(၄)
သင်တန်းကျောင်းအဆောင်ကြီးထဲမှ ကားထွက်လာသည်နှင့် နှင်းဝေတို့ သူငယ်ချင်းအားလုံး၏ စိတ်ထဲတွင် ပေါ့ပါးလန်းဆန်းသွားခဲ့တာကတော့ အမှန်ဖြစ်သည်။ ချိဘမြို့ကလေး၏ မြို့တွင်းလမ်းမထက်တွင် နှင်းဝေတို့ သူငယ်ချင်းငါးယောက်ကို သယ်ဆောင်လာသည့် ကားကြီးသည် တငြိမ့်ငြိမ့်ရွေ့နေ၏။
လမ်းမများသည် နှစ်လမ်းသွား၊ သုံးလမ်းသွားများဖြစ်ကြပြီး အတော်ကျယ်ကြ၏။ လူကူး ကုန်းတံတားကြီးများကိုလည်း နေရာတော်တေတာ်များများတွင် တွေ့ရသည်။ ကားများကြားထဲတွင် ဆိုင်ကယ်များလည်း မောင်းနေကြသည်။ စက်ဘီးများကတော့ လူသွားလမ်းပလက်ဖောင်းပေါ်တွင် စီးနင်းနေကြသည်။ လမ်းလျှောက်နေသသည့် လူရယ်လို့ သိပ်များများစားစား မတွေ့ရပေ။ မီးပွိုင့်များသည် မြန်မာပြည်မှာကဲ့သို့ ဝါ၊စိမ်း၊နီ ပင်ဖြစ်ကြလေသည်။ သို့သော် မီးပွိုင့်မစိမ်းဘဲ လမ်းကူသူတော့ လုံးဝမရှိပေ။ ကားဟွန်းတီးသံမကြားရ၊ ဆူညံအော်ဟစ်နေသံ မကြားရပေ။
“စျေးဝယ်ဖို့က ဆယ့်ငါးမိနစ်ပဲ အချိန်ရမယ်နော်..၊ ငါလည်း မင်းတို့နဲ့အတူ ဆိုင်ထဲမှာ ရှိနေမှာမို့ နေရာရှာမတွေ့ရင် ငါ့ကို လာမေးကြပါ..”
စျေးဝယ်ရမည့်ဆိုင်ရှေ့သို့ ရောက်ပြီး ကားရပ်သည်နှင့် ဂျပန်အမျိုးသမီးကြီးက အမိန့်စကားဆန်ဆန်ပြောသည်။ ဆိုင်ကိုကြည့်လိုက်တော့ ဒိုင်စို ဆိုသော စာလုံးကြီးကို ပန်းရောင်ဖြင့်ရေးသားထားသော ဆိုင်ဖြစ်သည်။ ယန်းတစ်ရာဆိုင်ဟုလည်း သိရသည်။ ဘာယူယူ ယန်းတစ်ရာတဲ့။ နှင်းဝေတို့ငါးယောက်သည် ဂျပန်အမျိုးသမီးကြီးအား “ဟိုက်” ဟု ပြောလျက် ယန်းတစ်ရာဆိုင်ထဲသို့ ပြေးဝင်ခဲ့ကြတော့၏။
ယန်းတစ်ရာဆိုင်ဟု ဆိုသော်လည်း ရှိသမျှ ပစ္စည်းအကုန် ယန်းတစ်ရာ တန်များချည်း မဟုတ်ပေ။ ယန်းတစ်ရာတန်မှသည် ယန်းတစ်ထောင်တန်အထိ ရှိသည်။ များသောအားဖြင့်က ယန်းတစ်ရာတန်တွေ များ၏။ ဖိနပ်၊ထီးကဲ့သို့ လူသုံးကုန်ပစ္စည်းမှ အစ၊ ဆပ်ပြာ၊ရေပုံး၊တစ်သျှူး၊ စက်ဘီးလေထိုးတံ၊ အိုးခွက်ပန်းကန်အထိ တစ်အိမ်လုံး သုံးနိုင်သည့် ပစ္စည်းအထိ စုံစုံလင်လင် ဝယ်နိုင်သည့် ဆိုင်ကြီးဖြစ်သည်။
“ဂျပန်မှာ နာမည်ကြီးတယ်၊ ဒါပေမဲ့ တရုတ်ထုတ်တွေ”
ရန်ကုန်သင်တန်းကျောင်းတွင် စာသင်ပေးသည့် ဂျပန်ဆရာမလေးက ထိုသို့ ပြောဖူးသည်။
နှင်းဝေတို့ငါးယောက်သည် စာအုပ်၊ခဲဖျက်၊ခဲတံ၊ဘောပန်၊ပေတံ စသဖြင့် သင်တန်းကျောင်းတွင် သုံးရမည့်အရာများကို ဦးစားပေး ရှာဝယ်ကြရသည်။ လိုအပ်သည့် အရာများကို လွယ်လွယ်ရှာမတွေသဖြင့် လူစုခွဲပြီး ရှာကြရသည်။ တစ်ယောက်က တွေ့လာ၍ ကျန်သူများအား လာခေါ်လျှင် ထိုလာခေါ်သောသူက တွေ့လာခဲ့သော နေရာအား ပြန်မရှာတတ်သဖြင့် စိတ်မော လူမော ဖြစ်ကြရသေးသည်။
“ဆယ့်ငါးမိနစ် ပြည့်တော့မယ်နော်..၊ ဆယ့်ငါးမိနစ်ပြည့်တော့မယ်နော်..”
အိသူက အကြောက်အလန့်ရှိသူပီပီ နာရီတကြည့်ကြည့်နှင့် အော်တတ်သည်။ နှင်းဝေတို့အဖွဲ့ထဲတွင် အင်ကြင်းမွှေးက အနေအအေးဆုံးနှင့် ဂျပန်စာ(ခန်းဂျိ) အတော်ဆုံးဖြစ်သဖြင့် ဘာဖြစ်ဖြစ် သူ့ကို မေးရသည်။ သူကလည်း စာသာရသော်လည်း ဂျပန် စကားကျတော့ စီစီထက်လောက် မရပေ။
ဆိုင်က ယန်းတစ်ရာဆိုင်ဟုဆိုသော်လည်း အတော်ကျယ်သည်။ အုပ်စုထဲမှ လမ်းခွဲ၍ ထွက်သွားသည့် လူတစ်ယောက်ကို အလွယ်တကူ ရှာမတွေ့နိုင်တော့ပေ။ အထူးသဖြင့် နှင်းဝေတို့လို ဂျပန်ရောက်စ လူများအတွက် ဤ ဆိုင်ကြီးက သာ၍ပင် ကျယ်နေသယောင်ထင်ရသည်။ ဘယ်လိုဖြစ်စေ ပေးထားသည့်အချိန် ဆယ့်ငါးမိနစ်ပြည့်သည်နှင့် အားလုံးကားပေါ် ပြန်ရောက်ပြီး ဖြစ်နေကြရသည်။
ထိုမှတဆင့် ကားမောင်းသည့် ဂျပန်အမျိုးသမီးကြီးက နှင်းဝေတို့အဖွဲ့ကို စားသောက်ကုန်ဆိုင်တစ်ဆိုင်သို့ လိုက်ပို့ပြန်သည်။ ထိုဆိုင်တွင်လည်း ဆယ့်ငါးမိနစ်သာ အချိန်ပေးသဖြင့် တစ်ဖွဲ့လုံး လိုအပ်သည်ကို အပြေးအလွှား ဝယ်ကြရပြန်သည်။ အထူးသဖြင့် ဝယ်ဖြစ်ကြသည်က ရှင်းရာမန်းဟုခေါ်သည့် ခေါက်ဆွဲချဉ်စပ်ထုတ်အနီများသာ ဖြစ်သည်။
“မြန်မာပါးစပ်နဲ့ကိုက်တယ်..၊ များများဝယ်ခဲ့ကြ”
စီနီယာအစ်မများက ထိုသို့ပြောရင်း သူတို့အတွက်လည်း ဝယ်ခဲ့ရန် မှာ လိုက်ကြသေးသည်။ ကားမောင်းသည့် အမျိုးသမီးကြီးက "ကိုယ့်အတွက်လိုတာပဲ ဝယ်၊ တခြားသူတွေမှာတာကို မဝယ်နဲ့.." ဟု မှာသေးသော်လည်း ထိုအမျိုးသမီးကြီး မသိအောင် ဝယ်ရသေးသည်။
နှင်းဝေတို့ငါးယောက်သည် ထိုဆိုင်ထဲမှ အထွက်တွင် ကျန်သောအရာများ များများစားစား မပါခဲ့ကြ။ ခေါက်ဆွဲခြောက် နှစ်ထုပ်၊ သုံးထုပ်စီနှင့် အာလူးကြော်ထုပ်များသာ ပါခဲ့ကြသည်။ ဆယ့်ငါးမိနစ်အမီ ကားပေါ် ပြန်ရောက်ကြရသည်။
ဒိုင်စို၏ ကားများရပ်နားရန် ပြုလုပ်ထားသည့်ပါကင်ကြီးကလည်း ကျယ်သည်။ ကားများကလည်း ပါကင်နှင့်အပြည့်။ အရောင်အသွေးစုံလှသည်။ ဂျပန်မဟုတ်သော အခြားလူမျိုးများကိုလည်း ကားများနှင့်တွေ့ရသည်။ ကားများကို နေရာချပေးနေသော လမ်းပြအဘိုးကြီးတစ်ယောက်က အနီရောင် အလံကလေးကို ဝှေ့ယမ်းနေပြီး ဝီစီကို မှုတ်နေသဖြင့် တဝီဝီအသံကို ကြားနေရသည်။ နေကတော့ ပူနေတုန်းပင်။ မြင်မြင်တကာ ဆိုင်များတွင် ခန်းဂျိများဖြင့် ရေးထားသော ဆိုင်းဘုတ်များသာ ပြည့်နေ၏။ "ဂျပန်စာ မဖတတ်တတ်ရင် အကန်းလိုပဲ ..” ဆိုသည့် သင်တန်းဆရာ၏ စကားကို နှင်းဝေ ပြန်ကြားမိသည်။
အပြန်လမ်းတွင်တော့ ကားမောင်းသည့် ဂျပန်အမျိုးသမီးကြီးက နှင်းဝေတို့အဖွဲ့ကို စကားများစပြောသည်။ တစ်ယောက်ချင်းစီကို နာမည်များမေးသည်။
“ရည်းစားရှိကြလား.."
နာမည်များကို မေးပြီးတော့ မေးခွန်းတစ်ခုမေးလိုက်သဖြင့် အားလုံး မင်တက်မိသွားကြသည်။
“ရည်းစား ရှိကြလားလို့ မေးတာပါ”
ဂျပန်အမျိုးသမီးကြီးက ခပ်ဟဟရယ်ရင်း ထပ်မေးပြန်သည်။
“မရှိဘူး၊ မရှိဘူး ..” နှင့် တစ်ယောက်တစ်ခွန်း ဖြေလိုက်တော့ တဟားဟား နှင့် အသံထွက်အောင်ပင် ရယ်သည်။ထို့နောက် မေးခွန်းတစ်ခု ထပ်မေးပြန်သည်။
“မြန်မာနိုင်ငံမှာ မိန်းကလေးက စပြီး ရည်းစားစကား ပြောလို့ရလား”
“ဟင်”
ထိုမေးခွန်းကိုကြားတော့ အားလုံးက “ဟင်” ဟု အသံထွက်မိကြသည်။နှင်းဝေထိုင်နေရာဘက်သို့ လှည့်ပြီး ထပ်မေးသဖြင့် နှင်းဝေကပင် "မရပါဘူး” ဟု ခပ်မြန်မြန် ဖြေလိုက်ရသည်။
“မို့တိုင်းနိုင်း”
“နှမျောစရာကြီး”ဟု သူ့ဘာသူ ပြောပြီး ဂျပန်အမျိုးသမီးကြီးက အသံကျယ်ကျယ်ဖြင့် ရယ်ပြန်သည်။ သူနှင့်အတူ နှင်းဝေတို့ငါးယောက်လည်း လိုက်ရယ်မိကြသည်။ သို့သော် ရယ်သံများမှာ တစ်ခဏသာပဲဖြစ်သည်။ မကြာမီ သင်တန်းကျောင်းသို့ ပြန်ရောက်ကြရတော့မည်ဆိုသည့် အတွေးများဖြင့် ငါးယောက်စလုံး မောမိကြပြန်သည်။
အိပ်ခန်းနှင့် ရေချိုးခန်းမှအပ နေရာတိုင်းတွင် cctv များတပ်ထားသော သင်တန်းကျောင်းကြီးသည် နှင်းဝေတို့ ငါးယောက်အတွက် တကယ်ပင် ငရဲခန်းကြီး မဟုတ်လား။ ငရဲတစ်လဆိုသည်ကလည်း ယနေ့မှ စခဲ့တာ မဟုတ်လား ။ မနက်ဖြန် ဘာဖြစ်ဦးမလဲ ဘယ်သူမှမသိ။ ကားကြီးကတော့ သင်တန်းကျောင်းကြီးရှိရာဆီသို့ တငြိမ့်ငြိမ့် ပြန်နေလေ၏။
#လူခါး
အခန်း(၅) ဆက်ရန်
ကူးယူဖော်ပြခြင်း မပြုပါရန်
No comments:
Post a Comment