မိုးကို ဒူးနဲ့တိုက်မဲ့
ရည်ရွယ်ချက်နဲ့ အမေ့ရင်ခွင်ထဲက ပြေးထွက် ခုတော့ ကျွန်တော်က အိမ်ပြေးသက်သက်ပါ အမေ။ ဘ၀နက်နက်ကြီးထဲမှာ မနင်းရက်နင်းရက် တစ်နေ့ တစ်ည တစ်လကြီးတဲ့လူတွေလည်း ကျွန်တော်က နင်းရက်ရတယ် အမေ။ တစ်ဘ၀ တစ်ခဏ လှပဖို့ထင်ပါရဲ့ တချို့ကလည်း ကျွန်တော့်ကို နင်းရက်ကြတယ်။ လောလောလတ်လတ် မတ်မတ်ရပ်ဖို့ ကိုယ်ကျင့်တရားတွေနဲ့ ဝေးရာကို (ဘူတာစဉ်တွေ ပြန်လှည့်မကြည့်တတ်တဲ့ ရထားတစ်စင်းလို) တရိပ်ရိပ် ပြေးခဲ့ရပါတယ် အမေ။ ကျွန်တော့်ကို အမေမွေးတုန်းက အဖြူ အမေ ပြုစုယုယတုန်းကလည်း အဖြူ ဟော ခု အမေနဲ့ဝေးတော့ အဖြူမဟုတ်တော့တာက လွဲရင် ကျန်တဲ့အရောင်တွေအားလုံးက ကျွန်တော်ပေါ့ အမေ။ ကျွန်တော် ဒုက္ခတွေ မူးတုန်းက အမေ သီချင်းဆိုပြခဲ့ဖူးတယ်လေ ခု ကျွန်တော် အမေနဲ့ ဝေး ဘယ်သူက သားချော့တေး လာဆိုပေးဦးမှာလဲ အမေ။ စွန်ရဲတစ်ကောင်ကလည်း ကျွန်တော် သိုးမည်းတစ်ကောင်ကလည်း ကျွန်တော် ယုန်ကလေးတစ်ကောင်ကလည်း ကျွန်တော်ပါပဲ အမေ။ ပြောင်းလဲသွားတဲ့အရာတွေ ကြားထဲမှာ မပြောင်းလဲလာတော့မှာက အဖြူထည်ဘ၀လေးကို ဘယ်တော့မှ ပြန်မရတော့မှာပဲ အမေ။ နေ့တွေ လတွေ ရက်တွေ ဘ၀တွေလည်း ပက်ကြားတွေအက်နေပြီ အမေ။ ကျွန်တော်က တောဆို ကံတရားက မီးတောက်ပြင်းပြင်းတွေပေါ့ အမေ။ ကျွန်တော်က ရေဆို လောကဓံက ပုံစံခွက်တစ်ခု ဖြစ်ခဲ့ပါတယ် အမေ။ အမေရယ် အမေ့တုန်းက ဒီသမုဒ္ဒရာကြီးကို ဘယ်လိုအန်တုဖြတ်သန်းခဲ့ပါသလဲ အမေပြောတော့ အိပ်မက်တွေက ကျွန်တော်နဲ့နီးနီးလေးမှာဆို ကျွန်တော်က ညံ့ခဲ့လို့လား အမေက တကယ်တော်ခဲ့လို့လား လမ်းမှားမှာ ပြန်မရနိုင်တော့တာက နောက်ပြန်လှည့်ခွင့် ဖြစ်နေတယ် အမေ။ အမေ ဟိုမှာကြည့် အမေစီးဆင်းပေးလိုက်တာ ငှက်ကလေးတွေ တေးဆိုကုန်ပြီ ပန်းပွင့်ကလေးတွေ ကခုန်ကြပြီ လယ်ယာချောင်းမြောင်းတွေ ဆတက်ထမ်းပိုး လူတွေကို အကျိုးပြုကုန်ကြပြီ။ ကျွန်တော်က အမေ့ရင်ဖွားသား ဖြစ်ခဲ့ပါရက်နဲ့ မြစ်ကိုပစ်ပြီး ချောင်းကိုရှာ အမေနဲ့ ဝေးရာမှာနွံနစ် နာမည်ဆိုးနဲ့ အမြစ်တွယ်ခဲ့တဲ့ကောင်ပါ။ အမေက ချစ်တဲ့ အမေက မြတ်နိုးတဲ့ မေက တန်ဖိုးထားတဲ့ အမေက ယုံကြည်တဲ့ အမေက အားကိုးတဲ့ ကျွန်တော်လေ အမေစီးတဲ့ ဖိနပ်တစ်စုံလောက်တောင် အမေ့ကို လုံခြုံမှု မပေးနိုင်ခဲ့တဲ့ကောင် အဲဒါနဲ့တောင် ကျွန်တော်ဆိုတဲ့ကောင်က အမေ့အတွက် ရှေ့ဆက်မဲ့ မနက်ဖြန်တွေတဲ့လား အမေ။ ကျွန်တော့်ကို လွမ်းလွမ်းမပြပါနဲ့တော့ အမေရယ်။ ကျွန်တော်လို အိမ်ပြေးသက်သက်ကောင်အတွက် အမေ့မျှော်လင့်ချက်အိပ်မက်တွေကို လွမ်းသူ့ပန်းခွေအဖြစ် ရက်လုပ်ပစ်လိုက်ပါတော့ အမေ။ ကျွန်တော် ထိုက်တန်စွာဝေးလွင့်ပါရစေ။ ။
လူခါး
teen magazain ၊ ၂၀၁၂၊ စက်တင်ဘာ
|
Monday 3 September 2012
အိမ်ပြေး
Labels:
ကဗျာရှည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment