Friday 15 July 2022

မမမိုး



 တောင်တွင်းဘူတာပေါ်ကို ကျွန်တော် ခြေချတော့ ည(၉) နာရီ  ထိုးနေပြီ။ မီးတွေက ထိန်လင်းတောက်ပနေပေမယ့် ဘူတာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့။ မရောက်ဖူးသူ အဖို့တော့ တောင်တွင်းဘူတာပေါ်က  ဒီလိုအနေအထားမျိုးဟာ ခြောက်ခြားစရာပဲ။ရာသီဥတုအလိုက်  လာဖြဲမယ့်သူတွေက အချိန်မရွေး ပေါ်လာတတ်တာကိုး။ 


 မီးရောင်ထဲက ညငုတ်တုတ်ကြီးကိုမြင်တော့ နေပြည်တော်က လာလည်တာ ဆိုပြီး ဘူတာပေါ် အော်ဟစ်သောင်းကျန်းတဲ့အဖွဲ့တစ်ဖွဲ့ကို ကျွန်တော်တို့ မြို့ခံတွေ ဝိုင်းဖြဲခဲ့ကြတာ ပြန်တွေးမိသေးတယ်။ခုလိုညကြီးပဲ။


 အခုလည်း အဲဒီတုန်းက အနေအထားမျိုးဆိုပါတော့။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အေးဆေးပဲ။ တောင်တွင်းဘူတာဟာ ကျွန်တော့်အိမ်လိုပဲ။ ကျောင်းသားဘဝကနေ မြို့ဂျပိုးဘဝအထိ ဒီဘူတာပေါ်မှာ ကျွန်တော် ဂျင်လို လည်ခဲ့တာ။ 


 ဒါနဲ့ ရုံပိုင့် အခန်းထဲသွားပြီး မြို့သစ်သွားမယ့်ရထား ဘယ်အချိန်လာမလဲ ဆိုတော့ ရုံပိုင်က ပျဉ်းမနားဘက်သွားမယ့် ပုဂံရထား အရင်လာမယ်။ အဲဒီရထားနဲ့မြို့သစ်ဘက်သွားမယ့် ပြည်က ထွက်လာတဲ့ ရထားနဲ့ဆတ်သွားဘူတာ

မှာ ဆုံမယ်။ ပြီးမှ ဒီရောက်မှာ ဆိုတော့ ကြာဦးမယ်တဲ့။ 


 ကျွန်တော်လည်း ရုံပိုင့်အခန်းထဲက ပြန်ထွက်လာခဲ့တယ်။ ဘူတာသန့်ရှင်းရေး လုပ်နေတဲ့ ကောင်လေးက ကျွန်တော့်ကို မှတ်မိတဲ့ဟန်နဲ့ ပြုံးပြလို့ ပြန်ပြုံးပြ လိုက်ရသေးတယ်။


  ဘူတာပေါ်က နှစ်ဖက်ထိုင်လို့ရတဲ့ ခုံတစ်လုံးမှာ ပျင်းတွဲ့တွဲ့နဲ့ ကျွန်တော် ဝင်ထိုင်လိုက်တယ်။ ဘူတာထဲ ဝင်မလာခင် ဘူတာနဲ့ မျက်နှာချင်းဆိုင်က ရန်ကုန်ဆိုင်မှာ မြေပဲဆားလှော်တစ်ထုပ်နဲ့ အာမီရမ် နှစ်ပက် ကစ်လာတာဆိုတော့ လူက လည်နေတယ်။ အဲဒါနဲ့ ကျောပိုးအိတ်ကို ခေါင်းအုံးပြီး ရှူးဖိနပ် မချွတ်ဘဲ ခုံပေါ် လူမိုက်တစ်ယောက်လို လှဲအိပ်နေလိုက်တယ်။


 သိပ်မကြာဘူး။ မြို့သစ်ဘက်က အရင်လာမယ်ဆိုတဲ့ ရထားက တော်တော်ဝေးဝေးကနေ ဥဩဆွဲပြီး ဝင်လာနေသံကို ကြားလိုက်ရတယ်။ ကျွန်တော် ထမကြည့်ဖြစ်ဘူး။ အသာပဲ မှိန်းနေဖြစ်တယ်။ ဒီဘူတာလာနေကျ ရထားတွေဟာ ထကြည့်စရာမလိုဘဲ ကျွန်တော် အလွတ် ရပြီးသား မဟုတ်လား။


 ရထားကသာ ဥဩဆွဲပြီး ဝင်လာနေတာ လူသံသူသံကမကြားရဘူး။ အချိန်ကလည်း ညကြီးဆိုတော့ လူပါးတာ နေမယ်လို့ တွေးရင်း လှဲရက်ကနေ မျက်လုံးကိုအသာဖွင့်ကြည့်တော့ မျက်လုံးရှေ့မှာ အမျိုးသမီး တစ်ယောက်။


 ကျွန်တော့်ခုံရဲ့ မြောက်ဖက်က ခုံပေါ်မှာထိုင်ရင်း ကျွန်တော့်ကို ကြည့်နေတာ။ ကျွန်တော်လည်း သေချာပြန်ကြည့် လိုက်မိတယ်။


 မမမိုး


 ကျွန်တော့်ပါးစပ်က ခပ်တိုးတိုးလေး ထွက်သွားတယ်။ဟုတ်တယ် မမမိုးပဲ။ ကျွန်တော် လှဲနေရာက ထပြီး မျက်လုံးတွေကို ပွတ်ပြီး သေချာကြည့်မိပြန်တယ်။


 ဟုတ်တယ်။ သေချာတယ် မမမိုးပဲ။ဆံပင်ကို နောက်ဘက်လှန်ထားပြီး ညာဘက်ပခုံးပေါ်ကနေ ပြန်ဆွဲချထားတတ်တာ မမမိုးရဲ့ ဒီဇိုင်းပဲ။ မမမိုးဟာ အံ့ဩမင်တက်တဲ့ အကြည့်နဲ့ ကျွန်တော့်ကိုကြည့်နေတယ်။မမမိုးဟာ အရင်လို အိန္ဒြေကြီးတုန်း။


 လွန်ခဲ့တဲ့ ၁၀ နှစ်ကပေါ့။ မမမိုးနဲ့ ကျွန်တော်ဟာ ဘော်ဒါဆောင် တစ်ခုမှာ ဆုံဖူးခဲ့ကြတာ။ အဲဒီတုန်းက မမမိုးက ဆယ်တန်း။ ကျွန်တော်က ရှစ်တန်း။တစ်ဘော်ဒါလုံးမှာ ကျွန်တော်က အသက် အငယ်ဆုံး။ ရှစ်တန်းကလည်း ကျွန်တော်တစ်ယောက်တည်း။ ဒါပေမဲ့ ဆယ်တန်းအင်္ဂလိပ်စာကို ကျွန်တော်  ဖတ်နိုင်နေပြီ။ အင်ဂွန်ဂျဝါ သစထရောင်းမန်းတို့ ဘာတို့ပေါ့။ ဆယ်တန်းတွေ အတန်းတက်ရင် ကျွန်တော်ပါ ရောရောတက်ခဲ့ဖူးတယ်။ 


 အဆောင်မှာ မမမိုးက ရည်းစားမထားဘူး လို့ နာမည်ကြီးတယ်။  အဲဒီမှာ ရည်းစားမထားဘူးဆိုတဲ့ မမမိုးကို ကျွန်တော်က စိန်ခေါ်ပစ်ခဲ့တယ်။


 မမမိုးရည်းစားမထား၊ ယောက်ျားမယူရင် ကျွန်တော်က တစ်သက်လုံး လုပ်ကျွေးမယ် လို့။ 


 စနောက်ပြီး ပြောလိုက်တာပေမယ့် အတူနေ ကျောင်းသားကြီးတွေက မြှောက်ပေးကြတာနဲ့ စာရွက်တစ်ရွက်မှာ ခံဝန်ကတိတွေ ထိုးခဲ့ကြတဲ့ အထိဖြစ်သွားတယ်။


 မမမိုးက ရည်းစားမထားရ၊ ယောက်ျားမယူရ။ မယူဘဲမထားဘဲနေရင် ကျွန်တော်ကတစ်သက်လုံး လုပ်ကျွေးရမယ် ဆိုပြီးတော့ပေါ့။


 အခုပြန်တွေ့တာ အဲဒီမမမိုးပဲ။ ကြာခဲ့ပြီ။ ကျော်ဟိန်းပြောသလိုဆို ၁၀ နှစ်၊ ၁၀နှစ်ပေါ့။ ဒါပေမဲ့ မမမိုးဟာအရင်လိုပဲ။ ပြုံးလို့။ ရှက်လို့။ကြည်နူးဝမ်းသာတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်လို့။


 ကျွန်တော် အသံထွက်ပြီး ခေါ်လိုက်တယ်။


 မမမိုး


 မမမိုးဟာ မောင်လို့ ခေါ်လိုက်တာလား မောင်လေးလို့ခေါ်လိုက်တာလား မကွဲတဲ့ နာမ်စား တစ်ခုကို ခေါ်လိုက်တယ်။ ပြီးတော့ ထိုင်ရာကထပြီး ကျွန်တော့်အနား ကပ်လာတယ်။ 


 ကျွန်တော်လည်း မတ်တပ်ရပ်လိုက်ရော မမမိုးရဲ့ ကိုယ်လုံးလေးဟာ ကျွန်တော့်ရင်ထဲ မှီကျလာတယ်။ကျွန်တော် မလှုပ်မိဘူး။ ကျွန်တော့်လက်တွေဟာ မမမိုးပခုံးကို ကိုင်လိုက်ရမလား။ ဒါမှ မဟုတ် မမမိုးလက်ကလေးတွေကိုပဲ ကိုင်လိုက်ရမလား ဝေခွဲမရဘူး။


 မမမိုး လိုက်မယ့် ရထားကြီးက ရပ်ပြီး ပြန်ထွက်တော့မယ့် အချိန်ကျနေပြီ။ မမမိုးနဲ့ ကျွန်တော်ဟာ ဘူတာပေါ်မှာ ဓာတ်ရှင်ထဲက သရုပ်ဆောင်နှစ်ယောက်လို ငြိမ်လို့။


 ကျွန်တော် အိမ်ထောင်ကျနေပြီ မမမိုး


 ကျွန်တော် အရဲကိုးပြီး ပီပီသသပြောချလိုက်တော့ မမမိုးဟာ နောက်ကို ခြေတစ်လှမ်းဆုတ်သွားတယ်။ကျွန်တော့် ရင်ခွင်ထဲက ခွါသွားတဲ့ မမမိုးရဲ့မျက်လုံးထဲက မျက်ရည်တွေဟာ ပါးနှစ်ဖက်ပေါ် ပြိုင်တူ စီးကျလာတယ်။


 ကျွန်တော့်ကို ခွင့်လွှတ်ပါ မမမိုး


 ကျွန်တော် ရှေ့တစ်လှမ်းတိုးပြီး တောင်းပန်လိုက်တယ်။ မမမိုးဟာ ဘာမှ ပြန်မပြောဘူး။ ခုံပေါ်တင်ထားတဲ့ ခရီးဆောင်အိတ်ကလေးကို ယူပြီး ရထားပေါ်တက်သွားတယ်။


 မမမိုး

 မမမိုး ကျွန်တော့်ကို ခွင့်လွှတ်ပါ


 ကျွန်တော် မမမိုးနောက်က လိုက်ပြီး ထပ်ပြောတယ်။ မမမိုးဟာ လှည့်တောင်မကြည့်ဘူး။ ပြတင်းပေါက်နားက ခုံမှာ ထိုင်လိုက်တာမို့ ကျွန်တော် ပြတင်းပေါက်နားအထိ ကပ်သွားလိုက်တယ်။ မမမိုးရဲ့ လက်ကလေးတစ်ဖက်ကရထားတံခါးဘောင်ပေါ်မှာ တင်ထားတယ်။ လက်သီးကိုတင်းနေအောင် ဆုပ်ထားရက်နဲ့ပေါ့။


 မမမိုး


 ကျွန်တော် ရှေ့တစ်လှမ်းထပ်တိုးလိုက်တဲ့ အချိန်မှာပဲရထားကြီးက ဘော်….ဆိုပြီး ဘူတာက စထွက်တယ်။ ဘီးတွေစလိမ့်လို့ ထွက်လာတဲ့ တဂျိုင်းဂျိုင်း အသံအောက်မှာ မမမိုး..မမမိုး လို့ ခေါ်တဲ့ ကျွန်တော့် အသံဟာ ပျောက်သွားတယ်။ ကျွန်တော် ပြေးမလိုက်မိဘူး။

အဲဒီနေရာမှာပဲ ရပ်ကျန်နေခဲ့မိတယ်။


 ရထားက ဘူတာကနေ အရှိန်နဲ့လည်း စခွါရော မမမိုးထိုင်နေတဲ့ ပြတင်းပေါက်ကနေ မမမိုးရဲ့ ခေါင်းလေး ထွက်လာတာကို ဘူတာက မီးရောင်တွေ ကျေးဇူးနဲ့ ကျွန်တော် လှမ်းမြင်လိုက်ရတယ်။ မမမိုးရဲ့ လက်တစ်ဖက်က ကျွန်တော့်ဆီ ပစ်ပေါက်လိုက်သလို လုပ်တာမို့ သေချာကြည့်လိုက်တော့ လုံးချေထားတဲ့ စာရွက်လေး တစ်ရွက်။ 


 ကျွန်တော် ပြေးပြီး ကောက်မယ်လုပ်တော့ စာရွက်လုံးလေးက ရထားအရှိန်နဲ့ ပါသွားပြီး တော်တော်​ဝေးဝေးရောက်မှ ရပ်သွားတယ်။


 ကျွန်တော် စာရွက်ဆုပ်ကလေးကို ကမန်းကတန်းကောက်လိုက်တယ်။ မမမိုးက သူ့ဆီ ဆက်သွယ်လို့ရအောင်  ဖုန်းနံပါတ်ရေးပြီး ပစ်ချပေးခဲ့ တာလို့ ကျွန်တော်က ထင်တာလေ။


 ကျွန်တော့်လက်ထဲ ရောက်လာတဲ့ စာရွက်ကလေးဟာအလျှင်စလို ဖြဲဆုတ်လိုက်တာမို့ ညီညီညာညာ လှလှပပ ဖြစ်မနေဘဲ ရွဲ့စောင်းလို့။


 ကျွန်တော် စာရွက်ကလေးကို အလျှင်စလို ဖြန့်လိုက်တော့ စာရွက်ကလေးထဲ မှာ ကျွန်တော် မျှော်လင့်ထားတဲ့ 

မမမိုးရဲ့ ဖုန်းနံပါတ်မဟုတ်ဘူး။ စာရွက်တစ်ရွက်လုံးမှာမှ စာလေးက  နှစ်လုံးတည်း ရေးထားတယ်။


 ညာတယ်…တဲ့။


        #လူခါး

 ၂၀၂၂-၀၆-၂၄၊ဂျပန်စံတော်ချိန်၀၀:၁၂မိနစ်

No comments: