ကျွန်တော် တိုကျိုကို သွားမယ်ဆိုတော့ အလုပ်အတူလုပ်တဲ့ တစ်ယောက်က ဘာလဲ..တိုကျိုကစားသောက်ဆိုင်မှာ ပန်းကန်သွားဆေးမလို့လားတဲ့။ ကျွန်တော်ဘာမှ ပြန်မပြောဖြစ်ဘူး။ သူကပဲ ဆက်ပြောတယ်။ စကားလည်းမတတ်၊ စာလည်းမရဘူးဆိုတော့ ဆေးရမှာပဲ..တဲ့။
ကျွန်တော်လည်း ငါးခုတ်တဲ့ ဓါးကို သူ့ဘေးနားပစ်ချပြီး သူ့အနားက ထွက်လာခဲ့တယ်။ သူပြောသလို ဖြစ်လည်း ဖြစ်ပေါ့လို့ ကျွန်တော့်ဘာသာ တွေးပြီးသားပါ။ဒါပေမဲ့ အပြောခံလိုက်ရတော့ စိတ်တိုသွားမိတာ။
အဲသလိုနဲ့ တိုကျို ရောက်လာရော။ တိုကျိုရောက်လာတော့ အလုပ်က တန်းမရဘူး။ ပန်းကန်ဆေး အလုပ်တွေပဲ ပေါတယ်။ စိတ်ကလည်း သူငယ်ချင်းပြောစကားကို ပြန်ကြားနေမိပြီး လုပ်ဖို့ စိတ်ထည့်လို့ မရဘူး။ အဲဒါနဲ့ပဲ နေစားရိတ် စားစရိတ်ကြီးတဲ့ တိုကျိုကနေ နယ်မြို့ကလေးမှာ အခန်းအောင်းနေရတယ်။
နယ်မြို့လေးမှာလည်း အလုပ်ကတန်းမရလို့ တိုကျိုတက်ပြီး ရရာအလုပ်လုပ် ပြန်လုပ်မယ်ဆိုတော့ အသိ အစ်ကိုကဘာလဲ ပန်းကန်သွားဆေးမလို့လား..တဲ့။ ရရာပေါ့အစ်ကိုရာ ဆိုတော့ မင်းတို့ကောင်တွေ ဂျပန်လာရင် ပန်းကန် ဆေးတဲ့အလုပ် လုပ်ကို လုပ်ရမယ်လို့ ဘယ်သူကပြောလို့လဲ..တဲ့။ ပြီးတော့ တဆက်တည်း ပြောတယ်။ခဏစောင့် ငါ အလုပ်ရှာပေးမယ်..တဲ့။
တကယ်လည်း သူက အလုပ်ရှာပေးတယ်။ အတော် သက်သာတဲ့ အလုပ်ပဲ။ သူငယ်ချင်းတွေက ခင်ဗျားအလုပ်က DJ ပွတ်ရတာပါဗျာ…တဲ့။
တကယ်လည်း ပြောလောက်တယ်။ အလုပ်က အလှမွေးငါးကန်ထဲထည့်တဲ့ ကျောက်တုံးလေးတွေ၊ သစ်မြစ်လေးတွေမှာ ရေညှိပင်လေးတွေ ဗေဒါပင်လေးတွေကို အပ်ချည်ကြိုးလောက်ရှိတဲ့ ကြိုးလေးနဲ့ စည်းပေးရတာ။
တစ်ရုံလုံး အမျိုးသမီးတွေ ချည်းပဲ။ နည်းနည်း လေးတာလေးဆို ဇော်စံ.. ဇော်စံ..နဲ့ အော်ခေါ်ရင် ပြေးပြီး မပေးလိုက်ရတာပဲ။ အဲ့အချိန်ပဲ အားစိုက်ရတယ်။
ကျွန်တော့်လို အားကောင်းမောင်းသန် အဘိုးကြီးတစ်ယောက်ရှိပေမယ့် သူက နာရီလိုပဲ အလုပ် လုပ်တယ်။နားချိန်ကျတာနဲ့ ဂျိကန်ဒက်စ်(အချိန်ကျပြီ)လို့အော်ရင်အားလုံး နား၊
အချိန်ပြည့်ရင် ဂျိကန်ဒက်စ်ဆို အလုပ်ပြန်စ ။ အဲ့ဒါသူ့အ
လုပ်ပဲ။ တစ်ရုံလုံးလည်း သူပဲ နာရီပါတ်တာ။
အဲ့အလုပ်မှာ ၆ လလုပ်ပြီး ဗူးရုံပြောင်းခဲ့လိုက်တယ်။ပိုက်ဆံတော့ ပိုရပါရဲ့ လုပ်ရတာက ချာလီချက်ပလင်ဝက်အူကြပ်သလို စက်ကထွက်လာတဲ့ ဗူးကို မှီအောင်မကောက်နိုင်လို့ ချွေးပျံရတယ်။ ချာလီ့ကိုကြည့်တုန်းက ရယ်မိပေမယ့် ကိုယ်တိုင်ကြုံမှပဲ မရယ်နိုင်တော့ဘူး။
လူက ဆိုင်းဝိုင်းထဲ ရောက်နေတဲ့ လူလိုပဲ။ လက်က
လာဘ်ခေါ်ရုပ်ရဲ့ လက်တွေလို လှုပ်နေ ရမ်းနေရတာ။အဲ့
အလုပ်မှာလည်း ခဏပဲ လုပ်ပြီး ထွက်လိုက်တယ်။
အခုအလုပ်ကတော့ အမိုက်ဆုံး ပြောရမယ်။စက်၉လုံးလှည့်နေရုံပဲ။ ပူတော့ပူတယ်။ ပွါးမယ့်လူ မရှိတာနဲ့ဘဲ လုပ်ဖြစ်နေတာ။ ကျွန်တော်က လူပင်ပန်းရင် ကျော်ဖြတ်နိုင်တယ်။ နားပင်ပန်းရင် ဒဏ်မခံနိုင်ဘူး ဆိုတာမျိုး။
အခုအလုပ်မှာ အကြိုက်ဆုံးကတော့ ထမင်းစားချိန်စက်ရုံက ထမင်းဆိုင်မှာ စားရတာကိုပဲ။ ဟင်းမချက်တတ်သူ ကျွန်တော့်အတွက် ယန်း (၃)ရာနဲ့ ၄မျိုးလောက် ရှိတဲ့အထဲက အဆင်အပြေဆုံး တစ်ခုကို ရွေးစားလို့ရတယ်။ စားပြီး ပန်းကန်ကို ဆေးကန်ထဲ ချထားခဲ့ရုံပဲ။ ဘယ်လောက်မိုက်လဲ။
တစ်နေ့တော့ ကျွန်တော်လည်း ဗိုက်ဆာဆာနဲ့ စက်ရုံပေါ်တက်သွားတယ်။ နမူနာပြထားတဲ့ ဟင်းတွေ ကလည်း ရှယ်ပဲ။ စက်ထဲကနေ ထမင်းစားလက်မှတ်ဖြတ်ပြီး ထမင်းသွားယူတော့ အမိုက်ဆုံးဟင်းကို ရွေးပြီးယူခဲ့လိုက်တယ်။
လူက သိပ်မများသေးဘူး။ အဲကွန်းလေတဟူးဟူးနဲ့ အပီအပြင် စားမယ်ဆိုပြီး ဟင်းကိုလည်း ခပ်လိုက်ရော ဆံပင်စကြီး။ လူက ဗိုက်ဆာဆာနဲ့မို့ ဒေါသထွက်သွားတယ်။
မစားရသေးတဲ့ ထမင်းပွဲကို လင်ဗန်း လိုက်မပြီး ခါတိုင်း ထမင်းပန်းကန်ဆေးဖို့ ထားပေးရတဲ့ နေရာမှာ အသံမြည်
အောင် သွန်ချပစ်လိုက်တယ်။
အသံက တော်တော်ကျယ်သွားတာမို့ ထမင်းစားခန်းတစ်ခုလုံး ငြိမ်ကျသွားတယ်။
ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဆိုပြီး စားသောက်ခန်းပြင်တဲ့ အထဲက တစ်ကိုယ်လုံး မျက်လုံးပဲဖော်ထားတဲ့ တာဝန်ရှိသူတစ်ယောက် ပြေးထွက်လာတယ်။
ဘာဖြစ်ရမလဲ.. ထမင်းထဲမှာ ဆံပင်မွေးပါလာတယ်။ဒါနဲ့ဆို ၂ ကြိမ်ရှိပြီ လို့ ကျွန်တော်လည်း အော်ပစ်လိုက်တယ်။
တကယ်လည်း ၂ ကြိမ်ရှိပြီ။ ပထမတစ်ကြိမ်တုန်းကတော့ ဖယ်ပြီး စားဖြစ်သေးတယ်။ ဒီတစ်ခါတော့ လူက ဒေါသကို မထိမ်းလိုက်နိုင်တော့ဘူး။
ကျွန်တော့်စကားကိုကြားတော့ မျက်လုံးပဲ ဖော်ထားတဲ့နောက်တစ်ယောက် ပြေးထွက်လာတယ်။ပြီးတော့ လက်မှတ်စက်ကိုသွားပြီး လက်မှတ်အသစ် တစ်စောင် ယူလာတယ်။
ဒီလက်မှတ်နဲ့ အသစ်တစ်ပွဲ ထပ်ယူပါ..တောင်းပန်ပါတယ်။ ဂေါ်မန်းနာစိုင်းနယ်..တဲ့။
ကျွန်တော်လည်း ရတယ် ဆိုပြီး ထမင်းစားခန်းထဲက ပြန်
ဆင်းလာခဲ့တယ်။ ဆင်းသာ လာခဲ့တာ လူက ဒေါသကြောင့် တုန်နေတုန်း။
ညနေ အလုပ်ပြန်သည်အထိ ဘာမှ မစားတော့ဘဲ ပြန်ချိန်ကျတာနဲ့ ကားကို ဒရောသေားပါးမောင်းပြီး စက်ရုံထဲက ထွက်လာခဲ့တယ်။
အိမ်တန်းပြန်မယ် စိတ်ကူးပြီးမှ အိမ်လစာပေးစရာရှိတာမို့ အိမ်ပိုင်ရှင် သူဌေးမရဲ့ ရုံးခန်းဘက် မောင်းလာခဲ့လိုက်တယ်။
ရုံးခန်းရှေ့မှာ သူဌေးမရဲ့ Ford ကား အမည်းရောင်ကြီးရပ်ထားတာကို တွေ့တာမို့ သူ့ကားဘေးမှာ ကျွန်တော့်ကားကို ကပ်ရပ်ပြီး ရုံးခန်းထဲ ဝင်လာခဲ့တယ်။
သူဌေးမက ခဏစောင့်ဆိုပြီး လက်ဟန်ပြတာမို့ အသာထိုင်စောင့်နေလိုက်ရတယ်။ အိမ်ခန်းတွေ၊ အဆောင်တွေ အများကြီး ရှိတဲ့အပြင် ကားတွေ ဆိုင်ကယ်တွေကို လည်း လေလံဆွဲတာတို့ ဘာတို့လုပ်တော့ အတော်တော့ ကြွယ်ဝ
တယ်။
သူပြီးမှ အိမ်လစာ ပေးပြီး ပြန်မယ်လုပ်တော့ ဇော်စံ..ခဏ စောင့်ဦးဆိုပြီး သူ့စားပွဲအံဆွဲကို လှပ်ပြီး တစ်ခုခုကို ယူပြီး ကျွန်တော့်အနားပြန်ရောက်လာတယ်။
ရော့..
သူပေးတာကို ကြည့်လိုက်တော့ စက်ရုံက ၃၀၀တန် ထမင်းစား လက်မှတ်လေး။
ကျွန်တော် အံ့ဩသွားတယ်။ သူဌေးမက ဒီလက်မှတ်ကို ဘယ်က ရတာလဲ လို့လည်း တွေးမိလိုက်ရင်း
ဘယ်လိုလုပ် လက်မှတ်က ဒီမှာ ရောက်နေတာလဲ။ ဘယ်သူ လာပေးသွားတာလဲ လို့ မေးလိုက်တော့ သူဌေးမက တစ်ချက်ပြုံးရင်း ငါယူလာတာလေ..တဲ့။
ကျွန်တော် ထပ်ပြီး အံ့အားသင့်သွားတယ်။
ရှချော(သူဌေး)က ဘယ်လိုသိပြီး ယူလာတာလဲ ဆိုတော့ ငါရှိတယ်လေ။ အထဲက လှမ်းမြင်လိုက်တယ်။ငါက အထဲမှာ ပန်းကန်ဆေးနေတာတဲ့။ ဘိုက်တို( အချိန်ပိုင်းအလုပ်) လုပ်နေတာတဲ့..။ ရော့..တဲ့။
ကျွန်တော့်ကို ပြုံးပြရင်း ကမ်းပေးပြန်တယ်။
ကျွန်တော် မငြင်းနိုင်တော့ဘူး။ လက်ကို မတုန်အောင်ထိန်းရင်း မျက်နှာကို အမူအရာ မပျက်အောင် ကြိုးစားပြီး ထမင်းစား လက်မှတ်ကို ယူလိုက်မိတယ်။
ကျေးဇူးတင်ပါတယ်…လို့ ပြောပြီး သူ့ရုံးခန်းထဲကနေ အမြန်ပြန်ထွက်လာခဲ့တယ်။ သူ့အနားကသာ ထွက်လာလို့ ရပေ
မယ့် သူဌေးမရဲ့ အပြုံးဟာ ကျွန်တော့်ကားနောက်ကနေ ပြေးလိုက် ကပ်ပါနေသလို ခံစားနေရတယ်။
အဲဒီ အကြောင်းကို တိုကျိုတက်မလာခင်က အလုပ်အတူ
လုပ်တဲ့ သူငယ်ချင်းကို ပြောပြဖို့ ကြိုးစားကြည့်သေးပေ
မယ့် သူ မယုံမှာကို သိနေလို့ မပြောဖြစ်တော့ဘူး။
သေချာကတာကတော့ အဲဒီနေ့က စပြီး စက်ရုံက ထမင်း
ဆိုင်မှာ ကျွန်တော် ထမင်းတက် မစားဖြစ်တော့ဘူး။
#လူခါး
၂၀၂၂-၀၆-၂၇၊ဂျပန်စံတော်ချိန်၂၃:၀၇မိနစ်
No comments:
Post a Comment