Monday 15 October 2012

မိုးခြွေလေညှင်း

အစက ဒီသီချင်းကို ဘယ်သူ့ မှ ဆိုမပြဘူးလို့ တစ်ကိုယ်တည်းတွေးထားတာ
မိုက်ခဲ့တယ် တရားနည်းလမ်းကျကျ မိုက်ခဲ့တယ်
လျှောက်ခဲ့တယ် တရားနည်းလမ်းကျကျ လျှောက်ခဲ့တယ်
ပေါင်းခဲ့တယ် ငါ့နောက်ကျောကို ထိုးမဲ့ဓါးနဲ့  ပေါင်းခဲ့တယ်
ကျွမ်းဝင်ခဲ့တယ် ငါ့ဦးနှောက်ကို ဖောက်စားမဲ့လူတစ်ချို့ နဲ့  ကျွမ်းဝင်ခဲ့တယ်
ငါပဲ လူ့ အရိုင်းအစိုင်းတစ်ယောက် လွှင့်ပစ်လိုက်တဲ့ ဆေးလိပ်ကလေးတစ်တိုဟာ ငါပဲ
ငါပဲ လူ့ ယဉ်ကျေးတစ်ယောက် စုပ်ဖြဲပစ်လိုက်တဲ့ ငွေစက္ကူ တစ်ရွက်ဟာ ငါပဲ
ကောင်မလေးရယ် ... ငါပါပဲ ကွယ် .. ငါပါပဲ
အဲဒီ ငါဟာ..
မိုးကိုလည်းခြွေခဲ့တယ် နှင်းကိုလည်းခြွေခဲ့တယ်
ဝန်ခံပါတယ် ငါ့နာမည်နဲ့ ငါ့အကြောင်းဆက်မိအောင်ယူရတဲ့အတွက် ငါ့အကြောင်းဟာ ညံ့ကောင်းညံ့မယ်
ညံ့မယ် ညံ့တယ် ညံ့ခဲ့တယ်
သစ္စာရှိသောချစ်သူတစ်ယောက်ရဲ့ ညံ့ခြင်းမျိုးနဲ့ ငါညံ့ခဲ့တယ်
မလိမ္မာ မပါးနပ်သော သားကောင်းတစ်ယောက်ရဲ့  ညံ့ခြင်းမျိုးနဲ့  ငါညံ့ခဲ့တယ်
မပေးကမ်း မထောက်ပံ့ နိုင်သော မိတ်ဆွေတစ်ယောက်ရဲ့ ညံ့ခြင်းမျိုးနဲ့  ငါညံ့ခဲ့တယ်
တစ်နေ့  ဆယ့်သုံးယောက်နှုန်းကူးစက်နေတဲ့ ရောဂါဆိုးတစ်ခုရဲ့ မြန်နှုန်းကို လိုက်မမှီတဲ့ ညံ့ခြင်းမျိုးနဲ့  ငါညံ့ခဲ့တယ်
ကဗျာဆရာအစ်ကိုတစ်ယောက်သမီးလေးမွေးနေ့ ပွဲကို သတိမမူမိတဲ့ ညံ့ခြင်းမျိုးနဲ့ ငါညံ့ခဲ့တယ်
ငါညံ့ခဲ့တယ် ၊ ငါညံ့ခဲ့ပါတယ်
ငါ အဲဒီလို ညံ့ခဲ့ရပါတယ် ကောင်မလေးရဲ့
ခုတော့ မိုးကိုလည်း မခြွေမိ နှင်းကိုလည်း မခြွေမိ
ငါ့မျက်ရည်မိုးတို့ ချွေးသိပ်ရာ
မင်း နှာသီးဖျားလေးဆီက ထွက်ကျလာတတ်တဲ့ လေညှင်းနုနု ကလေးကိုပဲ ငါ လွမ်းနေမိပေါ့..။..။



                                                                                                      လူခါး

No comments: