Friday 21 August 2020

လမ်းကောက်


 

 ဦးတင်ဝင်းတဲ့။ ကျနော့် အဖေရဲ့ညီအစ်ကို မောင်နှမတွေထဲက အစ်ကို အကြီးဆုံး။ အစ်ကိုကြီး အဖအရာတို့ဘာတို့ဆိုတာ ကျနော့် ဦးကြီးနဲ့
သိပ်လိုက်တဲ့ ရာထူးပေါ့။ တောမှာမွေးပြီး တောမှာ ကြီးတယ်ဆိုပေမယ့် ဦးကြီးရဲ့ဥပဓိရုပ်က မြို့သားတွေထက် သန့်တယ်။ ကျော်ဟိန်းတို့နေအောင်
တို့လို  ရုပ်မျိုး။အသားဖြူတယ်။ အရပ်အမောင်းကောင်းတယ်။ တည်ကြည်ခန့်ငြားတယ်။ သူ့ခေတ် သူ့အခါက ဆယ်တန်းအောင်တယ်။

 ဦးကြီးက ဆယ်တန်းကို ကျနော်တို့နယ်မြို့ကလေးကနေ အောင်တာ။ ဆယ်တန်းလည်း အောင်ပြီးရော နယ်မြို့ကလေးကနေပိုကြီးတဲ့မြို့
တစ်မြို့မှာ အလုပ်သွားလုပ်တယ်။ လုပ်ရတဲ့ အလုပ်က ဂိတ်စာရေး။ အဲဒီခေတ် အဲဒီအခါက ဂိတ်စာရေးဆိုတာက အနည်းဆုံး ရှစ်တန်း အောင်လောက်မှ
ခန့်တာ။ ဦးကြီးက ဆယ်တန်းအောင်ဆိုတော့ ဂိတ်မှူးတွေ ကားသမားတွေက ပိုချစ်ခင်ကြတာပေါ့။ လူကလည်း သန့်၊ အလုပ်ကလည်း ကြိုးစား၊ တော
လည်း တောသေားလေး ဆိုတော့ကာ။ 

 ဦးကြီးအလုပ် လုပ်ရတဲ့ ဂိတ်က ပြည်တို့ရန်ကုန်တို့နဲ့ကျနော်တို့မြို့ကလေးကို ကုန်ကားတွေနဲ့ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးရတဲ့
ဂိတ်။ ပဲဖတ်၊နှမ်းဖတ်၊ပြောင်းဖူးစေ့၊ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ အစုံပေါ့။ကုန်ပစ္စည်းမှာတဲ့ လူတွေကို ကားအဆင်ပြေအောင်လုပ်ပေးတာတို့၊ တိကျမြန်ဆန်
အောင်၊ကုန်ပစ္စည်းအမှား အယွင်းမရှိအောင်တို့ကို ဦးကြီးက သေချာဂရုစိုက်ပေးတယ်။ 

 အဲဒီ ဂိတ်မှာ လုပ်တာ အချိန်ကြာလာတော့ ဦးကြီးရဲ့ခေါင်းထဲမှာ လင်းလင်းချင်းချင်း ဖြစ်သွားတဲ့ အရာတစ်ခုရှိလာတယ်။ အဲဒါက ဘာလဲဆို
တော့ ငါလည်း ဂိတ်စာရေးလေးကနေ ကုန်ပစ္စည်း အရောင်းအဝယ်လုပ်တဲ့ ပွဲစားတစ်ယောက် ဖြစ်နိုင်တာပဲ ဆိုတဲ့ အသိ။ အဲဒီလိုနဲ့ဦးကြီးက သူ့ဂိတ်ကနေ
သယ်ယူပို့ဆောင်ပေးခဲ့ရဖူးတဲ့ ကုန်ပစ္စည်းတွေကို သူကိုယ်တိုင်လည်း ကုန်သွယ် ရောင်းဝယ်ဖို့ ကြိုးစားတော့တယ်။

 ပြည်ကို သွားတယ်။ သူ့လစာကလေးနဲ့တတ်နိုင်သလောက် ပဲဖတ်တို့၊နှမ်းဖတ်တို့စားအုန်းဆီတို့လို ကုန်ပစ္စည်းတွေကို ဝယ်တယ်။ မြို့ကလေး
က ကုန်သည်ပွဲစားတွေ ဆီမှာ ပြန်ရောင်းတယ်။ တစ်ခေါက်ကနေ နှစ်ခေါက်၊ နှစ်ခေါက်ကနေ အကြိမ်ကြိမ် ဖြစ်လာတော့ ဦးကြီးဟာ မြို့ကလေးရဲ့အချက်
အချာကျတဲ့ နေရာမှာ ဆိုင်ခန်းလေးတစ်ခန်းကို ငှားလိုက်ပြီး ဆိုင်လေးတစ်ဆိုင် စဖွင့်တယ်။ 'ဗီတာမင်'တဲ့။ 

 အစပိုင်းမှာတော့ ပြည်တို့ရန်ကုန်တို့ကနေ မှာလို့ရတဲ့ ကုန်တွေဖြစ်တဲ့ ဆီတို့ပဲတို့ပြောင်းဖူးစေ့တို့သာ ရောင်းတာ။ နောက်ကျတော့ မြို့
ကလေးပတ်ချာလည်က ထွက်တဲ့ ကုန်ပစ္စည်းတွေကို ပေါက်ဈေးနဲ့ဝယ်ပြီး ရန်ကုန်တို့ပြည်တို့ကို ပြန်ရောင်းတဲ့ အလုပ်ပါ တွဲလုပ်လာတယ်။ လူကလည်း
ငယ်တုန်း၊ ပေါင်းသင်းဆက်ဆံရေးကလေးကလည်း ရှိဆိုတော့ နေ့ချင်းညချင်းအောင်မြင်သွားတယ်။ မြို့ကလေးမှာ ရှိတဲ့ ရပ်ကွက် ဆယ်ရပ်ကွက်မှာ ဦး
ကြီးဆိုင်ရဲ့နာမည် 'ဗီတာမင်'လို့မေးလိုက်ရင် မသိသူ မရှိသလောက်ပဲ။ ရိုးသားတယ်။ ကတိတည်တယ်။ ဈေးမှန်တယ်။ အလေးမှန်တယ်။ ပစ္စည်းကောင်း
တယ်။

 အဲဒီအငှားဆိုင်လေးမှာပဲ စီးပွားရေးလုပ်ငန်းလေး တသွင်သွင်စီးနေတုန်း ဦးကြီးက အိမ်ထောင်တွေဘာတွေကျပြီး ဘဝကို ပုံမှန်အတိုင်းပဲ ဖြတ်
သန်းခဲ့တယ်။ အဆင်ပြေနေတဲ့ကာလမှာပဲ ဦးကြီးငှားတဲ့ ဆိုင်ပိုင်ရှင်က ဆိုင်ခန်းခကို တန်ရာတန်ကြေးထက် ပိုတောင်းတယ်။ ခဏခဏ ညှိနှိုင်းလို့မရတဲ့
အဆုံး လမ်းဘေး အချက်အချာကျတဲ့ နေရာမှာ မြေတစ်ကွက် ဝယ်လိုက်ရတယ်။ အစတော့ မြေဝယ်၊ အဆောက်အဦးဆောင်နဲ့စီးနေတဲ့မြစ်ကလေး ရပ်
တော့မလို ဖြစ်သွားသေးပေမယ့် ဦးကြီး ရဲ့ဇွဲ၊လုံ့လ၊ ဝီရိယနဲ့ကြိုးစားမှုတို့ကြောင့် နေရာပြောင်းလိုက်မှ ကိုယ်ပိုင်ဆိုင်ကလေး ဖြစ်မှ ပိုလို့တောင် နာမည်
ရလာခဲ့သေးတယ်။

 ဦးကြီးတစ်ယောက် သူ့ကိုယ်ပိုင်ပွဲရုံနဲ့ပွဲစားလောကမှာ လူတစ်လုံးသူတစ်လုံး အတော်ဖြစ်မှ ကျနော်က ဦးကြီးပွဲရုံကို ရောက်လာတယ်။ ကလေး
ဘဝကတည်းက ဦးကြီးနဲ့မနီးမဝေးမှာ ကြီးပြင်းခဲ့ရလို့ဦးကြီးအကြောင်းတွေ သိနေကြားနေ မြင်နေခဲ့ပေမယ့် လက်တွေ့ကျကျ အတူနေခွင့်ရခဲ့ တစ်ယောက်
သဘောကို တစ်ယောက်နားလည်ခဲ့တာက ကျနော် ကိုးတန်းကျောင်းသား ဘဝမှာမှပါ။

 ဦးကြီးက မနက်လေးနာရီထိုးတာနဲ့လမ်းလျှောက်ထွက်တယ်။ မနက် ၇ နာရီထိုးတာနဲ့ပွဲရုံရှေ့ကွက်တိ ပြန်ရောက်တယ်။ မိုးရွာရွာ နေပူပူ အဲ
ဒါ သူ အမြဲလုပ်နေကျ အလုပ်တွေထဲက တစ်ခုပဲ။ သူ ပြန်ရောက်ချိန် မနက် ၇ နာရီမတိုင်ခင် ကျနော်တို့က ပွဲရုံကို ရောက်အောင်သွားရတယ်။ ပွဲရုံရောက်
တာနဲ့ဆိုင်ခင်း။ ဆီကန်တွေ ရှေ့ထုတ်။ ကောင်တာတွေ သန့်ရှင်းရေးလုပ်။ လက်လီရောင်းမယ့် ပိဿာထုတ်ကလေးတွေ ချိန်။ တံမြက်စည်းလှည်း။ အား
လုံးပြီးတော့မှာ စားတော်ပဲပြုတ်ကို ကြက်သွန်နီနဲ့သုပ်ပြီး မနက်စာ အတူစားကြ။ ဦးကြီးက မြို့သားတာ ဖြစ်လာတာ သူ့ကျင့်တာက တောသားတစ်ယောက်
အတိုင်းပဲ။ မပြောင်းဘူး။

 တစ်နေကုန် အလုပ် လုပ်တယ်။ နေ့လယ် နေ့ခင်း ရောင်းသူဝယ်သူပြတ်ချိန် တစ်ရေးလောက်မှေးပေမယ့် ခဏပဲ။ ကောင်တာပေါ်မှာ မေးလေး
တင်မှေးရုံ ဒါမှမဟုတ် ဘေးနားက နှစ်ယောက်ထိုင် တန်းလျားလေးပေါ် ကွေးကွေးလေး အိပ်။ ဒီလောက်ပဲ။ မြို့မှာ လူရာဝင်တဲ့ လူတစ်ယောက် ဖြစ်လာ
ပေမယ့် ဝတ်စားဆင်ယင်မှုကအစ အပြောအဆိုအထိ အလွန်ရိုးရှင်းတယ်။ဦးကြီးနဲ့ကျနော် အတူနေခဲ့တဲ့ ကာလတစ်လျှောက် လက်ဖက်ရည်ဆိုင် ထိုင်တာ
တို့၊စားသောက်ဆိုင် ထိုင်တာတို့တစ်ခါမှ မမြင်ဖူး မကြားဖူးဘူး။

 တောင်သူတစ်ယောက် ကုန်ပစ္စည်းလာရောင်းရင် သူကိုယ်တိုင်လည်း တောင်သူလယ်သမားသားတစ်ယောက်ဆိုတော့ အကုန်မေးတာ။ မိုးလေ
အဆင်ပြေလား။ ကြွေးမြီ ကင်းရဲ့လား။ စသဖြင့်ပေ့ါလေ။ ဦးကြီးဟာ ဥပုသ်ရက်တွေဆို ဥပုသ်စောင့်တတ်သေးတာ။ မိသားစု ဆွေမျိုး ဘာကိုမှ လိုလေသေး
မရှိ ကြည့်ရှုစောင်မ တတ်သူတစ်ယောက်ပေါ့။

 တစ်နေ့တော့ ဦးကြီးဆိုင်ဘေးက ဆိုင်ခန်းအသေးလေးထဲကို ကောင်တာစားပွဲ အသေးလေးတစ်လုံးနဲ့ လူနှစ်ယောက် ရောက်လာတယ်။ ထင်
မထားဘဲ ရောက်လာတာဆိုတော့ ကျနော်ရော ဦးကြီးရော အံ့အားသင့်တာပေါ့။ အံအားသင့်ရုံပါပဲ။ အလုပ်တွေ မအားတော့ ဘာကိစ္စနဲ့ရောက်လာလဲ ဘာ
လဲတောင် စိတ်မဝင်စားမိကြဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ပေ့ါ။

 ကျနော်တို့မြို့ကလေးက မနက် ကိုးနာရီလောက်ဆို ရထားရော ကားရော စုံပြီးရောက်လာ ဆိုက်လာတတ်ချိန်ဖြစ်လို့အဲဒီအချိန်ဟာ မြို့ကလေး
မှာ၊ ပွဲရုံတွေမှာ ရောင်းသူဝယ်သူ အစည်ကားဆုံးအချိန်ပဲ။ ဦးကြီးရဲ့ပွဲရုံထဲမှာဆို လူတန်းကြီးက လမ်းပေါ်အထိ ရောက်နေတတ်တယ်။
 ဒါပေမဲ့ ဦးကြီး ပွဲရုံဘေးကို ဆိုင်အကျဉ်းလေးရောက်လာတဲ့ အချိန်ကစပြီး အခြေအနေက ပြောင်းသွားတယ်။ လာသမျှ ရောင်းသူ တောင်သူ
တွေဟာ အဲဒီဆိုင်ကျဉ်းကလေးထဲမှာပဲ စုပြုံတိုးကြတယ်။  ဦးကြီးပွဲရုံမှာ ရောင်းသူ နည်းသွားတယ်။ 

 အကြောင်းရင်းကို သိရအောင် စုံစမ်းကြည့်တော့ အဲဒီအခန်းကျဉ်းလေးထဲက လူနှစ်ယောက်က ညီအစ်ကို အရင်းတွေ။ ဒါပေမဲ့  သူတို့အပြင်
ငှားထားတဲ့ တခြားလူတွေလည်း ရှိသေးတယ်။ အဲဒီလူတွေက ရထားဂိတ်တို့ကားဂိတ်တို့မှာ 'လမ်းကောက်'လုပ်နေကြတာမို့သူတို့ဆိုင်ကလေးမှာ ရှိမ
နေတတ်တာ။

 လမ်းကောက်ဆိုတာက ရထားပေါ်က ဖြစ်ဖြစ် ကားပေါ်က ဖြစ်ဖြစ် အထုပ်ကလေးရွက်ပြီး ဆင်းလာတဲ့လူ ဆိုရင် အဲဒီ လမ်းကောက်တွေက
ကပ်သွားတယ်။ ဘာတွေလဲ။ နှမ်းတွေလား ပဲတွေလား။ ဘယ်ရွာကလဲ။ မိတ်ဖွဲ့တယ်။ပစ္စည်းကို ကြည့်တယ်။ ပြီး ရင် မတန်တဆ ဈေးပေးလွှတ်လိုက်တယ်။ 
ဥပမာ မတ်ပဲတစ်ပိဿာ ကိုးရာဆိုရင် လမ်းကောက်တွေက တစ်ထောင်ပေးလိုက်တယ်။ သူတို့ချက်ချင်းယူထားလိုက်တာမျိုး မဟုတ်ဘူး။ ဗီတာမင် ပွဲရုံ
သိလား။ အဲဒီ ပွဲရုံဘေးက ဆိုင်ကျဉ်းလေးထဲကိုသွား စသဖြင့် လမ်းညွှန် လွှတ်လိုက်တာ။ အဲဒီလိုနည်းနဲ့သူတို့ဆိုင်ကျဉ်းကလေးဟာ တမဟုတ်ချင်း လူ
သိများ ထင်ရှားလာတယ်။ ရောင်းသူတွေ အကြိုက် ဖြစ်လာတယ်။

 ဦးကြီးနဲ့ကျနော်က စုံစမ်းရတော့တယ်။ မတ်ပဲတစ်ပိဿကို ကိုးရာပေါက်တာကို တစ်ထောင်ပေးဝယ်တယ်။ ပြန်ရောင်းတော့ ဘယ်လိုများ
ရောင်းသလဲပေါ့။ မြို့ကလေးက ထွက်တဲ့ ကုန်ပစ္စည်းတိုင်းဟာ ရန်ကုန် ဒါမှမဟုတ် ပြည် ၊မန္တလေးတို့ဘက်ကို သွားတာများတယ်။ အဲဒီဒေသတွေက
ပင်ရင်းတွေကလူတွေဟာ ဈေးကို ဘယ်မှာဖြစ်ဖြစ် သိပ်မခွာဘဲ ပေးကြတာများတယ်။ ဒါဆို ဝယ်ဈေး ပိုပေးဝယ်ရင် ရောင်းဈေးကျတော့ ပိုရအောင် ဘယ်
လိုလုပ် ရောင်းကြသလဲ။ ကျနော်တို့စိတ်ဝင်စားတယ်။

 အဲဒီမှာ ကျနော်တို့သွားတွေ့တာက အံ့သြဖို့အတော်ကောင်းတယ်။မတ်ပဲဆိုရင် မတ်ပဲနဲ့ပုံစံတူ အရောင်တူတဲ့ မြေကြီး သို့မဟုတ် ကျောက်
ကို သီးသန့်လုပ်ရောင်းတဲ့လူတွေ ကျနော်တို့မြို့ကလေးမှာ ရှိနေခဲ့တာကို ကျနော်တို့သွားတွေ့တယ်။ အဲဒီ ပစ္စည်းက တကယ့် ပဲအစစ်ထက် ဈေးချို
တယ်။ ထက်ဝက်ကျော် ချိုတယ်။ မတ်ပဲက ကိုးရာဆို အဲဒီပစ္စည်းက သုံးရာလောက်ပဲ။  ကျနော်တို့ထက် ဈေးပိုပေးတဲ့ လူတွေဟာ အစစ်ထဲကို အဲဒီ
အတုတွေ ရောရောင်းလို့ရနေတာမို့ဝယ်တဲ့ နေမရာမှာ ဈေးပိုပေးနိုင်နေတာကို သွားတွေ့ခဲ့တယ်။ ကိုးရာပေါက်တဲ့ မတ်ပဲကို ထောင့်ငါးရာ ဝယ်လည်း 
သူတို့က မြတ်နေဦးမှာပဲ။ 

 မကြာဘူး။ အဲဒီက ဆိုင်ခန်းကျဉ်းလေးထဲမှာ နှမ်းဆီတို့ပဲဆီတို့ပါ ရောင်းလာတယ်။ သူတို့ရောင်းတဲ့ဆီတွေဟာ ကျနော်တို့ဆိုင်က ဆီထက်
ဈေးချိုတယ်။ ပုလင်းအပြည့် ဗူးအပြည့်ပေးတယ်ဆိုပြီး နာမည်ကြီးပြန်တယ်။ အရင်က ကျနော်တို့ဆီက ဝယ်နေကျ ဖောက်သည်တွေဟာ သူတို့ဆီရောက်
သွားပြန်တယ်။

 ဒါကို တစ်ခါ စုံစမ်းလိုက်တော့ သူတို့က နှမ်းဆီဆိုလည်း နှမ်းဆီအစစ်ချည်း ရောင်းတာ မဟုတ်ပြန်ဘူး။ စားအုံးဆီ ရောတယ်။ ပဲဆီဆိုလည်း 
စားအုန်းဆီ ရောတယ်။ ခဲတတ်တဲ့ သဘာဝရှိတဲ့ စားအုန်းဆီကို နှမ်းဆီတို့ပဲဆီတို့နဲ့ရောပြီး ပြန်မခဲအောင် ဓာတုဆေးတွေသုံးတယ်။

 ကျနော်က ကြားရတဲ့သတင်းတွေ လုပ်ထုံးလုပ်နည်းတွေကို လေ့လာပြီး ဦးကြီးကို ပြန်ပြောပြရတယ်။ ခေတ်အခြေနေအရ ကျနော်တို့လည်း
လုပ်မှရမယ်။ မလုပ်ရင် ကျနော်တို့ကျန်နေခဲ့မှာပဲလို့ပြောရတယ်။ဦးကြီးဟာ အဲဒီကိစ္စကို အတော်လေးစဉ်းစားတယ်။ ကျနော့်ကို သူများတွေ ရောင်းနေတဲ့
အရည်အသွေးမျိုး၊ ဈေးနှုန်းမျိုးရအောင် လုပ်ခိုင်းလို့လုပ်ပေးရဖူးတယ်။ ဒါပေမဲ့ ဦးကြီးဟာ အဲဒီပစ္စည်းကို အစစ်ပါလို့ပြောမရောင်းဘူး။ ဒါက အစစ်နဲ့
အတုကို စပ်ထားတဲ့ စပ်ဆီပါ။ ဈေးက အစစ်ထဲမှာ အတု ရောထားလို့ချိုနေတာပါ ဆိုပြီး ပြောရောင်းတယ်။ အံ့သြစရာပါပဲ။ လူတွေက ပြောရောင်းတဲ့ ဆီ
အတုထက် မပြောဘဲရောင်းတဲ့ ဆီအတုကိုပဲ အစစ်အမှတ်နဲ့ဝယ်ကြစားကြတယ်။ စိတ်ဝင်စားကြတယ်။ ဦးကြီးလည်း အတုကို နောက် လုံးဝ ထပ်မလုပ်ခိုင်း
တော့ဘဲ အစစ်သီးသန့်ကိုပဲ အာမခံတယ်၊ စစ်တယ် ဆိုတာမျိုးကိုပဲ ပြောရောင်းတယ်။ လူတွေက စိတ်မဝင်စားကြဘူး။ ဈေးသက်သာပြီး များများရတဲ့ စပ်
ဆီကိုပဲ စိတ်ဝင်စားကြတယ်။ ဝမ်းသာအားရ အားပေးကြတယ်။

 အခုတော့ ကျနော့် ဦးကြီးလည်း မရှိတော့ဘူး။ လောကရဲ့လှည့်ဖျားတတ်တဲ့ မာယာတွေ ကြားထဲမှာ သူ့ပွဲရုံလေးကို ရိုးသားစွာ ရှင်သန်မွေးမြူ
ရင်း သူ့ဘဝရဲ့နေဝင်ချိန်အထိ ပွဲရုံလေးမှာပဲ ရိုးသားမှု၊ ကြိုးစားမှုနဲ့ရှင်သန်နေထိုင် ဖြတ်သန်းသွားခဲ့တယ်။ ဦးကြီးမရှိတော့တဲ့ နောက်ပိုင်း ကျနော်လည်း 
မြို့ကလေးကို မရောက်ဖြစ်တော့ဘူး။ စာရေးသူ တစ်ယောက်အနေနဲ့ရှင်သန်ရပ်တည် လာခဲ့တာ ဆယ်နှစ်ကျော်ရှိလာခဲ့ပြီ။ အရင်က မြို့ကလေးရဲ့ပွဲစား
လောကမှာသာ တွေ့ရတတ်တဲ့ လမ်းကောက်လို လူတွေကို နေရာစုံ ကဏ္ဍစုံမှာ တွေ့မြင်လာရတယ်။

 မျိုးစေ့မချဘဲ အပင်ချိုင်ချင်သူတွေ များလှတဲ့ ခေတ်ကာလမှာ လက်ခုပ်သံတွေကလည်း ရက်ရက်ရောရောပါပဲ။

                                                                                             လူခါး
 (ဦးကြီးသို့)
ဂျပန်စံတော်ချိန်ည ၇:၄၆






 

No comments: