Saturday, 20 June 2026

လူအိုရုံစောင့်သမ(၂)



(၂)


  

 Toyota Alphard ကားအနက်ကြီးက ပြေးလွှားနေရာမှ စက်သံငြိမ်ကျသွားပြီး ရပ်သွားသည်။ နှင်းဝေသည် မှိတ်ထားသော သူ၏မျက်လုံးများကို အသာဖွင့်ကြည့်လိုက်၏။ ကားကြီးသည် စည်းများ စနစ်တကျ ဆွဲထားသော ပါကင်ကြီးတစ်ခုတွင် ရပ်သွားခဲ့ပြီ။ နှင်းဝေ၏ မျက်လုံးများထဲတွင် အဦးဆုံး မြင်လိုက်ရသည်က အဆောက်အအုံကြီးတစ်ခုဖြစ်၏။ ထိုအဆောက်အအုံကြီးတစ်ခုလုံးကို အပြာရောင်ဆေးများ သုတ်ထားသည်။  အထပ်အမြင့်က သုံးထပ်ရှိသည်။ အထပ်တိုင်းတွင် မှန်များ တပ်ထားသော  ပြတင်းပေါက်များကို တွေ့ရသည်။ အဆောက်အအုံကြီး၏ ပတ်ဝန်းကျင်တွင်ကား လူနေအိမ်များကို မတွေ့ရပေ။ အဆောက်အအုံကြီးမှာ သစ်ပင်များ၊ လက်ကွင်းများနှင့် ခြံကွက်အလွတ်များ၏ ကြားတွင် တစ်ဆောင်တည်း ထီးတည်းကြီး ရှိနေခြင်းဖြစ်၏။ မလှမ်းမကမ်းတွင်ကား ကားအဟောင်းများကို ထပ်၍ ပုံထားသော ဝင်းကြီးတစ်ခုကို တွေ့ရသည်။

 ကားကြီးပေါ်မှ အဆင်းမှာပင် သုတ်ခနဲ တစ်ချက်တိုက်လိုက်သည့် ခပ်ရှရှလေကို နှင်းဝေသတိထားမိသည်။ တစ်ကိုယ်လုံး စိမ့်ခနဲ အေးသွား၏။  ဂျပန်လေပဲ။ နှင်းဝေသည် လတ်ဆတ်သော ထိုလေကို ခပ်ပြင်းပြင်း ရှုချလိုက်သည်။ 

 “သင်တန်းရောက်ပြီနဲ့ တူတယ်ဟေ့..”

 စီစီထက်က ကားပေါ်မှ ဆင်လိုက်ရင်း အားလုံးကြားအောင် ပြောသည်။ 

အားလုံး၏ အကြည့်များက သုံးထပ်အဆောက်အအုံကြီးဆီသို့ ရောက်သွားကြ၏။ ယမဂတစံက ကားပေါ်မှ ဆင်းလာပြီး ကား၏ နောက်ဖုံးတံခါးကြီးကို ဖွင့်ပေးသည်မို့ အိတ်များ၊ အထုပ်များကို ချလိုက်ကြသည်။ အိတ်များချပြီးသည်နှင့် အိတ်များကို ဆွဲရင်း ယမဂတစံ ခေါ်ရာနောက်သို့ လိုက်ခဲ့ရသည်။တွေ့ပါပြီ။ မြန်မာပြည်၌နေစဉ် ရန်ကုန် သင်တန်းကျောင်းမှာ နေစဉ်ကတည်းက မြင်ခဲ့ဖတ်ခဲ့ စိတ်ကူးယဉ်ခဲ့ရသော သင်တန်းကျောင်း၏ နာမည်နှင့် သင်တန်းကျောင်း၏ လိုဂို။ 

 “Sakura  Training  School”

  လိုဂိုကို ဆာကူရာပန်း၏ ဖွင့်ဖတ်များပါသည့် ကြယ်ပုံစံဖြင့် ဖော်ထားပြီး အရောင်မှာလည်း ဆာကူရာပန်းရောင်ပင် ဖြစ်သည်။ နှင်းဝေတို့ ငါးယောက်စလုံး သည် ယခုသင်တန်းကျောင်းတွင် တစ်လတိတိ နေကြရမှာဖြစ်ပြီး လုပ်ငန်းခွင်အတွက် လိုအပ်သည်များကို လေ့လာသင်ယူကြရမှာဖြစ်သည်။ သင်တန်းတစ်လပြီးမှ လုပ်ငန်းခွင်ရှိရာသို့ သွားကြရမည်ဖြစ်သည်။

 နှင်းဝေသည်  သင်တန်းကျောင်းကြီးကို တစ်ချက် မော့ကြည့်လိုက်၏။ 

 “သင်တန်းတစ်လကတော့ ငရဲကျသလိုပဲဟေ့..”

 စီနီယာများ၏ ပြောစကားများက နားထဲ ပြန်ကြားလာမိပြန်သည်။ ယခုအထိတော့ အားလုံးက အေးအေးဆေးဆေးပဲ ရှိနေသေးသည်မို့ နှင်းဝေတို့အဖွဲ့အတွက်တော့ ငရဲဟု မထင်မိကြသေးပေ။ 

 နှင်းဝေတို့အဖွဲ့သည် ယမဂတစံ၏ နောက်မှ လိုက်လာကြရင်း အဆောက်အအုံကြီး၏ အောက်ဆုံးထပ်ရှိ ရုံးခန်းထဲသို့ ရောက်လာကြသည်။ ရုံးခန်းသည် သိပ်အကျယ်ကြီးတော့ မဟုတ်။ စားပွဲများကို အလယ်တွင်ချထားပြီး တစ်ယောက်ထိုင် ကုလားထိုင်အသေးလေးများကို ပတ်ချာလည်တွင် ချထား၏။ ရုံးခန်းထဲတွင် မျက်နှာခပ်မာမာနှင့် အသက်လေးဆယ့်ငါးနှစ်ခန့် ဂျပန်အမျိုးသမီးကြီးတစ်ယောက်ကို အဆင်သင့်တွေ့ရသည်။ အပေါ်အင်္ကျီအဖြူလက်ရှည်နှင့် အနက်ရောင် ဘောင်းဘီအရှည်ကို ဝတ်ထားပြီး ကိုင်းအနက်ပါသော ပါဝါမျက်မှန်အထူကြီးကို တပ်ထား၏။ 

 သူသည် နှင်းဝေတို့ငါးယောက်ကို နှုတ်ဆက်စကားပင် မဆိုပေ။ အိတ်များ ထားရန် တစ်နေရာသို့ ညွှန်ပြသည်။  ထိုအမျိုးသမီးကြီးပြသော နေရာတွင်ထားကာ လူများက ရုံးခန်းထဲတွင် ပြန်၍ တန်းစီရပ်နေရသည်။

 ထိုအမျိုးသမီးကြီးနှင့် စကားပြောမှ နှင်းဝေတို့ငါးယောက်ကို လာကြိုသူ ယမဂတစံမှာ ဤသင်တန်းကျောင်းကြီး၏ ပိုင်ရှင်သူဌေးမမှန်း သိလိုက်ကြရသည် ။ မူလကပင် ခပ်စိမ်းစိမ်း ဖြစ်နေကြသော နှင်းဝေတို့ အားလုံးမှာ သူဌေးမဆိုသည်ကို သိလိုက်သည်နှင့် ပို၍ စိုးရွံ့မိသော စိတ်များ ကိုယ်စီဝင်လာကြသည်။ ယမဂတစံက ရုံးဝန်ထမ်းအမျိုးသမီးကြီးကို စကားအချို့ပြော၍ နှင်းဝေတို့ငါးယောက်အဖွဲ့ကို တစ်ချက်ပြုံးပြပြီးနောက် ရုံးခန်းထဲမှ ပြန်ထွက်သွား၏။ ထိုအချိန်တွင် နှင်းဝေတို့ အဖွဲ့ထဲမှ အငယ်ဆုံးလည်းဖြစ်၊ သွက်လည်း သွက်သည့် အိသူက ကုလားထိုင်တစ်လုံးကို ဆွဲယူလိုက်ပြီး ထိုင်လိုက်၏။

 “ဘယ်သူက ထိုင်ခိုင်းလို့လဲ..၊ အခုထ”

 ရုံးဝန်ထမ်းအမျိုးသမီးကြီးက အိသူကို တစ်ချက်စိုက်ကြည့်ကာ လေသံမာမာဖြင့် အော်သည်။ လေသံက မာဆို အတော်ပင် မာပါသည်။ သူ၏ အသံကြောင့် နှင်းဝေတို့အားလုံး လန့်သွားကြ၏။ 

 “ဟိုက်”

 အိသူက “ဟိုက်” ဟု တစ်ချက်ပြောကာ ထိုင်နေရာမှ ကမန်းကတန်း ထလိုက်သည်။  ထိုင်ခုံပင် လဲကျလုမတတ်ဖြစ်သွားသဖြင့် အနားရှိ နှင်းဝေက ထိန်းလိုက်ရသည်။ အားလုံး၏ မျက်လုံးများထဲတွင် ထင်မှတ်မထားသည့် အဖြစ်ကို မြင်လိုက်၊ ကြားလိုက်သည်မို့ ကြောင်အမ်းအမ်း ဖြစ်သွားမိကြသည်။ ငရဲကျသလိုပါပဲဆိုသော စကား၏ အစလေလား ဟု တစ်ဖွဲ့လုံး တွေးလိုက်မိကြပြန်သည်။

 "ဒီစာရွက်တွေမှာ အချက်အလက်တွေ ဖြည့်ပါ”

 ရုံးဝန်ထမ်းအမျိုးသမီးကြီးက စာရွက်များပေးသဖြင့် ထိုစာရွက်များတွင် မိမိတို့နှင့် သက်ဆိုင်သည်များကို ဖြည့်ကြရသည်။ ဖြည့်ပြီးတော့လည်း မထိုင်ကြရသေးပေ။ ငါးယောက်စလုံး ခြေထောက်များပင် ညောင်းလှပြီ။ လေယာဉ်ပေါ်မှ ဆင်းလာပြီး ကားထဲတွင် မိနစ်လေးဆယ်ခန့်ထိုင်ခဲ့ကြရသေးသည်။ ရုံးခန်းထဲ ရောက်ရောက်ချင်း မိနစ်နှစ်ဆယ်ခန့် မတ်တပ်ရပ်နေရပြီး စာရွက်များကို ဖြည့်ကြတော့လည်း မထိုင်ရသေးပေ။

 “အိမ်ကို ဖုန်းဆက်ပါ”

 စာရွက်စာတမ်းများ ပြင်ဆင်ရေးသားပြီးသည်နှင့် ထိုအမျိုးသမီးကြီးက နှင်းဝေတို့ ငါးယောက်ကို ကီးပက်ဖုန်းလေးတစ်လုံးပေးပြီး မြန်မာပြည်မှ မိဘများထံ အပြင်ကောလ်မှနေ၍ ဖုန်းဆက်ခိုင်းသည်။

 “တစ်မိနစ်ပဲနော်..၊ မပိုစေနဲ့”

 ဖုန်းဆက်ရသည်က တကယ်ကို တစ်မိနစ်ပဲ ဖြစ်သည်။ 

 “ဂျပန်ကိုရောက်ပါပြီ..၊ အားလုံးအဆင်ပြေပါတယ်”  ဆိုတာလောက်ပဲပြောရသည်။ ဒါသည်ပင် လူတိုင်းမဟုတ်။ ပဲခူးသူချိုမာနှင့် တောင်တွင်းကြီးသူအင်ကြင်းမွှေးတို့နှစ်ယောက်က ဖုန်းဝင်သော်လည်း မြန်မာပြည်ဘက်မှ မိဘများက ချက်ချင်း ဖုန်းမကိုင်သဖြင့် ထပ်ခေါ်ခွင့်မရတော့ပေ။

 “ပြီးရင် လိုက်ခဲ့ကြ”

 အိမ်သို့ ဖုန်းဆက်ပြီးသည်နှင့် ထိုအမျိုးသမီးကြီးခေါ်ရာနောက်သို့ လိုက်ခဲ့ကြရာ ဖိနပ်များထားသော နေရာဖြစ်သည်။ သူတို့ငါးယောက်ကို ကွင်းထိုးဖိနပ် အဝါရောင်ကြီးများ တစ်ယောက်တစ်ရံစီ ပေးသည်။

 “ဖိနပ်မှာ ကိုယ့်နာမည်ကို ရေးကြ”

 သူ၏ ပြောစကားများကို အလုံးစုံနားလည်သည် မဟုတ်သော်လည်း ထိုအတိုင်းသာ နှင်းဝေတို့ မှတ်ယူမိကြ၊ လိုက်လုပ်ဖြစ်ကြသည်။ နှင်းဝေတို့ အံ့ဩရသည်မှာ ဖိနပ်မှာ မည်သည့် အတွက်ကြောင့် နာမည်ကြီးတွေ ရေးခိုင်းတာပါလိမ့်ဆိုသည့် ကိစ္စဖြစ်သည်။ ကိုယ့်နာမည်ကို ဖိနပ်မှာ ရေးရမှာဆိုတော့ အားလုံး မျက်နှာ ရှုံ့မိကြသည်။ သို့သော် မည်သူမျှ အသံမထွက်ရဲကြပေ။ သူခိုင်းသည့်အတိုင်းပင် ဖိနပ်ပေါ်တွင် ကိုယ့်နာမည်ကို ဆော့ပင်အနက်ကြီးဖြင့် ရေးကြရသည်။ 

 “သင်တန်းတက်နေတဲ့ တစ်လလုံးလုံး စာသင်ခန်းထဲမှာ ဒီဖိနပ်ကိုပဲ စီးရမယ်”

 လေသံက မာသည်ဆိုတာထက်ပင် မာလွန်းလှပါသည်။ ဂျပန်ကိုရောက်လာသဖြင့် ကျေနပ်နေမိသော နှင်းဝေတို့ သူငယ်ချင်းငါးယောက်၏ ရွှင်မြူးသော စိတ်ကလေးများက တစ်ရက်မပြည့်မီမှာပင် ဝေ့လွင့်သွားကြတော့သည်။

 “ခဏနေရင် မင်းတို့ရဲ့ ခုမိအိုင်က လာခေါ်မယ်..၊ ဒီမှာ စောင့်နေကြပါ..”

 နှင်းဝေတို့အဖွဲ့  ဖိနပ်များယူပြီး ရုံးခန်းထဲ ပြန်ရောက်သည်နှင့် ထိုသို့ပြောပြီး သူက သူလုပ်စရာရှိသည်များကိုသာ လုပ်နေတော့သည်။ နှင်းဝေတို့ငါးယောက်ကို ထိုင်လည်းမပြော။ အားလုံး မတ်တပ်ရပ်နေရသည်။ နှင်းဝေတို့လည်း မထိုင်ရဲကြပေ။ စီစီထက်က သူ၏ မျက်နှာကို ရှုံ့မဲ့ကာ ထိုအမျိုးသမီးကြီး၏ အမူအယာမျိုး အသံတိတ် လုပ်ပြနေသဖြင့် စိတ်တိုနေသည့်ကြားမှ ရယ်ချင်စိတ်ကို ထိန်းထားရသေးသည်။

 သိပ်မကြာမီပင် နှင်းဝေတို့ငါးယောက်ကို တာဝန်ယူ၍ခေါ်သည့် ဂျပန်ဘက်မှ တာဝန်ခံလေးယောက်က ကားကြီးတစ်စီးဖြင့် ရောက်လာကြသည်။ ဂျပန်သုံးယောက်နှင့် မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်သည်။ မြန်မာစကားပြန် အမျိုးသမီးမှာ အသက်က သုံးဆယ့်ငါးလောက်ဖြစ်မည်။ ဂျပန်ရောက်နေသည်မှာ ဆယ်နှစ်ကျော်ပြီဟု သိရသည်။ ဂျပန်တွင် ကျောင်းတက်၊ ဘွဲ့ယူပြီး လုပ်ငန်းခွင်ဝင်နေခြင်း ဖြစ်သည်။ အပြုံးချိုချို၊ စကားချိုချိုလေးဖြင့် ရုပ်ချော သဘောကောင်းသူ ဖြစ်သည်။

 “ကိုယ့်အစ်မလိုသဘောထားပြီး သိချင်တာမှန်သမျှ အားမနာတမ်းမေးကြနော်..ညီမလေးတို့”

 စကားပြန်အစ်မ၏ စကားကို ကြားလိုက်ရသည်နှင့် သင်တန်းကျောင်းတွင် ဆုံခဲ့ရသည့် အမျိုးသမီးကြီးကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရသည်များကို သူတို့ငါးယောက်လုံး မေ့သွားကြတော့၏။ ဝမ်းသာပျော်ရွှင်စွာဖြင့် စကားပြန်အစ်မကို နှုတ်ဆက်မိကြသည်။

 သူတို့ပါလာသည့် ကားကြီးက တစ်နေရာသို့ မောင်းသွားပြီး သိပ်မကြာမီပင် အဆောင်အအုံမြင့်မြင့်များရှိသော မြို့ထဲရပ်ကွက်တစ်နေရာသို့ ရောက်လာသည်။ နှင်းဝေတို့ သင်တန်းကျောင်းကြီးရှိသည့် ရပ်ကွက်၏ ပင်မရုံးဟု နောက်မှ သိရသည်။ ထိုရပ်ကွက်ရုံးတွင် လေယာဉ်ကွင်းမှ ပေးလိုက်သည့် အိုင်ဒီကတ်တွင် သင်တန်းကျောင်း၏ လိပ်စာကို ရိုက်နှိပ်ပေးလိုက်သည်။ ထိုအခါမှ နှင်းဝေတို့ရောက်နေသည်မှာ တိုကျိုမြို့နှင့် သိပ်မဝေးသည့် ချိဘခရိုင်ထဲမှ မြို့ကလေးတစ်မြို့မှန်းသိရ၏။ 

 ထိုရုံးတွင် နောက်ထပ် ဖောင်များကိုလည်း ဖြည့်ကြရသေးသည်။ အားလုံးပြီးမှ ဆိုင်တစ်ဆိုင်သို့ ခေါ်လာကာ နေ့လယ်စာ ကျွေးသည်။ ဆိုင်က ဂျပန်အစားအစာကိုသာ ရ၍ ဂျပန်လူမျိုးဝန်ထမ်းများသာရှိသည့်ဆိုင် ဖြစ်သည်။

 “ကိုယ်ကြိုက်တာ ကိုယ်မှာလို့ရတယ်နော်..ညီမလေးတို့..၊ ပိုက်ဆံကို အစ်မတို့ သူဌေးရှင်းမှာ၊ စားသာ စားကြ”

 စကားပြန်အစ်မက ရင်းနှီးဖော်ရွေစွာဖြင့်  ပြောသော်လည်း နှင်းဝေတို့အားလုံးမှာ အစားအသောက်စာရင်းကိုကြည့်ရင်း ဘာမှန်းရမှန်း မသိကြပေ။ ဟိုဟာလိုလို ဒီဟာလိုလိုနှင့် နောက်ဆုံးတော့ မြန်မာပါးစပ်နှင့် ကိုက်မည်ထင်ရသော ကုလားဟင်းကဲ့သို့ အနှစ်ဆမ်းထားသည့် ထမင်းကိုသာ မှာဖြစ်ကြသည်။ သို့သော် မည်သူမျှ ကုန်အောင်မစားနိုင်ကြ။ ကြိုက်သလောက် ထယူ၍ ရသော စွပ်ပြုတ်ကိုသာ အထပ်ထပ်ယူကာ သောက်မိကြသည်။ 

 ထိုခဏတွင်တော့ သင်တန်းကျောင်း၏ ရုံးခန်းထဲမှ အဖြစ်အပျက်များကို ခဏမေ့ထားလိုက်နိုင်သဖြင့် နှင်းဝေတို့အားလုံး ပြုံးပျော်နိုင်လိုက်ကြပါသည်။ သို့သော် ခဏပင်။ စားသောက်ပြီးကြသည်နှင့် နှင်းဝေတို့ငါးယောက်ကို သင်တန်းကျောင်းသို့ ပြန်လိုက်ပို့ပြီး ဆက်သွယ်ရန်ဖုန်းနံပတ်များပေးကာ သူတို့အားလုံး ပြန်သွားကြတော့သည်။ နှင်းဝေတို့အားလုံး ရုံးခန်းထဲတွင် တဖန်ပြန်၍ မတ်တပ်​ပြန်ရပ်နေကြရပြန်သည်။

 “အခု အိပ်ခန်းတွေကို လိုက်ပြမယ်..၊ အိတ်တွေယူပြီး လိုက်ခဲ့ကြပါ"

 သင်တန်းပြန်ရောက်တော့လည်း မနက်က တွေ့ခဲ့သည့် ရုံးဝန်ထမ်းအမျိုးသမီးကြီးနှင့်ပင် ပြန်ဆုံသည်။ 

 “တွေ့ပြန်ပြီတော့”

 အင်ကြင်းမွှေးက အညာလေသံဖြင့် ခပ်တိုးတိုးပြော၏ ။ ကျန်လေးယောက်မှာ အင်ကြင်းမွှေး၏စကားကို ခွန်းတုံ့မပြန်နိုင်ပေ။ ငြိမ်သက်သော အမူအယာများဖြင့်သာ အထုပ်များကိုယ်စီ ဆွဲ၍ ထိုမျိုးသမီးကြီး၏နောက်မှ လိုက်လာကာ အဆောက်အအုံကြီး၏ ပထမထပ်ထဲသို့ပင် အခြားတစ်ဖက်ရှိ ဝင်ပေါက်ကြီးမှ လှည့်ဝင်ကြရပြန်သည်။ 

 “အိပ်ခန်းတွေက တတိယထပ်မှာလည်း ရှိတယ်၊ ပထမထပ်မှာလည်း ရှိတယ်။ မင်းတို့နေရမှာက ဒီ ပထမထပ်မှာပဲ”

 ဂျပန်အမျိုးသမီးကြီးက အားလုံးကို မျက်နှာချင်းဆိုင်ကာ ရှင်းပြသည်။ အိပ်ခန်းများထဲသို့ ရောက်သည်နှင့် မြင်ကွင်းကို ကြည့်ပြီး နှင်းဝေတို့ အားလုံး၏ ခြေလှမ်းများ ရပ်တန့်သွားကြသည်။ အိပ်ခန်းကြီးထဲတွင် နိုင်ငံခြားရုပ်ရှင်များထဲတွင် မြင်ခဲ့ရဖူးသည့် နှစ်ထပ်ကုတင်များက ပြည့်နေလေသည်။

 “ဒီမှာ အိပ်ကြရမှာ..၊ အခုတော့ အဆင်ပြေသလိုနေပါ..၊ ခဏနေရင် စာသင်နေတဲ့လူတွေ ပြန်လာလိမ့်မယ်..၊ အဲဒီတော့မှ လွတ်တဲ့ ကုတင်ကိုမေးပြီး အိပ်ပါ..၊ အောက်ထပ်မှာ နှစ်ယောက် အိပ်ရမယ်..၊ အပေါ်ထပ်မှာ တစ်ယောက်ပဲ အိပ်ရမယ်”

 ပြောပြီးသည်နှင့် ဂျပန်အမျိုးသမီးကြီးက အိပ်ခန်းကြီးထဲမှ ပြန်ထွက်သွားတော့သည်။

 “ဟူး”

 “အမလေး..အမေရေ”

 “တကယ်မှ ငရဲပါပဲအေ..”

 “ထောင်နဲ့တောင် တူသေးသတော့”

 နှင်းဝေတို့ ငါးယောက်ထံမှ အသံများ တစ်ယောက်တစ်ပေါက် ထွက်လာကြသည်။ နှင်းဝေသည် အိပ်ခန်းကြီးထဲသို့ သူ၏ မျက်လုံးများကို ဝေ့ကြည့်လိုက်မိသည်။ သစ်သားဖြင့် ပြုလုပ်ထားသည့် နှစ်ထပ်ကုတင်ကြီးများက ခေါင်းချင်းဆိုင်လျက် ရှိနေကြသည်။ အပေါ်ထပ်သို့တက်ရန် လှေကားကြီး တစ်ခုစီ ထောင်ထား၏။ ကုတင်များပေါ်တွင် အိပ်ယာလိတ်များက ခွေလျက်။ လိုက်ကာမရှိ၊ ခန်းဆီးမရှိ။ အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ ခရီးဆောင်အိတ်များမှာ ကုတင်းဘေးတွင် ထောင်တာတောင်၊ ကုတင်ခြေရင်းတွင် လဲတာလဲနှင့် ရှိနေကြသည်။ ရေလဲတဘက်များကိုတော့ ကုတင်တိုင်းလိုလိုတွင် ဖြန့်လျက်တင်ထားကြသည်။မှန် ပြတင်းပေါက်များကလည်း ညောင်းနေကြ၏။ 

 နှင်းဝေတို့ ငါးယောက်သည် အိတ်များကို တစ်နေရာတွင်စုထားကာ ကုတင်များ၏ အောက်ထပ်တွင် ဝင်ထိုင်မိကြသည်။ အားလုံးမှာ ခုထိ စကားကောင်းကောင်း မပြောနိုင်ကြသေးပေ။ ဖိနပ်သံ တဖျပ်ဖျပ်ကို ကြားသည်နှင့် စကားတိုးတိုးပြောနေသည်ကိုပင် ရပ်ထားမိသည်အထိ ကြောက်စိတ်ဝင်မိကြသည်။ လေယာဉ်ပေါ်မှ ဆင်းချိန်တုန်းက ရထားခဲ့သည့် ပျော်ရွှင်စရာ ခံစားမှုသည် သင်တန်းကျောင်းအရောက်မှာပင် ပျောက်ကွယ်သွားတော့သည်။

 “ဟော..ရောက်လာကြပြီလား..”

 သိပ်မကြာမီမှာပင် စာသင်ခန်းမှ ပြန်လာကြသော စီနီယာ အစ်မများ အိပ်ခန်းကြီးထဲသို့ ရောက်လာကြသည်။ ထိုအခါမှ နှင်းဝေတို့အားလုံးမှာ အားကိုး​တွေ့ကြသူများပမာ လန်းလန်းဆန်းဆန်း ရှိလာကြသည်။

 “လာကြ..လာကြ...နေရာတွေပြမယ်” ဟုဆိုကာ နှင်းဝေတို့ငါးယောက် လိုအပ်သည်များကို ပြောပြ သင်ပြကြ၏။ သူတို့ပြသည့် ပိုင်ရှင်လွတ်သည့်ကုတင်များတွင် နေရာယူကြရသည်။ နှင်းဝေက ကုတင်အပေါ်ထပ်တွင် နေရာရပြီး စီစီထက်နှင့် အိသူက နှင်းဝေ၏ အောက်ထပ်တွင် နှစ်ယောက် အိပ်ရမည်ဖြစ်သည်။ ချိုမာနှင့် အင်ကြင်းမွှေးက အခြားကုတင်တစ်လုံး၏ အောက်ထပ်တွင် နေရာရသည်။

 “တစ်လပြည့်တဲ့လူတွေ ထွက်သွားရင်တော့ အကုန်လုံး တစ်ယောက်တစ်ထပ် အိပ်ရမှာပါ..၊ အခုတော့ ခဏ သည်းခံကြဦး”

 စီနီယာ အစ်မများက သဘောကောင်းကြပါသည်။ သူတို့သိသမျှ သင်ပေးကြပြီး လိုအပ်တာမှန်သမျှ ကူညီဖြည့်ဆည်းပေးကြသည်။ အိပ်ခန်းကြီးထဲရှိ သင်တန်းသား အကုန်လုံးမှာ မြန်မာလူမျိုးများချည်း မဟုတ်ကြပေ။ ဗီယက်နမ်လူမျိုးများနှင့်  အင်ဒိုနီးရှားများလည်း ရှိကြသည်။ အများဆုံးကတော့ မြန်မာလူမျိုးများနှင့် ဗီယက်နမ်လူမျိုးများ ဖြစ်ကြ၏။ ဗီယက်နမ်များသည် စကားပြောလျှင် အတော်ကျယ်သည်ကို စတွေ့သည့်နေ့မှာပင် သူတို့အားလုံး သတိထားမိကြသည်။ အင်ဒိုနီးရှားလူမျိုးများမှာ ခေါင်းမြီးခြုံအနက်များနှင့် ဖြစ်သည်။

 "လာဟေ့..ရေချိုးခန်း၊ အိမ်သာနဲ့ မျက်နှာသစ်တဲ့နေရာ လိုက်ပြမယ်”

 စီနီယာ အစ်မများက ခေါ်သဖြင့် ရေချိုးခန်းနှင့် အိမ်သာနေရာကို လိုက်ကြည့်ရသည်။ ရေချိုးခန်းမှာ ရေပန်းနှစ်ခု တပ်ထားသော အနံလေးပေ၊ အလျားရှစ်ပေခန့် ကျယ်သည့် အခန်းကြီးတစ်ခန်းဖြစ်သည်။ ရေတစ်ခါချိုးလျှင် နှစ်ယောက်၊ သုံးယောက် တစ်ပြိုင်တည်း ဝင်ချိုးရမည်ဟုဆိုသဖြင့် နှင်းဝေတို့ငါးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း စိတ်ဓာတ်များ ကျမိတော့သည်။ 

 “ဘာမှပူမနေနဲ့ အစ်မတို့ရောက်စကလည်း ဒီလိုပဲ..၊ နောက်တော့ နေသားကျသွားမှာ..ဟဲဟဲ”

 လိုက်ပြသည့်အစ်မက ရယ်ရင်းပြုံးရင်း ပြောသော်လည်း နှင်းဝေတို့ငါးယောက်မှာ မရယ်နိုင်ကြပေ။ အသံတိတ်လျက်သာ ခေါင်းများကို ညိတ်ပြမိကြ၏။

 အိမ်သာကလည်း ဘိုထိုင်အိမ်သာဆိုပေမဲ့ နှစ်လုံးသာရှိသည်။ ကျောင်းသားများက နှင်းဝေတို့လာသည့် ဘိုးဘွားစောင့်ရှောက်ရေးအလုပ်က သင်တန်းသားချည်းပင် တစ်ရာခန့်ရှိသည်ဟု သိရသည်။ ကျန်သည့် အလုပ်များဖြစ်သည့် စားသောက်ကုန်၊ စက်ရုံတို့နှင့်လာသော သင်တန်းသားများလည်း ရှိသေးသည်။ တစ်ခုကောင်းသည်က ယောက်ျားလေးသင်တန်းသားများကို အခြားတစ်နေရာတွင် အဆောင်ခွဲထားခြင်းဖြစ်သဖြင့် တော်သေး၏။

 ရေချိုးခန်းမှာ အခြားတစ်နေရာတွင်  တစ်ယောက်ချိုး အခန်းကျဉ်းလေးရှိသော်လည်း တန်းစီသူများသည်ဟု ဆိုသည်။ ပို၍ ဆိုးသည်က တစ်နေ့လျှင် မနက်စောစော တစ်ကြိမ်ပဲ ရေချိုးကြရမည်ဖြစ်သည်။ မနက်လေးနာရီခွဲနောက်ပိုင်းမှစ၍ ကြိုက်သည့်အချိန်တွင် ထချိုးနိုင်ပြီး ခုနစ်နာရီထိုးသည်နှင့် ရေချိုးတာလည်းရပ်၊ အဝတ်လျှော်တာလည်း ရပ်၊ ထမင်းလည်း စားပြီးဖြစ်၍ စာသင်ခန်းဝင်ရန် အသင့်ဖြစ်နေရမည် ဖြစ်သည်။

 “ဒါမှ တကယ့်ငရဲပဲ”

 အသန့်အပြန့်နှင့် အလှအပကြိုက်သော စီစီထက်က အသံထုတ်၍ပင်  ညည်းလေသည်။ အင်ကြင်းမွှေးက ဟင်းခနဲ သက်ပြင်းချ၏။ အိသူကတော့ မျက်နှာငယ် လေးနှင့်။ နှင်းဝေနှင့် ချိုမာသည် နေရာများလိုက်ပြပေးသော စီနီယာအစ်မ၏ နောက်တွင် မျက်နှာပျက်ပျက်နှင့် ကပ်လျက်သာ လိုက်ပါခဲ့ကြသည်။

 မျက်နှာသစ်တော့လည်း ရေချိုးခန်း၏ ရှေ့မှ ရေဘဲနှစ်ခုသာပါသော ဘေစင်တွင်ပင် သစ်ကြရမည်။ တန်းစီရမည်။ တန်းမစီနိုင်ပါက ရေချိုးခန်းထဲ ဝင်၍ သစ်ကြရမည်။ အဝတ်လျှော်စက်ကလည်း တစ်လုံးတည်းသာ ရှိသဖြင့် ရေချိုးနေစဉ်မျာပင် ဆပ်ပြာမှုန့်ကိုသုံးကာ လက်ဖြင့်လျှော်ရမည်ဟု ဆိုသည်။ ညဘက်တွင်ပင် ရေကို မည်သူမျှ မသိအောင် ချိုး၍ မရပေ။ ရေချိုးခန်း၊အိမ်သာနှင့် အိပ်ခန်းထဲမှလွဲ၍ ကျန်သည့်နေရာများတွင် cctv များ တပ်ထား၏။

 အိပ်ခန်ထဲသို့ ပြန်ရောက်ကြတော့ နှင်းဝေတို့အားလုံး စကားမပြောနိုင်ကြတော့ပေ။ ကိုယ့်အတွက် သတ်မှတ်ထားသည့် အိပ်ယာများထဲသို့ ဝင်ကာ ခွေနေမိကြသည်။ ဗီယက်နမ်များ၏ စကားသံများ၊ အင်ဒိုနီးရှားများ၏ စကားသံများ၊ မြန်မာများ၏ သံများဖြင့် အိပ်ခန်းကြီးသည် ညဦးချိန်ထဲတွင် အသက်ဝင်လွန်းနေခဲ့၏။

 နှင်းဝေ၏ အောက်ထပ်တွင် နေရာရသော အိသူနှင့် စီစီထက်ထံမှ စကားသံတိုးတိုး ထွက်လာနေသည်။ နှင်းဝေကတော့ မည်သူနှင့်မျှ စကားပြောချင်စိတ်မရှိသဖြင့် အိပ်ယာထက်တွင်ပင် အသံတိတ်နေမိသည်။ မြန်မာပြည်မှထည့်လာခဲ့သော ဖုန်းကတ်ကို အင်တာနက်ဖွင့်ပြီး အိမ်က အဖေနှင့်အမေများ လိုင်းပေါ်ရှိမလား ကြည့်မိတော့ မရှိကြပေ။

 "အစစ အရာရာ အဆင်ပြေပါတယ်..” ဟု စာပို့ထားလိုက်သည်။ စာရိုက်နေရင်းမှပင် မျက်ရည်များက ပေါက်ပေါက် ပေါက်ပေါက်နှင့် ပါးပြင်ပေါ် လှိမ့်ကျလာသည်။ လာမိတာ မှားပြီလား။

 နှင်းဝေသည် ကျလာသည့် မျက်ရည်များကို မသုတ်မိပေ။ သည် သင်တန်းကျောင်းတွင် တစ်လတိတိ နေရမည်။ ယနေ့သည် ပထမဆုံးရက်ဆိုသော်လည်း မနက်ဖြန်မှ တစ်ရက်ဟု စတင်သတ်မှတ်မှာ ဖြစ်သည်။ သည်နေ့က ၂၀၁၉ ခုနှစ် အောက်တိုဘာ ၆ ရက်ဆိုတော့ နောက်လ ၆ ရက်မှ သင်တန်းပြီးမှာပေါ့။ 

 “တစ်လ သင်တန်းကတော့ ငရဲကျနေသလိုပဲ” 

 စီနီယာအစ်မများ၏ စကားများက နှင်းဝေ၏ နားထဲတွင် ပီပီသသကြီး ပြန်ကြားလာမိပြန်သည်။ 

 “အားလုံး အိပ်ကြမယ်၊ မီးပိတ်မယ်နော်..ဖုန်းတွေလည်း ပိတ်ထားပါ..၊ လုံးဝ မဖွင့်ပါနဲ့”

 ည ဆယ်နာရီထိုးသည်နှင့် သင်တန်းက ဆရာမများခန့်ထားသည့် ခေါင်းဆောင်ဆိုသူ မြန်မာအမျိုးသမီးက အသံစူးစူးဖြင့် အားလုံးကြားအောင် အော်ပြောသည်။ သူ၏ အသံကလည်း မာတာပါပဲလား။ နှင်းဝေတစ်ယောက် အတွေးမဆုံးမီမှာပင် အိပ်ခန်းကြီးသည် တမဟုတ်ချင်း မှောင်အတိကျလာပြီး တိတ်ဆိတ်ငြိမ်သက်သွား၏။

 နှင်းဝေသည် သူ၏ မျက်လုံးများကို မှိတ်လိုက်၏။ သို့သော် အိပ်မပျော်။ မနက်ဖြန် မနက်ဖြန်ဟု စိတ်ထဲမှ ရေရွတ်နေမိသည်။ မနက်ဖြန်သည် ငရဲကျသလိုပဲဆိုသော တစ်လကို စတင်ရမည့် ပထမဆုံးနေ့ ဖြစ်၏။ နှင်းဝေသည် ထိုမနက်ဖြန်ကို ယခုကဲ့သို့ စိုးရိမ်ပူပန်မှုများဖြင့် စောင့်မနေချင်တော့။ ယခုပင်ပြေး၍သာတွေ့လိုက်ချင်တော့၏။


#လူခါး

#လူအိုရုံစောင့်သမ


တစ်ခန်းလုံးဖြစ်စေ ၊ အပိုဒ်လိုက်ဖြစ်စေ၊ ကော်ပီကူးခြင်း၊ ဖြတ်ညှပ်ကပ် ပြန်သုံးခြင်း၊ ဆင်တူရိုးမှားပြုလုပ်ခြင်းများ

မပြုရန် မေတ္တာရပ်ခံပါသည်။ လွတ်လပ်စွာ (share) မျှဝေ

နိုင်ပါသည်။


     #လူခါး

No comments: