်းခြင်းများကြာင့် ကိုယ့်
ခြေလှမ်းတွေ ရပ်တန့် မသွားစေဖို့ သာပဲ ဟု သူ့ ကို ကျွန်တော်
ပြောချင်သည်။  ကျွန်တော်မပြောလည်း သူသည် ရပ်တန့် လိမ့်မည်
ကားမဟုတ်။ 
သူနှင့်ကျွန်တော်၏ တွေ့ ဆုံမှုသည် အချိန်ကာလ အားဖြင့် သိပ်ရှည်လျား ဝေးသီနေခဲ့ တာမျိုးမဟုတ်သော်လည်း 
ချစ်ခြင်းမုန်းခြင်းတို့ ကြောင့် ရပ်တန့် သွားလိမ့်မည်မဟုတ်
သော သူ၏ ယုံကြည် ချက်ကိုတော့ ကျွန်တော်အမိအရ ဖမ်းယူထား
နိုင်ခဲ့ပါသည်။
ယခု သူသည် ပြည်ပဆိုသော တောရဲထဲမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရင်း ပြေးဝင်လာသောဟမြားချက်တွေကို ခုခံရင်း အဘယ်သို့ သော ကဗျာကို ဆက်လက်ဖွဲ့ သီနေမည်ကို
ကျွန်တော် မသိ။မိသားစု လား။ စိတ်ခတ်ကျောက်လား။ ဒါမှ မဟုတ်
သူ၏ နာမည်ကြီး ဆောင်းပါးတစ်ပုဒ် ဖြစ်သော  ညီမလေး  သို့ ...
ဆိုသည့် ဆောင်းပါးမျိုးလား။ 
ကျွန်တော်သူ သူ့ အကြောင်းကိုတွေး၏။
နာရီသည် လည်နေလေသည်။
                                            လူခါး
                  30.08.2016:wed;  02:14 am
                                     Tokyo
No comments: