(၁)
ကျွန်တော် ဂျပန်ရောက်စက ဂျပန်မှာ မြန်မာတွေ ကားစီးကြတာ သိပ်မများသေးဘူး ။ မြန်မာပြည်က လိုင်စင်ပါလာခဲ့ရင်တောင် မြန်မာလိုင်စင်ကနေ ဂျပန်လိုင်စင်ကို ပြောင်းဖို့က သိပ်မလွယ်သေးဘူးပေါ့။ ကျွန်တော်လည်း မြန်မာပြည်က လိုင်စင်ပါလာခဲ့ပေမဲ့ ဂျပန်လိုင်စင် မပြောင်းဖြစ်သေးဘူး။ ဒါပေမဲ့ ကားက မြန်မာပြည်ကတည်းက မောင်းတတ်လာခဲ့တာဆိုတော့ ဂျပန်လိုင်စင်မလုပ်ရသေးပေမဲ့ အသိအစ်ကိုရဲ့ကားလေးကို ဟိုနားဒီနား မောင်းဖြစ်နေတယ်။ အဲဒီလိုနဲ့ ဂျပန်ရောက်မှသိတဲ့ လူတစ်ယောက်ကို လယ်ကြားလမ်းတွေပေါ်မှာ ကားမောင်းသင်ပေးဖြစ်တယ်။
သူက ဆိုင်ကယ်ကို ကျွမ်းကျွမ်းကျင်ကျင်စီးတတ်ပေမဲ့ ကားကိုတော့ နောက်ခန်းထဲကလောက်ပဲ ထိုင်စီးဖူးတာမျိုး။ ကားစီယာတိုင်ကို ကိုင်လိုက်တာနဲ့ လက်တွေတုန်နေတော့တာ။ ဒါပေမဲ့ သိပ်မကြာဘူး။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် စေတနာထားပြီး သင်ပေးလိုက်တာ သူ ကားမောင်းတတ်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်ကနေ လိုင်စင်ပြန်မှာလို့ ရတဲ့အချိန်လည်း ရောက်လာတာနဲ့ သူလည်း ကျွန်တော့်အရင် လိုင်စင်ချိန်းတာ အဆင်ပြေသွားပြီ ကျွန်တော့်အရင် ဂျပန်လိုင်စင် ရသွားတယ်။ ကျွန်တော်လည်း ကွန်ကရက်ကျူလေးရှင်းတွေ ဘာတွေလုပ်ဖြစ်သေးတယ်။
တစ်နေ့တော့ သူကျွန်တော့်ဆီရောက်လာတယ်။ ကားအသစ်ကြီးလည်း မောင်းလာတယ်။ သူဝယ်လိုက်တာတဲ့။ ကားကအတော်ကောင်းတယ် ။ အပြင်သွားရအောင်လေ လို့ သူကခေါ်တာနဲ့ နှစ်ယောက်သား ကားဆီလျှောက်သွားကြရင်း သူက ကားသော့ကို ကျွန်တော့်ဆီ ထိုးပေးတယ်။ မောင်းကြည့်လေတဲ့။ ကျွန်တော်လည်း သူ့ဆီက ကားသော့ကိုယူပြီး မောင်းသူနေရာမှာ ဝင်ထိုင်လိုက်တယ်။ သူက ဘေးကနေ ဝင်ထိုင်ရင်း ကျွန်တော့်ကို သေချာကြည့်ပြီး စကားတစ်ခွန်းပြောတယ်။ ခင်ဗျားကို ကားမောင်းသင်ပေးရဦးမယ်တဲ့။ ကျွန်တော့်ပါးစပ်ကနေ စကားတစ်လုံး ထွက်ကျသွားတယ်။
“ဟော”
(၂)
တစ်ခါတုန်းက လူငယ်တစ်ယောက် ကျွန်တော့်ဆီရောက်လာတယ်။ လက်ထဲမှာ ကွန်ပျူတာလေးပိုက်လို့။ သူရေးထားတဲ့စာတွေစာအုပ်ထုတ်ချင်လို့တဲ့။ ကျွန်တော့်ကို ဖတ်ပြချင်လို့ဆိုတာနဲ့ နားထောင်နေမိတယ်။ သူစဖတ်ပြတဲ့ စာအုပ်နာမည်ကို ကြားလိုက်တာနဲ့ အဲဒီနာမည်မပေးနဲ့ဗျ၊ စာပေလောကမှာ အဲဒီနာမည်နဲ့စာအုပ်တွေ ဖန်တစ်ရာတေနေပြီ လို့ပြောတော့ သူကြိုက်လွန်းလို့ပါတဲ့။ မပေးနဲ့ဗျ ဆိုပြီး အကြောင်းပြချက်ရှင်းပြလိုက်တော့ သူ ငြိမ်သွားတယ်။ အင်းလည်း မလုပ်၊ အဲလည်းမလုပ်။
ကျန်တဲ့စာတွေကို သူ ဆက်ဖတ်ပြတယ်။ အစုံပါပဲ။ ဖန်စီဆန်တဲ့စာအုပ်ပေါ့။ သူပြောသလိုဆို သူရေးထားတဲ့ စာအုပ်ပေါ့။ အဲဒီစာတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် ဘာမှ မပြောလိုက်ဘူး။ မှတ်ချတစ်ခုပဲ ပေးလိုက်တယ်။ နောက်ဆိုရင် ဒီလိုစာတွေ မထုတ်ပါနဲ့လို့။ သူ ဘာမှ မပြောဘူး။ ကွန်ပျူတာလေးပိုက်ပြီး ပြန်သွားတယ်။ သူမပြန်ခင် စာအုပ်အဖုံးအပ်တာက
အစ စက်တင်အထိ လိုအပ်တာတွေ အကုန်ပြောပြပေးလိုက်
တယ်။
တစ်နေ့တော့ သူ ကျွန်တော့်ဆီ ပြန်ရောက်လာတယ်။ စာအုပ်ထွက်ပြီတဲ့။ လက်ဆောင်လာပေးတာတဲ့။ စာအုပ်နာမည်ကိုတော့ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့လို့နဲ့ တူပါရဲ့။ ပြင်ထားတယ်။ အထဲက စာတွေကတော့ ကျွန်တော့်ကို ဖတ်ပြစဉ်က အတိုင်းပဲ။ ကျွန်တော်က စာအုပ်ဖိုး ပိုက်ဆံပေးမလို့လုပ်တော့ လက်မခံဘူး။ လက်ဆောင်ပေးတာတဲ့။ လက်ခံလိုက်ရတယ်။
သူ ပြန်ခါနီးကျတော့ ကျွန်တော့်ကို မေးခွန်းတစ်ခုမေးတယ်။ ခင်ဗျား စာအုပ်ဘယ်နှအုပ်ထွက်ပြီးပြီလဲတဲ့။ ကျွန်တော်လည်း (၈) အုပ်လို့ အတိအကျဖြေလိုက်တယ်။
သူက ဆက်ပြောတယ်။ ခင်ဗျားလည်း ကျွန်တော်ရေးသလို လူငယ်တွေအတွက် တစ်အုပ်တစ်လေလောက် ရေးဦးလေ။ ကျွန်တော် အကြံပေးတာပါတဲ့။ ကျွန်တော့်ပါးစပ်ကနေ စကားတစ်လုံးထွက်ကျသွားတယ်။
“ဟော”
#လူခါး
၂၀၂၆-၀၅-၀၉၊ဂျပန်
(ကူးယူဖော်ပြခွင့်မပြုပါ)
No comments:
Post a Comment