Tuesday 28 July 2020

ဂျပန်ရောက် မြန်မာတစ်ယောက်၏ COVID ကာလ အတွေ့အကြုံများ

အပိုင်း(၁)

ကျနော်၊ကိုဗစ်နဲ့ သဲထဲသွန်ပစ်မိတဲ့ မာနတွေ
 —————————————————

 ကျနော်ရှိနေတဲ့ ဂျပန်နိုင်ငံကို ကိုဗစ်သတင်းရောက်လာတာက မတ်လထဲမှာ။ အရှိန်မပြင်းသေးဘူး။ လူတိုင်းပါးစပ်ဖျား ရေပန်းမစားသေးဘူး။
အဲဒီတုန်းက ကျနော်က FUKOKU ဆိုတဲ့ ကားစက်ရုံတစ်ရုံမှာ အလုပ် လုပ်နေတာ။ လစာကောင်းတယ်။ နာရီကြေး ကောင်းတယ်။တစ်နာရီကို ယန်း၁၄၀၀။
မြန်မာငွေ ၂သောင်းလောက်ပေါ့။အဲဒီမှာလုပ်နေရင်းနဲ့မတ်လကုန်ခါနီးကျတော့ ဧပြီလအတွက် စက်ရုံက အချိန်ဇယား ထွက်လာတယ်။ ကျနော်က မူလ
စက်ကိုင်နေရာကနေ ပစ္စည်းတွေ ထုပ်ပိုးတဲ့နေရာကို ပြောင်းလုပ်ပေးရမယ်တဲ့။ ပြီးတော့ တစ်လကို နာရီ၂၀လောက် အချိန်ပို ပေးလေ့ရှိတဲ့ ကျနော့်ကို
အချိန်ပို ဇီးရိုး လုပ်ထားတယ်။
 ကျနော် အဲဒီစက်ရုံမှာလုပ်နေတာ နှစ်နှစ်နဲ့လေးလ ရှိပြီ။ ကျနော့် လုပ်ငန်းခွင်ထဲက စက်တိုင်းကို တစ်ယောက်တည်း စိတ်တိုင်းကျ ကိုင်နိုင်
နေပြီ။ မတော်တစ စက်ချို့ယွင်းခဲ့ရင်တောင် စက်ပြင်ဆရာ ခေါ်စရာမလိုတော့ဘူး။ ကျနော် တစ်ယောက်တည်း ဖြေရှင်းနိုင်နေပြီ။ အစပိုင်းတုန်းက အ
တော်ပင်ပန်းတဲ့ နေရာတွေပါပဲ။ လုပ်သက်ကြာလာတာနဲ့အမျှ အလုပ်ကို နားလည်လာပြီး လုပ်ရတာလည်း ပျော်စရာကောင်းတဲ့နေရာ ဖြစ်လာတာပေါ့။
ဖိအားကင်းကင်းနဲ့လုပ်နိုင်လာတောပေါ့။ ဂျပန်စာခန်းဂျိကို မဖတ်တတ်ပေမယ့် လုပ်နေကျအလုပ် ဖြစ်လာတော့ စာကို ဖတ်စရာမလိုအောင်ကို ကိုင်တတ်
တွယ်တတ်နေပြီ။
 အဲဒီလိုနေရာကနေ တခြားနေရာကို ပြောင်းရမယ်ဆိုတော့ ကျနော် လက်မခံနိုင်ဘူး။ အဓိကကတော့ ကျနော့်ကို မပြာဘဲ ပြောင်းတာကို ပိုပြီး
တော့ လက်မခံနိုင်တာပေါ့။ စိတ်ထဲကနေလည်း မင်းတို့ပြောင်းချင်တိုင်းပြောင်းရအောင် ငါက အရည်အချင်းမဲ့တဲ့လူတစ်ယောက် မဟုတ်ဘူး လို့တွေးရင်း
ပေါ့။
 နေရာပြောင်းတာကို မတ်လ ၃၁ ရက်နေ့ကသိတယ်။ နောက်နေ့ဧပြီ ၁ ရက်နေ့ကစပြီး ကျနော် အလုပ်မသွားတော့ဘူး။ တကယ်ဆို ဂျပန်
နိုင်ငံရဲ့စည်းကမ်းအရ အလုပ်ပျက်ရင် ကြိုပြောရတယ်။ အနည်းဆုံးတော့ နာရီဝက်ပေါ့။ ဒါပေမဲ့ ကျနော် မပြောခဲ့ဘူး။ စောက်ဂရုမစိုက်ဘူးဆိုတဲ့ အထာနဲ့
ပေါ့။
 ကျနော့်စက်ရုံဟာ မနက် ၈ နာရီမှာ အလုပ်စတယ်။ ၈နာရီထိုးတဲ့အထိ ကျနော့်ဘက်က ခွင့်လည်းမတိုင်၊ အကြောင်းလည်း မကြားဆိုတော့ စက်
ရုံမှာ သေချာပေါက် ပြဿနာ တက်နေမယ်ဆိုတာ ကျနော်သိတယ်။ ဒါပေမဲ့ ကျနော် မတွေးတော့ဘူး။ ဘာဆို ဘာမှ မတွေးတော့ဘူး။ မင်းတို့ကတောင်
လုပ်သေးတာ။ ငါက ဘာလို့ဂရုစိုက်နေရမှာလဲဆိုပြီး ဖုန်းကိုတောင် ပိတ်ထားပြီး အိပ်နေလိုက်တယ်။
 မကြာဘူး။ ကျနော့်အခန်းကို လာခေါက်တဲ့ အသံထွက်လာတယ်။ ကျနော်သိတာပေါ့။ မကြာခင် ဟတ်ကင်း(အလုပ်ရှာပေးတဲ့ ကြားခံ ကိုယ်စား
လှယ်) ကျနော့်ဆီ ရောက်လာတော့မယ်ဆိုတာ။ ဘဲလ်ကို အဆက်မပြတ်တီးတယ်။ ကျနော် ထမဖွင့်ဘူး။ တံခါးကို အဆက်မပြတ် ခေါက်တယ်။ ထမဖွင့်
ဘူး။ အကြာကြီးပဲ။ နာရီဝက်လောက်ကြာတာ့ ကျနော်အိပ်ရာကနေ ထတယ်။ တံခါးဖွင့်ပေးလိုက်တော့ ခိုဂျီးမားစံ(ဟတ်ကင်း)က ရုံးဝတ်စုံပြည့်နဲ့အခန်း
တံခါးရှေ့မှာ ရောက်နေတယ်။ သူက ကျနော့်ကို စနှုတ်ဆက်တယ်။
 ''အိုဟိုင်းယောဂိုဇိုင်းမတ်..၊ဇော်စံ ..မင်းဘာလို့အလုပ်မသွားတာလဲ''
 ကျနော် မျက်နှာကို တည်ထားရင်း 'ငါ အလုပ်မဆင်းတော့ဘူး၊ ထွက်လိုက်ပြီ'လို့ ခပ်တည်တည်ပဲ ဖြေလိုက်တယ်။
 ခိုဂျီးမားစံ မျက်နှာပျက်သွားတယ်။ သူ ထင်မထားတဲ့ ကိစ္စဖြစ်နေတာကိုး။ ကျနော်က အလုပ်ကို ပျက်လေ့ သိပ်မရှိတဲ့၊ အလုပ်ကြိုးစားတဲ့ အထဲ
မှာပါတယ်။ အလုပ်ပျက်မယ်ဆိုရင် သေချာပေါက် စည်းကမ်းတကျ ဖုန်းဆက် အကြောင်းကြားတာတို့ခွင့်တိုင်တာတို့လုပ်လေ့ရှိသူပေါ့။ ဒါပေမဲ့ ခုတော့
မပြောမဆိုနဲ့အဲဒီလိုကြီး ပြောလိုက်တော့ သူ လန့်သွားတာ ထင်တယ်။
 ''ဟာ..ဘာဖြစ်လို့လဲ''ဆိုပြီး မေးတယ်
 ကျနော် သူ့မျက်နှာကို သေချာကြည့်ပြီး ပြောပစ်လိုက်တယ်။
 ''ငါ့ကို နေရာပြောင်းလိုက်တယ်။ ပြီးတော့ ကြိုလည်း မပြောဘူး။ ငါ့ရနေကျ  အချိန်ပိုအလုပ်ချိန်ကိုလည်း 'နရှိ' လုပ်ထားတယ်''
 ''ဟုတ်လား။ ဘယ်လိုဖြစ်လို့လဲ''
 ''ငါ မသိဘူး။ သေချာတာကတော့ ငါ ဘာအမှားမှ မလုပ်ဘဲ ငါ့ကို နေရာ ပြောင်းလိုက်တာ။ ဒါ့ကြောင့် ငါမလုပ်ချင်တော့ဘူး''
 ကျနော့်လေသံဟာ အတော်မာနေခဲ့တာ ကျနော့်ဘာသာသိတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ကျနော့်ရင်ထဲမှာက ငါ့ကို ဒီလိုလုပ်လို့မရဘူး။ ငါ့
အရည်အချင်းနဲ့ဘယ်နေရာမှာ အလုပ်သွားရှာရှာ လစာကောင်းကောင်းရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်က ပြည့်နေတော့ လေသံက မာနေတာပေါ့။
 ''မင်း ခဏစောင့် ။ ငါ အလုပ်က ခေါင်းဆောင်ဆီ ဖုန်းဆက်ကြည့်မယ်''ဆိုပြီး ဖုန်းဆက်တော့တာပဲ။မကြာဘူး။  ခဏပဲ။
 ''ဇော်စံ..မင်းကို တစ်လလောက်ပဲ အဲဒီနေရာမှာ အိုနဲငါးအိ(အကူအညီတောင်း) လုပ်တာတဲ့။ တစ်လပြည့်ရင် မင်းရဲ့မူလနေရာကို ပြန်ရွှေ့ပေး
မှာတဲ့''
 ခိုဂျီးမားစံဆီက စကားကိုကြားတော့ ကျနော်ပိုလို့တောင် တင်းသွားမိတယ်။ မွဲချင်တဲ့ခွေး ပြာပုံတိုးတို့ဘာတို့ဆိုတာ ဒီလိုအချိန်ဖြစ်မယ်ထင်
ရဲ့။
 ''အိုကေ။ ခဏပဲ။ တစ်လပဲ ဆိုရင် ငါသင်ပေးထားတဲ့ ကောင်တွေကို ခိုင်းပေါ့။ ငါ့ကို ဘာလို့လာခိုင်းရတာလဲ။ ငါက ဘာအမှား လုပ်မိလို့လဲ''
 ကျနော်ပြောပစ်လိုက်တယ်။ ကျနော် အဲဒီနေရာမှာ စက်ကိုင်လာတာ ၂နှစ်နဲ့၄လ ရှိပြီ။ နိုင်ငံခြားသားတွေလည်း ရောက်လာပြီး လုပ်ဖူးပြီ။လုပ်
ရတဲ့ အလုပ်က ကျည်ဆန်ရထား၊ စက်လှေကား၊ ဘက်ဟိုး ပစ္စည်းတွေကို စက်ထဲထည့်ပြီး ရာဘာ လောင်းပေး(PRESS) ရတာ။ တစ်ယောက်ကို စက် ၄
လုံး ကိုင်ရတယ်။ ပစ္စည်းတစ်ခါထည့်ရင် ၁၅ မိနစ်ကနေ ၁၃ မိနစ်အထိပဲ။ စလုပ်တဲ့လူဆို ၁၅ မိနစ်။ ကျွမ်းကျင်သွားရင် ၁၃ မိနစ်ပေါ့။ ဒါပေမဲ့ ဝင်လာတဲ့
လူတိုင်း ၁၅ မိနစ်အတွင်းတောင် ပြီးအောင်မလုပ်နိုင်ဘူး။ အဲဒီလိုနဲ့တစ်ယောက်မနိုင် တစ်ယောက်ပြောင်း၊ တစ်ယောက်မနိုင် တစ်ယောက်ပြောင်းနဲ့။လူ
တော်တော် များများ ဝင်လိုက်ထွက်လိုက်ပေါ့။ ကျနော်ကတော့ အဲဒီနေရာမှာ လူဟောင်းပေါ့။
 မလုပ်နိုင်ကြသူချင်းအတူတူထဲကမှ ဂျပန်နှစ်ယောက်ရောက်လာပြီး မြဲနေတာ ၆ လလောက်ရှိပြီ။ ကျနော်က သေချာသင်ပေး၊ သူ မနိုင်ရင်
ပြေးကူပေး၊ အဲဒီလိုလုပ်လို့သူကလည်း မြဲနေတာ။ ဂျပန်မှာက ကိုယ့်အလုပ်ကို လုပ်ပဲ။ မနိုင်ရင်လည်း ကူဖို့မလိုဘူးလေ။ နေသာသပ လေညာကပေါ့။
ကျနော်ကတော့ ကိုယ်သင်ပေးထားတဲ့လူ။ ဆက်ဆံရေးလည်း အဆင်ပြေတော့ သူ့ကိုကူပေးတော့ သူလည်း မြဲနေတာ။ ကျနော် ခိုဂျီးမားစံကို ပြောလိုက်
တာက ငါက ဆရာလေ၊ နေရာပြောင်းချင်ရင် ငါသင်ပေးထားတဲ့သူကို ပြောင်းပေါ့ဆိုတဲ့ အဓိပ္ပါယ်နဲ့ပြောလိုက်တာ။
 ခိုဂျီးမားစံက နောက်ထက်တစ်ခါ ဖုန်းထုတ်ဆက်ပြန်တယ်။
 ''ခုတလပဲ။ ခုတလ ပြီးရင် သူ့ကိုဖြုတ်တော့မှာ။ အဲဒီအခါကျရင် မင်းက မူလနေရာ ပြန်သွားရမှာ။ ပြီးတော့ မင်းအခု သွားလုပ်ရမယ့်နေရာက
အရင်လည်း မင်းလုပ်ဖူးလို့ခဏ အကူအညီတောင်းတာပါတဲ့''
 ခိုဂျီးမားစံက သေချာထပ်ရှင်းပြတယ်။ ဒါပေမဲ့ မရတော့ဘူး။ ကျနော့် စိတ်ထဲမှာ ငါ ဆိုတဲ့ အစွဲကို သူ့စကားတွေက မတိုက်နိုင်တော့ဘူး။
 ''ငါ မလုပ်တော့ဘူးကွာ။ တောင်းပန်ပါတယ်''
 ''မင်း တကယ်ဆုံးဖြတ်ပြီးပြီလား''
 ခိုဂျီးမားစံက တစ်ခုခုကို သေချာတွေးပြီး ထပ်မေးတယ်။ ကျနော် သေချာဆုံးဖြတ်ထားသလိုမျိုးနဲ့ပြောချလိုက်တယ်။
 ''အေး။ ငါ မလုပ်တော့ဘူး''
 ''ဒါ ဆိုလည်း ကောင်းပြီလေ''
 ခိုဂျီးမားစံက ကျနော့်အခန်းရှေ့ကနေ ထွက်သွားတယ်။ ကျနော် အခန်းထဲကို ပြန်ဝင်ပြီး အင်တာနက်ကို ဖွင့်လိုက်တယ်။
 ''ကိုရိုနာ ဂေါဟာဆိုးကြီးဟာ ဂျပန်နိုင်ငံကို မရောက်သေးပေမဲ့ ဂျပန်နိုင်ငံက ထွက်ကုန်ပစ္စည်းအများစုဟာ ပြည်ပကို တင်သွင်းတဲ့ ပစ္စည်းတွေ
ဖြစ်လို့ မှာယူမှုတွေ ကျဆင်းလာပြီး အလုပ်သမားတွေ အလုပ်လုပ်မဲ့ ပြဿနာနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။ စက်ရုံ အလုပ်ရုံတွေဟာ မကြာခင် အချိန်အ
တွင်းမှာ အလုပ်သမားအင်အားကို လျှော့ချမှာ ဖြစ်ပြီး တရားဝင်လျှော့ချတဲ့ စာရင်းထဲကို ပါတဲ့ အလုပ်သမားများကိုတော့ နိုင်ငံတော်ရဲ့အလုပ်သမား ရေး
ရာ ဌာနကနေ လျှော်ကြေးပေးမှာ ဖြစ်ပါတယ်။ တရားဝင် လျှော့ချတဲ့ စာရင်းထဲမပါဘဲ ကိုယ့်သဘောနဲ့ကို အလုပ်ထွက်တဲ့ လူတွေကတော့ လျှော်ကြေးရ
ဖို့လည်း မမြင်သလို အလုပ်အသစ် ရဖို့လည်း မသေချာဘဲ အခက်အခဲတွေနဲ့ရင်ဆိုင်ရဖွယ် ရှိနေပါတယ်''
 သတင်းကို ဖတ်နေရင်း တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်က ကျနော့်ရင်ထဲကို ဝင်လာတယ်။ ငါ အလုပ်ထွက်လိုက်တာ မှားပြီလားဆိုတဲ့ အတွေး
က ပမထဆုံး ကျနော့်ခေါင်းထဲကို ဝင်လာတယ်။ ကိုရိုနာသတင်းကို မသိလို့မဟုတ်ဘူး။ ကျနော် သိတယ်။တွေးလည်းတွေးတယ်။ ဂျပန်နိုင်ငံရဲ့သေချာတဲ့
စစ်ဆေးမှု၊ ထိန်းချုပ်မှုတွေ အောက်မှာ ကိုရိုနာရောဂါဆိုးဟာ ဂျပန်နိုင်ငံက အလုပ်အကိုင် အခွင့်အလမ်းတွေကို လုံးဝ ထိခိုက်စရာမရှိဘူးလို့ကျနော်ယုံထား
တယ်။ ကျန်းမာရေးဆိုင်ရာ ထိခိုင်မှုမရှိသ၍ ( ငါ့ကို ကိုရိုနာရောဂါ မကူးစက်သ၍ )ငါ့မာနနဲ့ငါ ဂျပန်မှာ ရှင်သန်နိုင်တယ် လို့ကျနော် တွေးထားမိခဲ့တယ်။
 သေချာတာကတော့ ကျနော်ဟာ အလုပ်ကနေ ကိုယ်တိုင် ထွက်လိုက်တာ ဖြစ်လို့လျှော်ကြေးမရနိုင်တော့တာပါပဲ။ ဒါဆို ငါဘာလုပ်ရမလဲ။
ဂျပန်မှာ လူတစ်ယောက်က အလုပ်မရှိဘဲ ရပ်တည်ဖို့ဆိုရင်။ အိမ်လခ၊ ဖုန်းဘေလ်၊ ရေဖိုး၊ မီးဖိုး၊ ဂက်စ်ဖိုး၊ ကားဓာတ်ဆီခ၊ ကျန်းမာရေး အာမခံကြေး။
ကျနော့်ခေါင်းကို ဆင်တစ်ကောင် နင်းလိုက်တာပဲ လို့သိလိုက်ရတဲ့ အချိန်မှာ အရာရာဟာ နောက်ကျခဲ့ပြီလား။ ကျနော့်အတွက် အလုပ်အသစ်တစ်ခု၊ ကျ
နော်နဲ့သင့်တော်တဲ့ နေရာတစ်ခုဟာ ရှိမှ ရှိလာနိုင်ပါဦးမလား လို့တွေးရင်း အရင်က လက်တွဲခဲ့ဖူးတဲ့ အလုပ်ရှာပေးတဲ့ ကုမ္ပဏီတွေကို ကျနော် အသည်း
အသန် ဖုန်းဆက် မိတယ်။
 ဒါပေမဲ့....

 လူခါး
                     2020၊ JAPAN


No comments: