(၃)
နံနက် လေး နာရီထိုးသည်နှင့် သင်တန်းကျောင်းကြီး၏ ပတ်ဝန်းကျင်က စတင်လည်ပတ်လာတော့သည်။ ထမင်းချက်တာဝန်ကျသူများ၊ သန့်ရှင်းရေးတာဝန်ကျသူများက သူတို့တာဝန်ကျရာ အလုပ်များကို စတင်၍ လုပ်ကိုင်နေကြပေပြီ။ နှင်းဝေတို့ သူငယ်ချင်းငါးယောက်ကတော့ မည်သည့်တာဝန်မှ မယူရသေးပေ။ သည်ကနေ့တွင် လိုအပ်သည့် ဝေယျာ ဝစ္စများဝယ်ယူရန် နှင်းဝေတို့အဖွဲ့ကို ပြင်ပသို့ စျေးဝယ်လိုက်ပို့မည်ဖြစ်သည်။
“ရေချိုးကြတော့လေ..၊နောက်ကျနေရင် မချိုးလိုက်ရဘဲနေမယ်”
နှင်းဝေနှင့် ကုတင်းချင်းကပ်လျက်နေသည့် စီနီယာအစ်မတစ်ယောက်က လှမ်းအော်၍ သတိပေးသဖြင့် ရေချိုးခန်းဆီသို့ အပြေးတစ်ပိုင်း လာခဲ့ကြရသည်။ သို့သော် နောက်ကျသွားခဲ့ပြီ။ ရေချိုးခန်းရှေ့တွင် လူပေါင်းနှစ်ဆယ်ခန့် တန်းစီနေကြသည်။ တစ်ယောက်ခန်းရှေ့တွင်ကား တန်းစီနေသူက ပို၍ပင် များသေး၏။
နှင်းဝေတို့အဖွဲ့မှာ လူအုပ်နှင့်အတူ အတင်းတိုး၍ တန်းစီလိုက်ကြသော်လည်း တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြသည်။ ရှေ့မှ တန်းစီနေကြသူများက ရေချိုးခန်းကြီးထဲသို့ သုံးယောက်တစ်တွဲ၊ လေးယောက်တစ်တွဲ ဝင်သွားနေကြသည်။ ခက်ပြီ။ အထဲမှာ ဘယ်လိုချိုးပါလိမ့်ဟု တွေးရင်း နှင်းဝေ နောက်ကို လှည့်ကြည့်တော့ အင်ကြင်းမွှေးက နှင်းဝေ၏နောက်မှာ ကပ်ရပ်ပါလာသည်ကို မြင်ရသည်။
“ဝင်ကြလေ..၊ ဝင်ကြ..”
ဂျပန်လို မပီကလာ ပီကလာဖြင့် အော်လိုက်သော ဗီယက်နမ်အသံတစ်သံက ခပ်ကျယ်ကျယ် ခပ်စူးစူးထွက်လာသဖြင့် လန့်ဖျတ်ပြီး နှင်းဝေရော၊ အင်းကြင်းမွှေးပါ ရေချိုးခန်းထဲသို့ ကမန်းကတန်း တိုးဝင်မိကြသည်။ ရေချိုးခန်းတံခါးကို ပိတ်သံကြားရပြီး အထဲကို မျက်လုံးဝေ့လိုက်တော့ အထဲမှာ နှင်းဝေရယ်၊ အင်ကြင်းမွှေးရယ်၊ ဗီယက်နမ်အမျိုးသမီးနှစ်ယောက်ရယ်၊ လူက စုစုပေါင်း လေးယောက်ဖြစ်နေမှန်း သိလိုက်ရသည်။
“ဟာရခု...ဟာရခု..”
ရေချိုးခန်းတံခါးကို ဆွဲပိတ်လိုက်သည့် အသက်နှစ်ဆယ်ငါးနှစ်ခန့်ရှိမည်ထင်၇သည့် ခပ်ချောချော ဗီယက်နမ်အမျိုးသမီးလေးက “မြန်မြန်လုပ်..၊ မြန်မြန်လုပ်”ဟု ဆိုကာ ပြောပြောဆိုဆို သူ့ကိုယ်ပေါ်၌ ခြံထားသော တဘက်အဝါကြီးကို ဖယ်လိုက်ပြီး ခါးအောက်ပိုင်းတွင် ပတ်ထားသည့် တဘတ်ကြီးကိုလည်း ခွာချလိုက်သည်။
“ဟယ်..”
“အမလေး”
နှင်းဝေနှင့် အင်ကြင်းမွှေးက မျက်လုံးများကို ချက်ချင်းလွှဲကာ အာမေဍိတ်သံများဖြင့် အော်မိကြသည်။
“နနိ”
နောက်ထပ် ရှိနေသည့် ဗီယက်နမ်အမျိုးသမီးလေးက “ဘာဖြစ်ကြတာလဲ” ဟု အသံစူးစူးဖြင့်အော်ကာ သူလည်း တစ်ကိုယ်လုံး ဗလာထီးတည်းကြီး ဖြစ်သွားတော့၏။ နှင်းဝေနှင့် အင်ကြင်းမွှေးတို့မှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ပင်မကြည့်ရဲကြပေ။ မျက်လုံးများကို ရေချိုးခန်း၏ ကြမ်းပြင်ပေါ်သို့ ပို့လွှတ်ထားလိုက်မိကြသည်။
ရေချိုးခန်းထဲတွင် ရေပန်းနှစ်ခုမှ ရေများ တဖျောဖျော ကျနေသံနှင့်အတူ ဆပ်ပြာတိုက်သံ၊ ဗီယက်နမ်အမျိုးသမီးအချင်းချင်း စကားပြောသံများက တစ်ခဏအတွင်း ပွက်လောရိုက်သွားသည်။
“ဘာလုပ်နေကြတာလဲ..ရေချိုးလေ..၊ အပြင်မှာ နောက်လူတွေစောင့်နေကြတယ်.."
ဗီယက်နမ်အမျိုးသမီး နှစ်ယောက်သည် ရေလည်းချိုးနေရင်း နှင်းဝေနှင့် အင်ကြင်းမွှေးကို အော်ပြောသည်။ ထို့နောက် သူတို့ပါလာသော အဝတ်အစားအချို့ကို ရေချိုးခန်းထဲတွင်ပင် တဗြန်းဗြန်းနှင့် လျှော်တော့၏။ သူတို့၏ အသားများမှာဖြူပြီး ကိုယ်လုံးကိုယ်ပေါက်များမှာလည်း လှကြသဖြင့် ကြည့်ပျော် ရှုပျော်ရှိသည်။
နှင်းဝေလည်း မတတ်နိုင်တော့။ လုံချည်ကို ရင်ရှားကာ ထိုအတိုင်းပင် ရေချိုးလိုက်သည်။ နှင်းဝေလုပ်သည်ကို ကြည့်ပြီး အင်ကြင်မွှေးကလည်း နှင်းဝေကဲ့သို့ပင် ချိုးသည်။ ဆပ်ပြာတိုက်မိသည်လား မတိုက်မိဘူးလားပင် မသိကြတော့ ။ ရေပန်းကိုတစ်လှည့် ရေဘဲလ်ကို တစ်လှည့် လုယက်လှည့်ကြရင်းနှင့်ပင် ရေချိုးခြင်း အမှုကြီး ပြီးသွားကြတော့သည်။ နှင်းဝေ ရေချိုးခန်း၏ အပြင်ရောက်တော့ လူက ရှက်စိတ်ကြောင့် မွှန်ထူနေသည်။ အင်ကြင်းမွှေးသည် လည်း မျက်နှာကြီးနီရဲကာ တဆတ်ဆတ် တုန်နေသည်။
“အဝတ်တွေ အပေါ်ထပ်က လသာဆောင်မှာ သွားလှန်းကြနော်”
နှင်းဝေနှင့် အင်ကြင်မွှေးတို့ကို လူအသစ်များမှန်းသိသည့် စီနီယာ အစ်မတစ်ယောက် အပေါ်သို့ လက်ညှိုးထိုးပြရင်း ပြောသည်။
“ဟုတ်ကဲ့..အမရေ..ကျေးဇူးပါ”
နှင်းဝေနှင့် အင်ကြင်းမွှေးလည်း ဗီယက်နမ်အမျိုးသမီးနှစ်ယောက် တက်သွားသော အပေါ်ထပ်ဆီသို့ တက်လိုက်သွားရသည်။ ဗီယက်နမ်အမျိုးသမီးလေးများသည် နေ့စဉ်ပြုနေကျ ကိစ္စကို ပြုနေသည့်အလား ပကတိ ငြိမ်သက်၍သာ လှုပ်ရှားနေကြသည်။ တဘက်စများလွတ်နေသော သူတို့၏ အသားဖြူဖြူများပေါ်တွင် ရေစက်ရေပေါက်များက ပိန်းကြာရွက်ပေါ်တွင် တင်နေသည့် ရေစင်များကဲ့သို့ သီးလျက်ရှိသည်။
“ဗီယက်နမ်မတွေ မရှက်ဘူးလား မသိဘူးတော့”
လသာဆောင်သို့ တက်နေရာမှပင် အင်ကြင်းမွှေးက နှင်းဝေကို အညာသံတိုးတိုးဖြင့် မေးလာသည်။
“အေးဟာ...ငါဖြင့်”
နှင်းဝေ ဆက်မပြောရဲတော့။ သူတို့အားလုံး လသာဆောင်သို့ ရောက်လာကြသည်။ လသာဆောင်မှာ သင်တန်းကျောင်းကြီး၏ အပေါ်ဆုံးအထပ်တွင် ရှိသည်။ တစ်ထပ်လုံးမှာ လဟာပြင်ကြီးဖြစ်သည်။ အဝတ်တန်းများတွင် အရောင်စုံအဝတ်များကို ဘေထုပ်ဆိုင်နှင့် မှားလောက်အောင်ပင် တန်းစီး၍ လှန်းထားသည်ကို တွေ့ရသည်။ အဝတ်လှန်းနေရင်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ပတ်ဝန်းကျင်တွင် အိမ်ဟူ၍ တစ်အိမ်မျှ မေတွ့ရပေ။ သစ်ပင်ကြီးများ၊ လယ်ကွင်းများနှင့် ခြံဝင်းအလွတ်ကြီးများကိုသာ တွေ့ရသည်။ ဪ..တကယ့်ထောင်ပါလားဟု နှင်းဝေ တွေးလိုက်မိသည်။ ကားအစောင်းများကို ထပ်ထားသည့် ခြံကြီးကလည်း တိတ်ဆိတ်လို့။
“မိဝေရေ..ရွာတောင် လွယ်းသွားတယ်တော့”
အင်ကြင်းမွှေးကလည်း နှင်းဝေကဲ့သို့ပင် ပတ်ဝန်းကျင်ကိုကြည့်ရင်း မှတ်ချက်ချသည်။ နှင်းဝေနှင့် အင်ကြင်မွှေးနှင့် အိပ်ခန်းထဲပြန်ရောက်တော့ စီစီထက်၊ အိသူနှင့် ချိုမာတို့ သုံးယောက်က ရေချိုးနေရာမှ ပြန်ရောက်နှင့်နေကြပြီ။ သူတို့သည် အဝတ်စိုများကို လသာဆောင်သို့ တက်လာ၍ မလှန်းကြ။ သူတို့မည်သို့ ရေချိုးကြသနည်းဆိုသည်ကို နှင်းဝေနှင့် အင်ကြင်းမွှေး မေးချိန်ပင်မရ။ စီစီထက်က စကားစသည်။
“ဟဲ့..ညည်းတို့ ရေဘယ်လိုချိုးလဲ..မှန်မှန်ပြော၊ ဂျပန်ရေချိုးနည်း ချိုးခဲ့ကြတယ် မဟုတ်လား..အဟိ”
စီစီထက်က နှင်းဝေတို့ သူငယ်ချင်း ငါးယောက်တွင် အသက်အကြီးဆုံးလည်း ဖြစ်သလို အစအနောက်လည်းသန်သည်။ ခေတ်လည်းမီသည်။ ရန်ကုန်သူဖြစ်သဖြင့် လည်လည်ဝယ်ဝယ် ရှိသူလည်း ဖြစ်သည်။ ရုပ်ရည်ကလည်း သန့်ပျံ့ပြီး အနေအထိုင်မှာ အထက်တန်းဆန်၍ ပွင့်လင်းသည်။ ပခုံးပေါ်အထိ ဝဲကျနေသော ဆံပင်ခွေခွေလေးများနှင့် သွယ်တန်းသော နှုတ်ခမ်း၊ ပြည့်မို့သော မျက်နှာကလေးကြောင့် စီစီထက်၏ အမူအယာတို့မှာ ပို၍ ချစ်စရာ ကောင်းနေလေသည် ။
“အမလေး ကျုပ်က လုံချည်ကြီးနဲ့တိုင်း ချိုးတာပါတော်”
အင်ကြင်းမွှေးက အသာစါာစွာနှင့် ကမန်းကတန်းငြင်းသည်။ နှင်းဝေကတာ့ “ချိုးစရာလားမထက်ရဲ့” ဟုသာ ရယ်ရင်း ပြောဖြစ်သည်။ အိသူက သူ့အိမ်မှ ပါလာသော ကျောက်ပျဉ်အသေးလေးကို ထုတ်ကာ သနပ်ခါးသွေးနေ၏။ ချိုမာက ခရီးဆောင်အိတ်ကြီးကို ဖွင့်လိုက် ပိတ်လိုက်ဖြင့် အင်္ကျီရွေးရင်း အလုပ်ရှုပ်နေသည်။
“လူသစ်တွေ..လူသစ်တွေ၊ ထမင်းစားပြီးရင် အပြင်လိုက်ပို့မယ်တဲ့၊ အသင့်ပြင်ထားပါ”
ညကတည်းက မှတ်မိနေသော ခေါင်းဆောင်အမျိုးသမီး၏ အသံစွာစွာကို ကြားလိုက်သဖြင့် နှင်းဝေတို့ လန့်သွားမိသည်။ အသံလာရာကို ကြည့်လိုက်တော့ သူက နှင်းဝေတို့ကိုပင် မကြည့်။ သူပြောချင်တာ ပြောပြီး အခန်းထဲမှ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။ နောက်ကျောပြင် လှလှပေါ်ဝဲကျနေသော ဆံပင်ရှည်ရှည်များကိုသာ တစ်ပိုင်းတစ်စ မြင်လိုက်ရသည်။
“ဟုတ်ကဲ့အစ်မရေ...”
ချိုမာက အတွင်းခံအင်္ကျီကို ချိတ် ချိတ်နေရာမှ လှမ်းအော်လိုက်သော်လည်း ကြားမည်မထင်။ နှင်းဝေတို့ငါးယောက်သည် အဝတ်အစားများ လဲပြီးသည်နှင့် ထမင်းစားခန်းဆီသို့ ထွက်လာခဲ့ကြ၏။
ထမင်းစားခန်းထဲတွင်လည်း လူက အပြည့်။ ဗီယက်နမ်၊ အင်ဒိုနီးရှား၊မြန်မာတို့၏ အသံပေါင်းစုံကို ဆူဆူညံညံ ကြားနေရသည်။ ထမင်းစားခုံများမှာ စာရေးစားပွဲလို ခုံတန်းရှည်များကို ဆက်၍ စီထားခြင်းဖြစ်သည်။ ထမင်းပန်းကန်တစ်လုံးနှင့် တူတစ်စုံကို ခုံပေါ်တွင် အသင့်ချထားသည်ကို တွေ့ရ၏။ နှင်းဝေတို့အဖွဲ့သည် အရင်ဆုံး ထမင်းစားပန်းကန်လုံးနှင့်တူကို ယူပြီး ထမင်းထားသောနေရာကို သွားပြီး ထမင်းအရင်ထည့်ရသည်။ ပြီးမှ ဟင်းထားသည့်နေရာသို့ သွားပြီး ဟင်းယူရသည်။ ဟင်းမှာ ဂေါ်ဖီထုပ်ကို ခပ်ထူထူလှီး၍ ကြော်ထားခြင်းဖြစ်သည်။ ဆီမထိသည့်နေရာလည်းရှိ၊ ထိသည့်နေရာလည်းရှိသည်။ သူတို့အားလုံး ဂေါ်ဖီထုပ်ကြော်ကို များများထည့်မိကြသည်။ အသားဟင်းက ကြက်သားဟင်းဖြစ်သည်။
"ဒီကနေ့က ဗထက်ချိုက်တွေ ချက်တာဟေ့..၊ ဗထက်ချိုက်ကြက်ဟ..၊ ဖွာတာတာနဲ့..၊ ဆေးလည်း ဆိုးထားတယ်”
အစ်မတစ်ယောက်က နှင်းဝေတို့အနီးမှ ဖြတ်သွားရင်း အားလုံးကြားအောင် အော်ပြောသည်။ တကယ်လည်း ဟုတ်ပါသည်။ ကြက်သားမှာ နှင်းဝေတို့တစ်ခါမှ မစားဖူးသည့် ကြက်သားမျိုးဖြစ်သည်။ အရသာကရေလုံပြုတ်ထားသလား ထင်ရလောက်အောင်ပင် ပေါ့သည်။ ဖွယ်လည်း ဖွယ်သည်။ ကြက်သားဟင်းကို မထည့်ချင်ထည့်ချင်နှင့် ထည့်ယူလာခဲ့ကြပြီး ငါးယောက်သား အတူ ထိုင်စားဖြစ်ကြသည်။
“ဝေါ့..”
ချိုမာက ရုတ်တရက် ဝေ့ါခနဲ လုပ်ရင်း သူ့ပါးစပ်ထဲမှ ကြက်သားဖတ်ကို လက်ထဲထွေးချလိုက်သည်။
“သွေးတွေနဲ့”
ချိုမာ့စကားကိုကြားမှ အားလုံးက ကိုယ့်ပန်းကန်ထဲမှ ကြက်သားဖတ်ကို တူဖြင့် ထိုးကြည့်လိုက်ကြသည်။
“ဟယ်..ဟုတ်ပါတော့”
အင်ကြင်မွှေးက အရင်ဆုံးထောက်ခံသည်။
“ငါတို့တော့ နူကုန်တော့မှာပဲဟယ်”
စီစီထက်ထံမှ အသံထွက်လာသည်။ နှင်းဝေ၏ ပန်းကန်ထဲမှ ကြက်သားဖတ်သည်လည်း သူတို့နှင့် အတူတူပင် ဖြစ်သည်။ ကြက်သားဟင်းမှာ မကျက်ဘဲ ချထားခြင်းဖြစ်သည်။ အထဲတွင် သွေးများပင် မခြောက်သေး။ နှင်းဝေတို့ငါးယောက်လုံး ထမင်းကို ဆက်မစားနိုင်တော့ပေ။ ထမင်းများကို အမှိုက်များပစ်သော ခြင်းကြီးထဲတွင် သွန်ပစ်မိကြသည်။
“ဘယ်သူတွေလဲ..ထမင်းတွေ သွန်နေတာ”
အော်မေးလိုက်သံနှင့်အတူ သူတို့အနီးသို့ မျက်နှာ ရှစ်ခေါက်ချိုးနှင့် ဂျပန်အမျိုးသမီးတစ်ယောက် ဒေါနှင့်မောနှင့်ရောက်ချလာသည်။
“ဘယ်သူ သွန်တာလဲ..ထမင်း၊ ဘယ်သူ သွန်တာလဲ”
နှင်းဝေတို့ငါးယောက်မှာ မီးတောက်တစ်ခုကဲ့သို့ ဝင်းနေသော သူ၏ မျက်လုံးများအောက်တွင် အငွေ့ပျံ့သွားတော့မတတ် ကြောက်ရွံနေမိကြသည်။ သူ့ကို ယခုမှ မြင်ဖူးခြင်းဖြစ်သည်။ သူ ဘယ်သူလဲ။ မျက်နှာက မာသည်။ မျက်လုံးများက စူးသည်။ နှုတ်ခမ်းများက ပါးသည်။ အသက်က လေးဆယ်ငါးနှစ်ခန့်ဖြစ်မည်။
“ထမင်းက ပိုက်ဆံပေးဝယ်ရတာ မသိဘူးလား..၊ အခုကရောက်စမို့ သတိပေးရုံပဲ၊ နောက်ဆိုရင် အပြစ်ပေးခံရမယ်..၊ အခုချက်ချင်း ရုံးခန်းထဲလာခဲ့၊ အပြင်သွား စျေးဝယ်ရမယ်”
ဂျပန်အမျိုးသမီးမှာ ငေါက်ငမ်းပြီးသည်နှင့် ထမင်းစားခန်းထဲမှ ပြန်ထွက်သွားတော့၏။
“ထမင်းမသွန်ရဘူး ညီမလေးတို့၊ cctv တွေ ရှိတယ်”
ဘေးနားတွင် ထမင်းထိုင်စားနေသော အစ်မတစ်ယောက်က ပြောလိုက်ရင်း အထက်ကို လက်ညှိုးထိုးပြသော်လည်း နှင်းဝေတို့်ငါးယောက်မှာ မော့၍ မကြည့်ရဲပေ။ အိသူက မျက်ရည်များပင် ကျနေပြီ။ နှင်းဝေက အံကိုသာ အသာ ကြိတ်ထားလိုက်မိသည်။ စီစီထက်က ဒေါသဖြင့် ထမင်းစားခန်းထဲမှ အရင်ဆုံး ထွက်သွားသဖြင့် နှင်းဝေတို့လည်း သူ့နောက်မှ လိုက်ခဲ့ကြသည်။ အင်ကြင်းမွှေးက သူတို့ထိုင်ခဲ့သော ခုံများကို စတစ်တကျ ပြန်ထားပြီးမှ နောက်က လိုက်လာသည်။
“ဗြုန်း..ဗြုန်း..”
အိပ်ခန်းထဲသို့ ပြန်ရောက်သည်နှင့် စီစီထက်က သူ၏ ခရီးဆောင်အိတ်ကြီးကို နှစ်ချက်ဆင့်ကန်လေသည်။
“မလုပ်နဲ့အစ်မရဲ့..၊ ကိုယ့်ခြေထောက်ပဲ နာနေပါ့မယ်”
ချိုမာက စီစီထက်၏ လက်မောင်းကို ဝင်ဆွဲလိုက်မှ ရပ်သွား၏။ နှင်းဝေနှင့် အင်ကြင်းမွှေးက ကုတင်အောက်ထပ်တွင် ဝင်ထိုင်ကြသော်လည်း ကျန်သည့်သူများက မတ်တပ်။
“တကယ့်ငရဲပဲ..အစ်မတို့ရေ..”
အိသူက မျက်ရည်များကို သုတ်ရင်း နှာခေါင်းရှုံ့ပြီး ပြောသည်။
“ခဏပါတော်..တစ်လပြီးရင် ပြီးပါပြီ..၊ လာ ရုံးခန်းထဲသွားရအောင်..၊ စျေးဝယ်သွားရမှာ”
အင်ကြင်းမွှေးက သူ့ပင်ကိုအမူအယာအတိုင်း လေသံအေးအေးဖြင့် အားလုံးကို နှစ်သိမ့်၏။ တကယ်ဆို သူကိုယ်တိုင်ပင် မျက်နှာက ပြိုတော့မည့် တိမ်ကဲ့သို့ ဖြစ်နေလေ၏။
“လာပါဆို..လာ သွားကြမယ်”
အင်ကြင်းမွှေးက နောက်တစ်ခေါက် ထပ်ခေါ်လိုက်တော့မှ ကျန်လေးယောက်က အင်ကြင်းမွှေးခေါ်ရာနောက်သို့ လိုက်လာခဲ့ကြသည်။
ရုံးခန်းထဲတွင်ကား နှင်းဝေတို့မမြင်ဖူးသော အသက်ငါးဆယ်ခန့် ဂျပန်အမျိုးသမီးကြီးတစ်ယောက် စောင့်နေသည်။ သူ့ကိုကြည့်ရသည်မှာတော့ သဘောကောင်းမယ့်ပုံရှိသည်ဟု သူတို့အားလုံး တွေးလိုက်မိသည်။
“အားလုံးကို ထောက်ပံ့ကြေး ငါးသောင်း ပေးမယ်လို့ စာချုပ်ထားခဲ့တာနော်..၊ အခု အဲဒီခြောက်သောင်းကို လက်ခံပါ၊ ပြီးရင် ဒီမှာ လက်မှတ်ထိုးပါ”
အမျိုးသမီးကြီးက နှင်းဝေတို့ ငါးယောက်ကို ယန်းငွေခြောက်သောင်းအတိစီ ပေးပြီး လက်မှတ်ထိုးခိုင်းသဖြင့် လက်မှတ်ထိုးလိုက်ရသည်။
“ကဲ ပြီးရင် အဆောင်ရှေ့ကစောင့်နေပါ.._၊ စျေးဝယ် လိုက်ပို့မယ်”
အမျိုးသမီးကြီးက ပြောလိုက်သဖြင့် နှင်းဝေတို့လည်း အဆောင်ကြီးထဲမှ ထွက်ကာ အဆောင်ရှေ့ရှိ အဝင်တံခါးကြီးရှေ့မှ စောင့်နေမိကြသည်။ ဂျပန်နေသည် သူတို့အားလုံး၏ ခေါင်းပေါ်သို့ အတားအစီးမဲ့ လွင့်ကျနေ၏။
ခဏနေတော့ ထိုအမျိုးသမီးကြီးက အံစာတုံးကားလေးကို မောင်းပြီး နှင်းဝေတို့ငါးယောက်အနီးသို့ ရောက်လာသည်။ ကား၏ နောက်ခန်းတံခါးက အလိုအလျောက် လျှောခနဲပွင့်သွားပြီး “တက်ကြပါ” ဟု အမျိုးသမိးကြီးကလေသံချိုချိုဖြင့် ပြောသည်။
ထုံစံအတိုင်းပင်။ သည်တစ်ခါလည်း နှင်းဝေက ကားခေါင်းခန်းထဲတွင် ထိုင်ရပြန်သည်.။ နှင်းဝေတို့အားလုံး ကားပေါ်ရောက်မှ ကားကြီးက အဆောင်ထဲမှ စထွက်သည်။ နှင်းဝေသည် ကားပေါ်မှနေ၍ အဆောင်ကြီးကို လည်ပြန် ကြည့်မိ၏။ အပြာရောင်သုံးထပ် အဆောင်ကြီးကို ကြည့်ငေးရင်း“ဒီအဆောင်ကြီးကို ပြန်မလာရတော့ရင် သိပ်ကောင်းမှာပဲ..” ဟု တစ်ယောက်တည်း တွေးနေမိသည်။ နှင်းဝေ လုပ်ငန်းခါင်ထဲသို့ မြန်မြန် ရောက်ချင်လှပြီ။ လုပ်ငန်းခွင်ထဲတွင် တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရမည့်အလုပ်ကို လုပ်ချင်သည်။ မည်သည့် အလုပ်မျှ မလုပ်ရဘဲ သူတပါးအမိန့်နှင့် ကိုယ့်ကိုယ် ရှင်သန်နေရသောဘဝကို မုန်းသည်။
“ပြန်မလာချင်တော့ဘူးဟာ..၊ စိတ်ညစ်လာပြီ “
နှင်းဝေက တွေး နေတုန်းပင်ရှိသေးသည်။ စီစီထက်ထံမှ ခပ်ပြတ်ပြတ် အသံထွက်လာသည်။
“တစ်လပါပဲဗျာ..”
ချိုမာက အားလုံးကို စိတ်သက်သာပါစေတော့ ဟူသည့် လေသံဖြင့် ခပ် အေးအေးဖြင့် ဝင်ပြောသည်။
“ဟုတ်သားပဲ..၊ တစ်လပဲဟာကိုး၊ ဒီတစ်လလေး အားတင်းကြရအောင်”
အင်ကြင်မွှေးက ဆိုတော့ အားလုံးက အသံတိတ်နေကြပြန်၏။ အိသူကတော့ ယခုထက်ထိ မည်သည့်စကားမှ ပြန်မဆို။ ခြောက်သွေ့စပြုနေသော မျက်ရည်စများက သူ့မျက်ဝန်းတစ်ဝိုက်တွင် စွန်းပေနေဆဲ။ အိမ်တွင် အငယ်ဆုံးလေးတစ်ယောက်အဖြစ် ရွှေပေါ်မြတင်နေခဲ့ရသော အိသူတစ်ယောက် ဂျပန်ဆိုသည့် လောကဓံကို မည်မျှ ရင်ဆိုင်နိုင်မည်လဲ သူကိုယ်တိုင်ပင် သိမည်မထင်ပေ။
“တစ်ရက်ပဲ ရှိသေးတယ် အစ်မတို့ရယ်..၊ တစ်လဆိုရင် ညီမလေး သေမလားပဲ..”
အိသူ၏ အသံက ငိုသံရောလျက် ထွက်လာသည်။ သို့သော် ထိုအသံကို မည်သူမျှ မကြားလိုက်ကြတော့။ ဂျပန်အမျိုးသမီးကြီး ဖိနင်းလိုက်သော အံစာတုံးကားကြီး၏ လီဗာအော်သံအောက်တွင် အိသူ၏ အသံလေးက တိမ်ဝင် ပျောက်ကွယ်သွားလေသည်။
#လူခါး
#လူအိုရုံစောင့်သမ
အခန်း( ၄) ကို ဆက်လက်ဖော်ပါပါမည်။
ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါသည်။
No comments:
Post a Comment