Friday 15 July 2022

အဖေရယ်၊အရက်ရယ်၊ ကျွန်တော်တို့မောင်နှမရယ်


အဖေ အရက်သောက်တုန်းက အတော်သောက်တာ။ ကျေးရွာ ဥက္ကဌ၊ ဘဏ်လူကြီး ဘာညာ လုပ်ခဲ့လေတော့ မြို့က လာသူရှိရင် ဧည့်ခံရင်း သောက်လိုက်၊ မြို့တက်သွားတဲ့အခါ ဟိုက

ဧည့်ခံတာ သောက်လိုက်နဲ့ အရက် အတော်သောက်တဲ့ အခြေအနေပေါ့။


မမေ့နိုင်စရာ အကောင်းဆုံး အဖြစ်တစ်ခုကိုပြောရမယ်ဆိုရင် တစ်ခါကြီး အဖေမြို့တက်သွားတာပြန်လာတော့ မူးပြီး ပိုက်ဆံထည့်တဲ့ လွယ်အိတ် ပြန်ပါမလာတော့ဘူး။ ဘယ်မှာ ကျကျန်ခဲ့မှန်းလဲ မသိဘူး။ အချိန်က ညကြီး ၉ နာရီလောက် ဖြစ်နေပြီ။


အတူသွားတဲ့လူတွေမေးတော့ နတ်စပါးအင်းအထိတော့ မြင်မိတယ်တဲ့။ နတ်စပါးအင်းဆိုတာက အင်းထဲမှာ စပါးစေ့လို အစေ့တွေထွက်တတ်တဲ့ ကလေးအရွယ်တော့ ကောင်းကောင်းမြုပ်တဲ့ စပါးပင်နဲ့တူတဲ့ အပင်တွေ ရှိနေတဲ့ အင်းကြီးတစ်ခုပေါ့။


ငယ်ငယ်က ကလေးချင်းပြောဖြစ်ကြတာတော့ အဲဒီစပါးပင်တွေကို နတ်တွေ၊ သူရဲတွေက လာစိုက်ထားကြတာ ဆိုတာမျိုး။ အင်းဘေးမှာ တမာပင် ၊ မန်ကျည်းပင်တွေက ရှိသေးတော့ ကလေးဘဝအဖို့တော့ တမျိုးကြီးပေါ့။


အဲဒီနေရာအထိ ပါတယ်ဆိုရင် အဲဒီမှာ ကျနေခဲ့တာ ဖြစ်မယ်ဆိုပြီး ကျွန်တော်တို့ မောင်နှမ သုံးယောက် သွားရှာဖို့ ပြင်ကြတယ်။ အရွယ်တွေက ဆယ်နှစ် ပတ်ချာလည်တွေ။


ပြင်တာ ပြင်ကြတာ ကြောက်နေကြတာတော့ အမှန်ပဲ။နတ်စပါးအင်းမရောက်ခင် ရေချမ်းစင်ကြီးကလည်း ဖြတ်ရဦးမှာ မဟုတ်လား။ ရေချမ်းစင်ဆိုတာက အရင်က ခရီးသွားတွေနားလို့ရတဲ့ ဇရပ်တစ်ဆောင်ရယ်၊ ရေတွင်းရယ်၊ ရေအိုးသုံးလုံးဆန့်တဲ့ ရေချမ်းစင်ရယ် ရှိတဲ့ နေရာပေါ့။ အဲဒီရေချမ်းစင်မှာ ရေးထားတဲ့ သက္ကရာဇ်အရဆို ကျွန်တော်နဲ့ ရေချမ်းစင်ဟာ ရွယ်တူပဲ။


ရေချမ်းစင်ကို အုပ်မိုးထားတာက မန်ကျည်ပင်ကြီးတွေ။ အရိပ်အောက်ဝင်လိုက်ရင် ကောင်းကင်ကို မမြင်ရလောက်မောင် မှောင်ပိန်းလို့။ ။ နေ့ဘက်တွေ ဆိုရင်တော့ နွားကျောင်းရင်း မန်ကျည်းပုခက် လုပ်စီးကြ၊ ပျော်ကြ ပေမယ့် ညဘက်တော့ တစ်ခါမှ မသွားဖူးလို့ ကြောက်နေမိကြတယ်။


ကျွန်တော်က ရှေ့ဆုံးက။  ဓာတ်မီးတစ်လက်ကို ဘယ်လက်ကကိုင် ၊ ညာလက်က အရိုး တစ်လံခွဲလောက်ရှည်ပြီး အသွား ၇ လက်မလောက်ရှည်တဲ့ လှံကြီးကိုကိုင်ထားတယ်။ ညီလေးက အလယ်က တုတ်တစ်ချောင်းနဲ့။ အမကတော့ နောက်ဆုံးကနေ ဓာတ်မီးတစ်လက်ရယ် ဓားမတစ်ချောင်းကို ကိုင်ထားကြပြီး ရွာထဲက ထွက်ခဲ့ကြတယ်။


ညကြီး။ လက ကောင်းကင်မှာ သာနေပေမယ့် အနီးတစ်ခွင်ကလွဲလို့ အကုန်အမှောင်ပဲ။ ရေချမ်းစင်အောက်ကို ရောက်တော့ မောင်နှမတတွေ စကားတောင် မပြောရဲကြဘူး။ နတ်စပါးအင်း ရောက်တော့လည်း ကြောက် ကြောက်နဲ့ ရှာပေမယ့် မတွေ့ဘဲ အိမ်ကို ပြန်လာခဲ့ကြရတယ်။


အဲဒီအကြောင်းအပြင် တခြားသော အကြောင်းတွေကလည်း အများကြီး ကြုံခဲ့ရသေးတယ်။ ဒါပေမဲ့ အဲဒီလို အကြောင်းတွေ ရပ်သွားတဲ့ အချိန်က သေချာပေါက် ရောက်လာခဲ့တယ်။ အဲဒါကလည်း ကျွန်တော်တို့ မောင်နှမကြောင့်ပဲ။


အချိန်က နွေရာသီကြီး။ ကျွန်တော်က ဆယ်တန်းဖြေပြီး နားနေတဲ့နှစ်။ အမက ကျောင်းဆရာမ လုပ်လိုက် ရွာ ပြန်လာလိုက် လုပ်နေတဲ့ အချိန်ပေါ့။


ရွာမှာ တရားစခန်းပွဲလုပ်တယ်။ မလုပ်ခင် တရားစခန်းဝင်မယ့် သူတွေက နာမည်စာရင်း ကြိုပေးရတယ်။နာမည်စာရင်း လာပေးတဲ့သူကိုလည်း ရွာဦးကျောင်းကနေ အသံချဲ့စက်နဲ့ အော်နေတော့ ဘယ်သူ တရားစခန်း ဝင်သလဲ ဆိုတာကို တစ်ရွာလုံးက သိနေရတာပေါ့။


ကျွန်တော်တို့ မောင်နှမကလည်း အဖေနဲ့ အမေ ဘယ်သူက စာရင်းပေးဖို့ ပြောမလဲလို့ စောင့်နေကြတာ။ ဘယ်သူမှ မပြောကြတာနဲ့ ထုတ်မေးတော့ အမေက အိမ်ကို စိတ်မချလို့တဲ့။ အဖေက ကျတော့ မူးနေပြီ။ 


အချိန်က ညနေကြီး။ တရားစခန်း လူလက်ခံစာရင်းကလည်း ပိတ်တော့မှာ ။ အဲဒီကာလတုန်းက ကျွန်တော်တို့နဲ့ ရွယ်တူသူတွေရဲ့ မိဘတွေက တရားစခန်းတို့ ဥပုသ်တို့ ဝင်နေ စောင့်နေကြပြီ ။ သူများတွေ ဟန်ရေးတပြပြ လုပ်နေကြတဲ့ ကြားထဲ မောင်နှမတတွေ မျက်နှာမပွင့်တဲ့ အချိန်ပေါ့။


အိမ်မှာကတော့ စာရင်းပိတ်ခါနီးအထိ တရားစခန်းဝင်မယ့်သူ မရှိသေးဘူး။ ကျွန်တော်လည်း ရေမိုးချိုး အဝတ်အစားသန့်တာလေး ဝတ်ပြီး ထမင်းချက်အိမ်လေးပေါ်မှာ ထိုင်နေတဲ့ အမကို အမရေ ငါတရားစခန်းဝင်ဖို့ စာရင်းပေးရင်း ကျောင်းမှာပဲ နေလိုက်တော့မယ်။ အဝတ်အစားတွေရယ် အိပ်ယာခင်း၊စောင်တွေ ယူပြီး လာပို့ပေးဦးလို့ ပြောလိုက်တယ်။


အမကလည်း ချက်ချင်းပဲ အေးအေး အမ လာပို့ပေးမယ်တဲ့။


ကျွန်တော် ဘုန်းကြီးကျောင်းပေါ် ရောက်တော့ ရွာထဲက အဖေတို့အမေတို့နဲ့ ရွယ်တူတွေက ရောက်နှင့် နေကြ၊နေရာ ယူပြီး နေကြပြီ။ 


ကျွန်တော်လည်း တရားစခန်းဝင်မယ်လို့ စာရင်းပေးလိုက်တော့ စာရင်းကိုင်သူက  အံဩ၊ ဝမ်းသာတဲ့ အသံနဲ့ ချဲ့စက်နဲ့ အော်ပါလေရော။


အခုစာရင်းလာပေးတာကတော့ ယောဂီအသစ်ကလေးပါ။ အသက်အငယ်ဆုံး ယောဂီလေးပါ ဆိုပြီးနာမည်နဲ့တကွ တပ်အော်တော့တာပဲ။


သူလည်း အော်ပြီးရော ရောက်ပြီးသား ယောဂီကြီးတွေက ကျွန်တော့်ကို အံ့ဩမယုံနိုင်တဲ့ အကြည့်တွေနဲ့ ကြည့်ကြ

တယ်။ဟုတ်ပါ့မလား၊ တရားထိုင်နိုင်ပါ့မလား ဆိုတဲ့ 

မျက်လုံးတွေနဲ့ပေါ့။


ကျွန်တော်လည်း ဘာမှ မပြောဘူး ။ ကျောင်းပေါ်မှာ အသာလေးပဲ ထိုင်နေလိုက်တယ်။ သိပ်မကြာလိုက်ဘူး။ ကျောင်းပေါ်တက်လာတဲ့ လူတစ်ယောက်က လာပြောတယ်။ အောက်မှာမင်းအဖေ ရောက်နေတယ်..တဲ့။


ကျွန်တော် ကျောင်းအောက်ကို အပြေး ဆင်းသွားတော့ တကယ်ပဲ။ အဖေက သိမ်ထဲမှာ ရောက်နေတယ်။ အဖေ့ရှေ့မှာက ခန်းနေ ဦးဇင်းလေး။ အဖေ့ခေါင်းဟာအောက်ကို စိုက်လို့ ။

ဆံပင်တွေက ပွကျဲလို့။


ကျွန်တော် သိမ်ထဲဝင်လိုက်တဲ့ အချိန်နဲ့ ဦးဇင်းလေးက အဖေ့ကို တစ်ခုခု ပြောလိုက်တဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတယ်။ ဘာကို ပြောလိုက်တယ်လို့တော့ ကျွန်တော် သေချာတော့ မကြားလိုက်မိဘူး။ အဖေ့ကို အရက်သောက်တာနဲ့ ပတ်သက်ပြီး ပြောလိုက်တယ် ထင်ရတာပဲ။


အဖေဟာ ထိုင်ရာကနေ ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ ဦးဇင်းလေးကို မော့ကြည့်ပြီး ပြောတယ်။ကိုယ်တော် ဘာစကား ပြောလိုက်တာလဲ..တဲ့။ အဖေ့စကားကိုတော့ ကျွန်တော် သေချာကြားလိုက်တယ်။


အဖေ့အသံက မူးမူးနဲ့ဆိုတော့ ဒေါသသံပေါ့။ အရက်နံ့ကလည်း သိမ်ထဲမှာ ပျံ့နေတယ်။ ဦးဇင်းလေးက ဘာမှ ပြန်မပြောခင်မှာပဲ ဘေးနားက လူတွေက အဖေ့ကို ချော့ပြီးကျောင်းပေါ် ဆွဲခေါ်သွားကြတယ်။


နောက်ဆုံးပဲ။ အဖေ အရက်မူးတာကို မြင်ခဲ့ရတာ အဲဒီနေ့က နောက်ဆုံးပဲ။


ကျွန်တော်မြို့ကို ပြန်သွားပြီး ကြာမှ ရွာကို တစ်ခါ အလည်ပြန်တော့ အမေက ဝမ်းသာအားရနဲ့ ပြောတယ် ။နင့်အဖေ အရက်မသောက်တော့ဘူးတဲ့။ 


ကျွန်တော်လည်း အံ့ဩသွားတယ်။ ဘယ်တုန်းက စ မသောက်တော့တာလဲ လို့ပြန်မေးတော့ ဟိုတစ်ခါ ကျောင်းကို နင်တို့မောင်နှမ ဝိုင်းပို့လိုက်တုန်းက..တဲ့။ 


အမေ့စကားကို ကြားတော့ ကျွန်တော် ဝမ်းသာစိတ်နဲ့ ပြုံးမိတယ်။ ကျွန်တော်နဲ့ အမဟာ ငယ်ဘဝကတည်းက ခံစားချက်တူခဲ့ ကြလေတော့ တိုင်ပင်မထားကြဘဲနဲ့ အဖေ့ကို အရက်ပြတ်အောင် လုပ်နိုင်ခဲ့ကြတယ်။ အဲဒီအကြောင်းကို အမနဲ့ ပြန်မပြောမိကြပေမယ့် လူ့ဘဝမှာ မရှိတော့တဲ့ အမလည်း ပျော်သွား ကျေနပ်သွားမှာကတော့ အသေအချာပါပဲ။


ငယ်ဘဝ အကြောင်းတွေကို ကြည်နူးစိတ်နဲ့ ပြန်တွေးရင်း  ဟိုဘက်ရက်က အဖေ့ Facebook အကောင့်မှာ share ထားတဲ့ ဗီဒီယိုဖိုင် တစ်ခု အကြောင်းလည်း သတိရမိတယ်။ ဗီဒီယို ဖိုင်က အရက်သောက်တဲ့ ဖေဖေရယ် ဆိုပြီး သားသမီးတွေနဲ့ ဖအေလုပ်သူနဲ့ သရုပ်ပြ တင်ဆက် ကြတဲ့ ဗီဒီယိုလေး။ သားသမီးတွေက ငိုလို့။ ဖအေ လုပ်သူက မူးလို့ပေါ့။ဒါကို အဖေက share ထားတာ။


စကားနည်းပြီး အေးလွန်းတဲ့ အဖေရဲ့ အဲဒီ ဗီဒီယိုလေးကို share ရခြင်းရည်ရွယ်ချက် ဟာ  မူးမူးနေတတ်တဲ့ သူ့အနား

က သားအငယ်ကို ရည်ညွှန်းတာလား မူးမူးပြီး ဖုန်းဆက်

တတ်တဲ့ အဝေးက သားအကြီး ကျွန်တော့်ကို ရည်ညွှန်းတာ

လား တစ်ခုခုတော့ တစ်ခုခုပဲ။


 #လူခါး

 ၂၀၂၂၊၀၆၊၂၈၊ဂျပန်စံတော်ချိန် ၂၀း၀၃မိနစ်

No comments: