Friday 15 July 2022

ကျွန်တော်သိသော သစ်ပင်တစ်ပင်



ဆောင်းဦးရာသီရဲ့ အစနေ့ရက်တွေတုန်းက ကျွန်တော်ရယ်၊ ဂျပန်မိတ်ဆွေ မိသားစု ၃ ယောက်ရယ် ခရီးတစ်ခု အတူသွားခဲ့ကြတယ်။ ကျွန်တော်တို့နေတဲ့ မြို့ကလေးကနေ ၂နာရီလောက် ကားမောင်းရတဲ့ မြို့ကလေးရဲ့ ထင်ရှားတဲ့ နေရာတစ်ခုကို သွားကြတာ။ စုစုပေါင်း ၄ ယောက်ပေါ့။ 


ကျွန်တော်နဲ့ အလုပ်အတူလုပ်ရင်း ပြောမနာ ဆိုမနာအထိ ခင်သွားတဲ့ ဂျပန်မိတ်ဆွေ မစုဒစံရယ် သူ့အမျိုးသမီးရယ်၊ အိမ်ခွဲနေပြီး ကိုယ်တိုင်လည်း အလုပ် လုပ်နေတဲ့ သူတို့ဆီကို ခဏ ပြန်လာလည်နေတဲ့ အသက် ၂၀ အရွယ် သူတို့ သားရယ်ပေါ့။


လမ်းမှာ ခဏနားရင်း စားစရာ၊သောက်စရာ တစ်ချို့ ဝင်ဝယ်ကြတော့ မစုဒစံရဲ့သားကလည်း ကျွန်တော်တို့နဲ့ အတူ ဆင်းဝယ်တယ်။ သူစျေးဝယ်တာကို မစုဒစံက သူ့စျေးဖိုးကို ရှင်းပေးဖို့ ပြင်တော့ သူက ငြင်းတယ်။


ရှက်တယ်..တဲ့။


သဘောကတော့ သူက အရွယ်ရောက်သူ ဖြစ်တာမို့ သူ့ဘာသာရှင်းမယ် ဆိုတဲ့ သဘောပေါ့။ မစုဒစံလည်း ဘာမှမပြောဘဲ အိယော(ကောင်းပြီ) ဆိုပြီး ကြည့်နေရတော့တယ်။ 


ကားပေါ်ပြန်ရောက်တော့ သူ့သားရဲ့လက်ထဲမှာ အမဇုံပွိုင့်ကတ်တွေ ဝယ်လာတာတွေ့လို့ မစုဒစံက ဘာလုပ်ဖို့ အများကြီး ဝယ်လာတာလည်းလို့ ထပ်မေးတော့ ဂိမ်းတွေ ဝယ်ဖို့တဲ့။


မစုဒစံက ဘာလို့အဲ့လောက်တောင် ဝယ်တာလဲ..တဲ့။ထပ်မေးပြန်တယ်။ဒီတော့ သူ့သားက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်တာ ဘာဖြစ်လဲ..တဲ့ ပြန်ပြောတယ်။ ဒီတစ်ခါလည်း မစုဒစံကအိယော..ဆိုပြီး ပြုံးကြည့် နေတော့တာပဲ။


သူတို့သားအဖ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကြည့်ပြီး ကျွန်တော်ပြုံးမိတယ်။ “ဂျပန်လူမျိုးတွေမှာ တစ်ယောက်ဝင်ငွေ၊ ထွက်ငွေ ကိစ္စ တစ်ယောက်က ဝင်ပြောတာတို့၊  တစ်ယောက်နဲ့ တစ်ယောက် ပိုက်ဆံချေးတာတို့ ဘာတို့ အလ့အထ မရှိကြဘူး။ လာချေးရင်လည်း ချေးတဲ့လူဟာအိမ်ယာမဲ့ တစ်ယောက် လောက်ကို အခြေအနေဆိုးလို့” ဆိုတဲ့ မစုဒစံရဲ့ ပြောစကားကို ပြန်ကြားမိတယ်။


ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ခရီးသွားပြန် လက်ဆောင် ဝယ်ပြီး ပေးတာတို့၊ အိမ်အလည်သွားချိန် လက်ဆောင်ပေးတာကလွဲပြီး အလကားသက်သက် ပေးတယ် ယူတယ် ဆိုတာလည်း အင်မတန်ရှားတယ်။ ဆေးလိပ်လေး တစ်လိပ်၊ မိုးကျနေလို့ ထီးခဏယူဆောင်းတာမျိုးတောင် လုပ်ဖို့ အင်မတန်ခက်ခဲကြတယ်။


မိသားစုထဲမှာ တစ်ယောက်ယောက်က ထီပေါက်လို့၊ ကြိုးစားလို့ ဘာကြောင့်ပဲ ကြီးပွါးသွားတယ် ဖြစ်စေ ကျန်မိသားစုဝင်တွေကို မဖြစ်မနေ ပြန်ကြည့်ရမယ်ဆိုတဲ့ စိတ်ခံစားချက်(တာဝန်)မျိုး မရှိကြဘူး။ ကျန်တဲ့ မိသားစုဝင်တွေကလည်း ကြီးပွါးသွားသူဆီက လက်

ဖြန့်မျှော်နေတာမျိုးထက် ကိုယ်တိုင် ရပ်တည် အသက်ရှင်ကြတာ များတယ်။


ကျွန်တော်တို့ မျက်လုံးထဲ နားထဲတော့ တစ်မျိုးကြီးပေါ့လေ။ သူတို့အတွက်တော့ အဲဒါအမှန်ပဲ။ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဆိုတဲ့ စကားပုံတို့ ဘာတို့ဆိုတာ ဂျပန်မှာတော့ရှိလား မရှိလား  ကျွန်တော် မသိဘူး။ ရှိလည်း ခေတ်ဟောင်း စကားပုံတစ်ခုအနေနဲ့ပဲ ဖြစ်နေမှာပဲ။


သစ်တစ်ပင်ကောင်းဆိုမှ  ကျွန်တော်သိတဲ့ သစ်တစ်ပင်အကြောင်းက ခေါင်းထဲ ရောက်လာပြန်တယ်။ 


သူကကျွန်တော့် ဦးကြီးပါ။ လူတစ်ယောက်ပေမယ့် သစ်ပင် တစ်ပင်လို ကောင်းခဲ့သူကြီးပေါ့။


ငယ်စဉ်ကတည်းက သူ့ဘဝ သူ့ခံယူချက်နဲ့ ကြိုးစားလာလိုက်တာ မြို့မှာ အတော်အခြေတကျ ဖြစ်သွားတော့ အိမ်အကြီးကြီး တစ်လုံးမှာ တစ်မျိုးလုံးထားပြီးအလုပ်တွေပေး၊ နေရာထိုင်ခင်းတွေပေးပြီး ထားခဲ့ဖူး၊ကူညီဖေးမခဲ့ဖူးတယ်။


သူကြည့်ရှု စောင်မသူတွေက လူဦးရေတိုးလာပေမယ့် သူ့လိုတော့ ထူးချွန်သူတွေ ဖြစ်မလာခဲ့ကြဘူး။ ဒီတော့အတော်များများဟာ သူ့တာဝန်ပေါ့။ ကျောင်း၊ဆေး၊ကျမ္မာရေး အတော်များများ သူ့ခေါင်းပေါ့လေ။


သူ့က အားလုံးအတွက်တော့ သစ်ပင်တစ်ပင်ပေါ့။ ငှက် 

တစ်ဆယ်၊ တစ်ရာ၊ တစ်ထောင် နားနိုင်တယ် ဆိုပါတော့

လေ။


တချို့ သူ့အပေါ်မမှီဘဲ ရပ်တည်သွားနိုင်တာလည်းရှိ၊ တချို့ သူ့အပေါ် တောက်လျှောက် မှီသွားတာလည်း ရှိပေါ့။


“ငါ့တူရ..ငါကားစီးရင် စီးလို့ ရတယ်ကွ၊ ဘာလို့ မစီးတာလဲ ဆိုတော့..”


ကျွန်တော့် ဦးကြီး ပြောနေကျစကားလေး။ သူနေတဲ့ မြို့မှာ ကိုယ်ပိုင်ကားစီးနိုင်သူ လက်ချိုးရေလို့ရ၊ သူလည်း စီးနိုင်တဲ့ ဘဝ ရနေပေမယ့် သူ ကားစီး မသွားခဲ့ဘူး။ 


“ဘာလို့ မစီးတာလဲ ဆိုတော့..တဲ့”


သူက စကားကို အကုန် မပြောပေမယ့် ကျွန်တော်က အကုန် ကြားနိုင်ခဲ့တယ်။ ကြားနိုင်ဆို ကျွန်တော်က ၅ တန်းကျောင်းသား ဘဝကတည်းက သူနဲ့ အတူနေခဲ့ရတာကိုး။


ဦးကြီးဟာ ဥပုသ်နေ့တွေဆို ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ တစ်နေကုန်သွားနေလေ့ရှိတယ်။ညနေမှ ပြန်လာတတ်တယ်။ ကျွန်တော်ပဲ အကြိုအပို့ လုပ်ပေးရတာပေါ့။ 


ဘုန်းကြီးကျောင်းက ပြန်လာရင် သူ့မျက်နှာဟာ ပြုံးနေတတ်တယ်။ သူ ကျေနပ် နေတတ်တာမျိုး။ ဒါပေမဲ့ အိမ်ပြန်ရောက် ၊ အလုပ် ပြန်ရောက်တာနဲ့ သူဟာ ငှက်တစ်သောင်းနားဖို့ အတွက် ကြိုးစားရတော့တာပါပဲ။


ကျွန်တော်ဆယ်တန်းအောင်တုန်းက ရေကြောင်းသိပ္ပံ တက်ဖို့ အပူကပ်တော့ သူ ငြင်းခဲ့ဖူးတယ်။ ကျွန်တော်လည်း မျက်ရည်တွေကျပြီး အဲ့တုန်းက အကြောင်းကို ဝတ္ထုတစ်ပုဒ် ရေးခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်များစွာက  အကြောင်းပေါ့။


အခု ဂျပန်ရဲ့ လူနေ့မှုဘဝ၊ ဂျပန်နိုင်ငံကြီး တိုးတက်ရခြင်းအကြောင်း လေ့လာသိရှိရတော့ တစ်ယောက်ကို တစ်ယောက် အမှီအခိုကင်းအောင် ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားခြင်းဟာလည်း မိသားစုကအစ၊ ဆွေမျိုး၊ မြို့ရွာ နိုင်ငံအထိ တိုးတက်ဖို့ရာရဲ့ အဓိကပဲလို့ ကျွန်တော် မြင်တတ်လာတယ်။


သစ်တပင်ကောင်း ငှက်တစ်သောင်းနား ဆိုတာ တိုးတက်တဲ့ နိုင်ငံတွေမှာ ၊ ကိုယ့်ထူးကိုယ်ချွန် ကြိုးစားကြတဲ့ နိုင်ငံတွေမှာ အသုံးမဝင်တော့တာကို တွေ့ရတယ်။


ကျွန်တော် ဆယ်တန်းအောင်ပြီး ရှေ့ဆက်မသွားနိုင်ဖြစ်ခဲ့ရခြင်းမှာ ကျွန်တော့်ဦးကြီးနဲ့ တိုက်ရိုက် ပတ်သက်နေခြင်းမရှိတာကို အခုမှ လက်ခံတတ်လာတယ်။ လက်ခံရမှန်း သိလာတယ်။


အဲဒီအချိန်က သူ့မှာ ကျွန်တော့်ထက် အရေးကြီးတာတွေ တစ်ပုံကြီး ဆိုတာလည်း ပြန်တွေးမိလာတယ်။


ဦးကြီးဟာ ကျမ္မာရေး လိုက်စားသူ ဖြစ်တာမို့ ရောဂါ ဖြစ်တယ်ဆိုတာလည်း အတော်ရှားတယ်။ ဘော့ပင်အမြဲ ကိုင်ရလို့ ထင်ပါရဲ့ ညာဘက် လက်ကလေးတွေတော့ ကပ် ကပ်နေ တတ်တယ်။


အဲဒီလို ကျမ္မာရေးလိုက်စား၊ ရောဂါကြီးကြီးမားမား မရှိတဲ့ ဦးကြီးဟာ သူ့အိပ်ယာထဲမှာ အိပ်နေတုန်းမှာပဲ လူ့လောကထဲက ထွက်ခွါသွားတယ်။


အဲဒီတုန်းက ကျွန်တော်က အခုလို ပြည်ပမှာပဲ။ ကျွန်တော့်ကို အကြောင်းကြားသူကို ဘာရောဂါနဲ့ ဆုံးတာလဲ လို့မေးတော့ ဘာရောဂါမှ မရှိဘူး။ အိပ်နေရင်း ဆုံးသွားတာတဲ့။


အများ သိကြသလို ဆိုရင်တော့ ဦးကြီးက အိပ်နေရင်း ဘာရောဂါမှ မခံစားရဘဲ ဆုံးသွားတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော် ခံစားမိတာကျတော့ ဦးကြီးက ဆုံးသွားတာ မဟုတ်ပါဘူး။ ဦးကြီးက ကျိုးကျ သွားခဲ့တာ။ 


ဘာလို့ဆို ဦးကြီးက သူ့ဘဝကို သူနေချင်သလို လူတစ်ယောက်အဖြစ် လွတ်လပ် ပျော်ရွှင်စွာ ရှင်သန်နေထိုင် သွားရတာထက် အများအတွက် သစ်ပင်တစ်ပင်လို ရှင်သန် နေထိုင် ပေးခဲ့ရတာက များခဲ့တာကိုး။


   #လူခါး

  ၂၀၂၂-၀၆-၂၉၊ဂျပန်စံတော်ချိန်၁၈း၃၈မိနစ်

No comments: