Monday 19 March 2012

''ဟိမဝန္တာချီးမွမ်းခန်း''




မင်းနဲ့ငါ ကိုတာရာယာရှေ့မှာ တွေ့မယ်
သွေးထွက်သံယိုနဲ့ ကုက္ကိုပင်ကြီးရယ်
သူခိုး ဓားရိုးကမ်းတဲ့ လမ်းမကြီးရယ်
လကုန်ရင် ငွေးဈေးချတတ်ကြတဲ့
လိုင်စင်ရ ဆွေပြတ် မျိုးပြတ်တွေရယ်
အဲဒီမှာ ရှိတယ် ။
မင်းက အဇာတသတ်အကြောင်းပြော
ငါက မပဋါ မြေလူးတဲ့အကြောင်း ပြောမယ်
တသောသော ရယ်မောနေတဲ့
ဘီယာခွက်တွေကို ကြည့်ကြည့်မနေနဲ့
အဲဒီထဲမှာ တို့ဘ၀အတွက် အဖြေမရှိဘူး
ပဟေဠိတွေကို ညှိပြနေရတာနဲ့ပဲ
ဆူးငြိတဲ့လှည်းလို
ငါတို့ရဲ့ ဖုန်တလိပ်လိပ် ငိုချင်းတွေက
ခေတ်သစ် ပင့်ကူတွေအတွက် နေ့ဖို့ညစာတွေ ဖြစ်ခဲ့ရတယ် ။
ကာရံ မဲ့ရင်,မဲ့ အဘိဓမ္မာ မမဲ့စေနဲ့တဲ့
လက်ညှိုးတစ်ချောင်းစီနဲ့
ကိုယ်ကျင့်တရား မဲ့နေတဲ့ လူတွေကို
ဘာကြောင့် ဒို့ မော်ဖူးနေခဲ့ရတာလဲ
ရှင်ကွဲမကွဲရင် သေကွဲ ကွဲမှာပဲ
အသဲနဲ့ အသက် လောင်းကြေးထပ်ပြီး
သူတို့နဲ့ စစ်ပွဲတစ်ပွဲလောက် ဆင်နွှဲပစ်ရအောင်
ဖြစ်ချင်ရာဖြစ်ပေါ့ ။
လေယာဉ်ပျံ စီးလာတာခြင်းအတူတူ
ဖက်ကြမ်းတစ်လိပ်လောက်တောင် ဈေးမြှင့်ခွင့်မရတဲ့ဘဝ
စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေတဲ့ ကုန်ဈေးနှုန်းတွေက
အိပ်မက်ဆိုးတွေ ယူလာကြတယ်
ပြီးတော့ ... လကုန်ရက်တွေနဲ့ မိတ်ဖွဲ့
ပြန်ရက်တွေမရှိအောင် ထိုးနှက်ကြတယ်
ဒီတော့ .. အချိန်လွန်နောင်တတွေနဲ့
မင်းတို့ ငါတို့ရဲ့ နောက်ကျောမှာ
ဒဏ်ရာတွေ ဗရပွဖြစ်ခဲ့။
“ဤ” ဖြစ်ခဲ့ပါလျက်နဲ့
“ကျွဲ” လို့ အဖတ်ခံရတဲ့ ဘ၀တွေချင်းအတူတူ
ကြည့် ... အလှ မာနနဲ့ ဘ၀တွေကို ၀ိုင်တွေနဲ့
သူမ ဘယ်နှစ်ခါ ရောငှဲ့ခဲ့ပြီးပြီလဲ
နွားဇာတ်တွေ ခင်းနေတဲ့ပုံပြင်
ကိုယ့်မျက်စေ့ကိုယ် မယုံချင်ခဲ့ပေမယ့်
ဒီယုန်မြင်လို့ ဒီခြုံထွင်ခဲ့တာ
ကြည့်ရှုစောင်မခြင်းလား
နှစ်မြှုပ် အညွှန့်ချိုးခြင်းလား
နာမည်ကောင်း နောက်ကွယ်က
ဝတ်လစ်စလစ် ကိုယ်ကျင့်တရားလား
သွားပြီး ပြုံးပြမနေနဲ့
စာအုပ်တစ်အုပ် ၀ယ်ရတာ
“ဂျင်” တစ်ပြား ၀ယ်တဲ့လူလောက်
မျက်နှာသာ မရဘူး
အဲဒီ သစ္စာဖောက်ရင်ပြင်ကို
ချဉ်းနင်းဝင်ရောက်ဖို့
မင်းက ရွှေစစ်စစ် တစ်ခွက်သောက်
ငါက မြန်မာ့သနပ်ခါးစစ်စစ် တစ်ခွက်သောက်မယ်
ပြီးရင်တော့
ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရအောင် ။ ။




                                                လူခါး


                                 သတင်းကွန်ယက် ဂျာနယ်
   
                                ၂၀၁၀ ၊ မလေးရှား

No comments: