Saturday 1 August 2020

ဂျပန်ရောက် မြန်မာအလုပ်သမားတစ်ယောက်၏ COVID ကာလ အတွေ့အကြုံများ

အပိုင်း(၅)

ပျက်ပြီးရင် ဖြစ်၊ ဖြစ်ပြီးရင် ပျက်
——————————————

ကျနော် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်။

''ဒါဆို မင်း အလုပ်ကို လာမနေတော့နဲ့..''တဲ့။

''ဟာ''လို့ ကျနော် အော်မိသွားတယ်။ လူဟာ ခဏလောက် သေသွားတယ်။

ကျနော့်ကားဟာ လမ်းဘေးမှာ ရပ်နေတုန်း။ စုံမီးက တဖျတ်ဖျတ်နဲ့ ပြနေတုန်း။ ဘဝမှာ ဘာဆက်လုပ်ရမှန်းမသိတဲ့ အချိန်တွေ အများကြီး ကြုံဖူးပေမယ့် အခုအချိန်က အဆိုးဆုံးပဲ။

''ဘာလို့လဲ..။ ဘယ်လိုဖြစ်တာလဲဗျာ..''

သေချာသထက် သေချာအောင် မေးလိုက်တဲ့ ကျနော့်အသံဟာ အက်ကွဲနေတယ်။ မလုပ်ပါနဲ့ဗျာလို့ တောင်းပန်နေတဲ့ လေသံမျိုးလို့ ကျနော့်ကိုယ် ကျနော် သိတယ်။ အရင်က အလုပ်အသစ်တစ်ခုကို အထက်စီးကနေ တစ်ပတ်အတွင်း ရအောင်ရှာနိုင်တဲ့ ကျနော်ဟာ အခုတော့ အလုပ်အသစ်တစ်ခု
အတွက် ခေါင်းကို အောက်စိုက်ချထားလိုက်ရပြီ။ ဟနဂျီးမားများ အနားမှာ ရှိရင် ငါ့ကို ကူညီပါ ဆိုပြီး အနူးအညွှတ် ပြောပစ်မိမလားပဲ။

''ဂေါ်မန်းနာစိုင်း ဇော်ရေ..။ မင်းကို အလုပ်ထည့်ခါနီးမှ ကိုဗစ်ကြောင့် အော်ဒါတွေကျလို့ ရှိပြီးသားလူ ၁၆ ယောက်တောင် ဖြုတ်လိုက်ရတယ်။ နောက်ထပ် လူခေါ်တော့မယ်ဆိုရင် မင်းကို ငါ သေချာပေါက် ခေါ်ပါ့မယ်''

ကျနော်ကားကို အနီးဆုံး ဆဲဗင်းအလဲဗင်းဆိုင်မှာ ထိုးရပ်ထားလိုက်ရတယ်။ ဘာဆက်လုပ်ရမလဲ။ စိုင်းတမက အလုပ်ကို ဖုန်းပြန်ဆက်ကြည့်ရရင် ကောင်းမလား။ မဖြစ်နိုင်တော့ဘူး။ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဂျပန်မှာ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကိုယ့်ဘက်က ဖောင်းမိတာနဲ့တစ်ဖက်လူက ကိုယ့်ကို ယုံကြည်မှု မရှိတော့ဘူး။ ပြန်ဆက်သွယ်မိရင် မရှက်တတ်ရာ ကျတော့မယ်။

တည်ဆောက်ဖို့ အခက်ဆုံးအရာကို ကျနော်က ဖြိုချခဲ့ပြီးပြီမဟုတ်လား။ ဆဲဗင်းအလဲဗင်းမှာ နာရီဝက်လောက် မေ့မျောနေပြီးမှ ကျနော် အိမ်ကို ပြန်လာခဲ့တယ်။ လမ်းဆုံးရင် ရွာတွေ့..တဲ့။ ကျနော်ကတော့ လမ်းဆုံးနေပြီ။ ရွာက..ရွာကဘယ်မှာလဲ။ ကျနော်နဲ့ ရင်းရင်းနှီးနှီး သိခဲ့ဖူးတဲ့ လူတွေကို တစ်ယောက်ချင်း တစ်ယောက်ချင်း မျက်လုံးထဲ မြင်လာတယ်။ သူတို့တွေဆီက အလုပ်ကလေးများ (အကူအညီ) ရနိုင်မလားလို့ ဖုန်းဆက်ကြည့်ရရင် ကောင်းမလား။ မလုပ်နဲ့..မလုပ်နဲ့။

ကျနော့်ရဲ့စိတ်ဟာ ဒွိဟ ဖြစ်နေတယ်။ အားလုံး ဒုက္ခရောက်နေချိန်မှာ အပူသွားကပ်မိရင် ဒါ မိုက်မဲရာ ကျမယ့်ကိစ္စပဲ။ ပြီးတော့ ဂျပန်မှာ လူတစ်ယောက်က လူတစ်ယောက်ကို စိတ်ရော ကိုယ်ရော အကူအညီဖို့ဆိုတာ..။

ဂျပန်နိုင်ငံဟာ စည်းကမ်းလိုက်နာတယ်။ အလုပ်ကြိုးစားတယ်။ ဒါကြောင့် ကမ္ဘာမှာ နာမည်ကြီးတယ်။ တိုးတက်တယ်ပေါ့လေ။ ဂျပန်နိုင်ငံကို ရောက်လာတဲ့ မြန်မာတွေဟာလည်း ဂျပန်နိုင်ငံရဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာကြပါတယ်။ မြန်မာတင်မဟုတ်ပါဘူး။ အကုန်ပါပဲ။ လိုက်နာကြတယ်။
စည်းကမ်းအရာ၊ ကြိုးစားမှုအရာမှာ နာမည်ကြီးတဲ့ ဂျပန်ဟာ ပရဟိတစိတ်လို့ဆိုတဲ့ သူတပါးအကျိုးကို ကူညီစောင်မတဲ့ နေရာမှာ ဘိတ်ပဲ။

လမ်းမှာ ကလေးတစ်ယောက် စက်ဘီးနဲ့လဲနေလို့ သွားထူရင် ထူတဲ့လူရဲ့အပြစ်။ လူတစ်ယောက် စားစရာမရှိလို့ တောင်းစားနေရင် တောင်းစားသူရဲ့ အပြစ်။ ဂျပန်ကိုရောက်နေတဲ့ ကျနော်တို့မြန်မာတွေဟာ အကုန်လုံးကို အတုယူကြတာ။ ဂျပန်ကို ရောက်တာနဲ့ ဂျပန်စိတ် ဝင်သွားကြတာ အပြစ်မဆိုသာပေမယ့် အတ္တတွေ ၊မာနတွေ ကြီးလာကြတာကတော့ စိတ်မကောင်းစရာပါပဲ။ အဆင်မပြေ ဖြစ်တဲ့အခါ ဖြစ်တဲ့သူကိုယ်တိုင် ကိုယ်ထူကိုယ်ထ ကြိုးစားရုံကလွဲလို့ တခြားလမ်း မရှိဘူး။

ကိုဗစ်ကလည်း ခုရက်တွေထဲမှာမှ လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာတယ်။ ကျနော်နေတဲ့ ဂူးမားမှာတောင် ၄ ယောက် တွေ့တယ်လို့ အစိုးရက ကြေညာတယ်။ ကျနော်တို့နေရာနဲ့မဝေးတဲ့ အိုးတဘက်က ဆေးခန်းတစ်ခန်းမှာ လူနာကနေတစ်ဆင့် ဆရာဝန်၊ ဆရာဝန်ကနေ သူ့မိသားစုကို ကူးတယ်လို့ သတင်းတွေ တက်လာတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာ သတိပေးစရာမလိုဘဲ ခပ်ဝေးဝေး နေတတ်လာတယ်။ နှာခေါင်းစည်းဟာ အရှားပါးဆုံး ကုန်ပစ္စည်းတစ်ခု ဖြစ်လာတယ်။ အိမ်နားက ကုန်တိုက်မှာ အိမ်သာသုံးစက္ကူတစ်ထုပ် ရဖို့ မနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီအထိ တန်းစီရတယ်။ ဆန်တွေ ဝယ်လှောင်။ ဆီတွေ ဝယ်လှောင်လာကြတယ်။ ခေါက်ဆွဲခြောက်တွေ၊ ကြက်ဥတွေ၊ အစားအစာတန်းတွေမှာ ဗလာ။

တိုကျိုမှာရောက်နေတဲ့ ကျနော့်မိတ်ဆွေတချို့က ဆက်သွယ်လာကြတယ်။ နယ်မှာ အခြေအနေ ကောင်းရဲ့လား။ ကောင်းရင် ဆင်းလာချင်တဲ့အကြောင်း ပြောကြတယ်။ နယ်မှာလည်း အလုပ်အကိုင်မရှိလို့ ခွေနေရတဲ့ အကြောင်း ၊ အကယ်၍ လာချင်ရင် နေဖို့စားဖို့တော့မပူနဲ့လို့ ဖြေရတယ်။ ရှိသမျှပိုက်ဆံလေးကို မျှသုံးရမှာလို့ တွေးရင်း ခေါ်ခဲ့တာ။ ဒါပေမဲ့ ဘယ်သူမှ မလာကြဘူး။ လူတွေ လိုချင်တာ စားစရာနဲ့နေစရာ မဟုတ်ဘူး။ အလုပ်..အလုပ်ပဲ။

တစ်ခါတုန်းက လူတစ်ယောက်မေးဖူးတဲ့ မေးခွန်းကို သတိရမိတယ်။ မလေးရှားနဲ့ ဂျပန် ဘာကွာလဲတဲ့။ ကျနော် မဆိုင်းမတွ ဖြေလိုက်တယ်။ မလေးရှားမှာ လူတစ်ယောက်ကို လူတစ်ယောက်က ကူညီဖို့ဆိုတာ အလွန်လွယ်တယ်။ တစ်လ၊ နှစ်လတော့ ဘော်ဒါအချင်းချင်း တင်ကျွေးထားနိုင်တယ်လို့။ ဂျပန်ကတော့ လူတစ်ယောက် မပြောနဲ့လူ ၅ယောက်လောက်က လူ ၁ ယောက်ကို တင်ကျွေးမထားနိုင်ဘူးလို့။ အဲဒီမေးခွန်းကို ဖြေခဲ့တုန်းက ငါဖြေလိုက်တာ စောများစောလွန်းသွားသလားလို့ ထင်မိပေမယ့် အနေကြာလာတာနဲ့ အမျှ တိတိကျကျကို ဖြစ်တယ်ဆိုတာ သေချာလာတာပါပဲ။

ဂျပန်မှာရောက်နေတဲ့ လူအများစုဟာ ထမင်းကျွေးထားမယ်။ နေစရာပေးမယ်။ ဘာမှ မလုပ်ဘဲ ထိုင်စားနေလို့ ပြောရင်တောင် ဘယ်သူမှလက်ခံကြမှာမဟုတ်ဘူး။ အားလုံးဟာ အလုပ်စွဲနေကြပြီ။ ရောဂါပေါ့။ တစ်နေကုန် မအိပ်ဘဲ အလုပ်လုပ်ဆိုရင် လုပ်မယ့်သူ ရှိပေမယ့် ဘာအလုပ်မှ မလုပ်ဘဲ တစ်
နေကုန် အိပ်ဆိုရင်တော့ ဓားမိုးထားတောင် အိပ်မယ့်သူမရှိဘူး။ သူက ဘယ်နှနာရီလုပ်လို့ တစ်လကို သိန်းဘယ်နှဆယ် ပို့နိုင်တာ။ ငါက ဘယ်နှနာရီပဲ လုပ်လို့ နည်းနည်းပဲ ပို့နိုင်တာ စသဖြင့် လူ့တန်ဖိုးကို ဝင်ငွေနဲ့ တွက်တဲ့နေရာမှာ ဂျပန်ဟာ စံပဲ။ ကိုဗစ်ကာလမှာ အလုပ်နဲ့လက်နဲ့တစ်ဆက်တည်း မြဲနေတဲ့သူဟာ မဲနိုင်လို့ လွှတ်တော်ထဲ ရောက်နေတဲ့ ကိုယ်စားလှယ်လောင်းတွေလိုပဲ။

ကျနော်ဟာ သမီးတို့စုဘူးကလေးကျေးဇူးနဲ့ တစ်လခွဲ၊ နှစ်လလောက် အိမ်လစာ၊ စာရေးနေရေး အဆင်ပြေပေမယ့် ရေရှည်မှာတော့ မလွယ်လှဘူးဆိုတာ သိနေတယ်။ တစ်နေ့တစ်နေ့ ကျနော့်အတွေးထဲမှာ အလုပ်..အလုပ်လို့ပဲ ဖြစ်နေတယ်။ မြန်မာနိုင်ငံက ကျနော့်မိတ်ဆွေ အများစုဟာ အလုပ်မရှိလို့၊ ဝင်ငွေမရှိလို့စသဖြင့် ညည်းညူနေကြတဲ့ စာတွေတင်ကြတာကို တွေ့ရတော့ မပြေလည်တိုင်း ကြိတ်မှိတ်နေတတ်တဲ့ အလေ့အထလေးဟာ ကောင်းတော့ ကောင်းသားလို့ တွေးမိတယ်။ တချို့ဆို အွန်လိုင်းဈေးသည်တွေ ဖြစ်ကုန်ကြတယ်။ ကျနော်တို့မှာ လုပ်အားကိုပဲ ရောင်းစရာ ရှိတယ်။ အဲဒီလုပ်အားကိုမှ ဝယ်မယ့်သူ မရှိရင် မတွေးရဲစရာပဲ။

အလုပ်ကတော့ ရှာလို့မရနိုင်သေးတာ သေချာပြီ။ ငါဘာလုပ်မလဲ။ ကျနော့်ကိုယ်ကျနော် ပြန်မေးရင်း နောက်ဆုံးတော့ အလုပ်တစ်ခုကို ကျနော် တွေးမိတယ်။ စာရေးရမယ်။ ဟုတ်တယ်။ စာရေးရမယ်။ စာရေးခြင်းဟာ အလုပ်ပဲ။ ဆရာ မြသန်းတင့်ရဲ့ ရုံးတက်သလို စာရေးတယ်ဆိုတဲ့ စကားကို ကျနော် ပြန်အမှတ်ရတယ်။ ဆရာ့လောက် မရေးနိုင်ရင်တောင် ရေးတော့ ရေးနေရမယ်လို့ ကျနော့်ကိုယ်ကျနော် သတိပေးဖြစ်တယ်။ အဲဒါနဲ့ ကျနော်ဟာ စာအုပ်တစ်အုပ်ကို စရေးဖြစ်ခဲ့တယ်။ (အဲဒါဟာ ကျနော့်ရဲ့ တတိယလုံးချင်းလေး ဖြစ်လာပါလိမ့်မယ်) စာရေးသူတစ်ယောက်ဟာ စာရေးနေရုံနဲ့မလုံလောက်ဘဲ
စာလည်းဖတ်ရမယ် မဟုတ်လား။ ဒါပေမဲ့ ကိုဗစ်ကာလမှာ ဘယ်လိုစာအုပ်မျိုးကိုမှ ဂျပန်ကို မှာလို့မရခဲ့ဘူး။ စာငတ်တဲ့ ရောဂါဟာ အတော်ဆိုးပါလားလို့ အဲဒီရက်တွေမှာ ပိုတွေးမိတယ်။

တခြားစာရေးဆရာတွေရဲ့ စာအုပ်တွေကို ဖတ်ဖို့မဆိုထားနဲ့ မေလတုန်းက ကိုဟန်လေးရဲ့ ဇလပ်နီစာပေကနေ ထုတ်ဝေဖြန့်ချိထားတဲ့ ကျနော့်ဝတ္ထုတိုပေါင်းချုပ်စာအုပ်တောင်မှ ကျနော့်ဆီ မရောက်သေးဘူး။ ကိုင်မကြည့်ဖူးသေးဘူး။ ကိုယ့်သားသမီးကို အဝေးကနေ လှမ်းငေးနေရတဲ့ ဝေဒနာမျိုးပေါ့။ စာရေးသူတစ်ယောက်ဟာ စိတ်နှလုံးချမ်းမြေ့နေမှ စာရေးလို့ရတယ်လို့ ဆရာကြီးတစ်ယောက်ရဲ့ အဆိုကို ကြားဖူးပေမယ့် စာရေးစားပွဲကို စထိုင်လိုက်တာနဲ့ မချမ်းမြေ့စရာတွေကို စိတ်ထဲက မောင်းထုတ်ထားနိုင်ခဲ့ရင်လည်း စာရေးလို့ရနေတာကို ကျနော် တွေ့တယ်။ ပြီးတော့ ကြီးပွားရေး၊ ချမ်းသာရေးတွေ ရေးနေပေမယ့် သူကိုယ်တိုင် မွဲတေနေပါတယ် ဆိုတဲ့ ဆရာကြီး ပီမိုးနင်းကိုလည်း သွားသတိရမိသေးတယ်။ ကျနော်ဟာ နီးစပ်ရာကို ဆွဲပြီး အားယူကြည့်တဲ့ သဘောနဲ့ မတော်မရော်တွေ လျှောက်တွေးဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာကတော့ ရေးဖြစ်ခဲ့တယ်။

စာရေးစားပွဲမှာ ထိုင်နေတဲ့အခါ ကျနော့်စိတ်တွေဟာ ဒုက္ခအပေါင်းကို မေ့ထားနေတတ်ပြီး စာရေးစားပွဲက ခွာလိုက်တာနဲ့ အလုပ်အလုပ်၊ အလုပ်ကို ဘယ်မှာ ရှာရမလဲလို့တွေးပူမိတတ်တယ်။ တစ်နေ့တော့ Facebook ကနေ post တစ်ခုကျနော် သွားတွေ့တယ်။ ဖျက်ခဲ့မိတဲ့ contact number တွေကို ပြန်ရှာလို့ရတဲ့နည်းတဲ့။ ကျနော် အတော်ပျော်သွားတယ်။ အဲဒါနဲ့ကျနော် ချက်ချင်းပဲ ရှာကြည့်လိုက်တော့ ကျနော် ဖျက်ပစ်ခဲ့ဖူးတဲ့ ဖုန်းနံပါတ်တစ်ခုကို ပြန်ရှာတွေ့တယ်။
တကယ်ပဲ ကျနော် ဖျက်ပစ်ဖူးတဲ့ ဖုန်းနံပါတ်တစ်ခု။ ဟတ်ကင်းတစ်ယောက်ရဲ့ဖုန်းနံပါတ်တစ်ခု။ အရင်က အဲဒီ ဟတ်ကင်းကနေတစ်ဆင့် ကော်ဘူးစက်ရုံတစ်ရုံမှာ ကျနော် အလုပ်ဝင်ဖူးတယ်။ လစာကောင်းတယ်။ မှတ်မှတ်ရရ မြန်မာပြည်အပြင်ဘက် လုံးချင်းဝတ္ထုရှည်ထွက်တဲ့ကာလကြီး။ အလုပ်ချိန်က ည ၈ နာရီကနေ မနက် ၈နာရီအထိ။ စနေနေ့တွေဆိုရင် အချိန်ပို ၇ နာရီလောက် လုပ်ရလို့ အလုပ်ချိန်ဟာ စုစုပေါင်း ၁၅ နာရီအထိ လုပ်ရတဲ့ အလုပ်ပေါ့။ ဒီလောက် အလုပ်ချိန်တွေများများ လုပ်နေရရင် ငါ စာရေးဖြစ်တော့မှာ မဟုတ်ဘူးဆိုပြီး အဲဒီအလုပ်ကနေ ကျနော် ထွက်ထားခဲ့တာ။ ပိုက်ဆံများများ ရှာဖို့ဆိုတဲ့ အတွေးရှိတဲ့ သူတွေအတွက်တော့ ကျနော့်အတွေးဟာ ရယ်စရာကြီး ဖြစ်နေမှာပေါ့။

ပြန်တွေ့တဲ့ ဟတ်ကင်းရဲ့ဖုန်း နံပါတ်ကို ကျနော် ဆက်လိုက်တော့ သူကလည်း ကျနော့်ကို ချက်ချင်းမှတ်မိတယ်။ မှတ်မိနေတာကလည်း ကျနော် သူနဲ့အလုပ်စလုပ်တော့ မြန်မာလူမျိုး အလုပ်သမားကို သူစသိခဲ့တာ ကျနော်နဲ့မှလေ။ အရင်က သူတို့ရုံးကနေ မြန်မာအလုပ်သမား မသွင်းဖူးတော့ စသိတဲ့ ကျနော့်ကို မှတ်မိနေတော့တာပေါ့။ ကျနော်ကနေတစ်ဆင့် မြန်မာအလုပ်သမားတွေ ထပ်ရဖို့ သူ ကြိုးစားသေးပေမယ့် ကျနော် မလုပ်နိုင်ခဲ့ဘူး။
ဖုန်းကို ဟတ်ကင်းဘက်က ကိုင်လိုက်တာနဲ့'မင်္ဂလာပါ' လို့နှုတ်ဆက်ပြီး ကျနော့်ကိုယ်ကျနော် မိတ်ဆက်ရင်း 'ကျနော် အလုပ်လိုချင်လို့ပါ'လို့ပြောလိုက်တယ်။

''မင်း..ဂူးမားကို ပြန်ရောက်နေပြီလား''

သူ မေးမှ ကျနော် သတိပြန်ရတယ်။ အလုပ်ထွက်တုန်းက ကျနော် တိုကျိုတက်မယ်၊ အဲဒီမှာ အလုပ်သွားလုပ်မယ် ဆိုပြီး ထွက်ထားခဲ့တာမို့လား။

''ဟုတ်တယ်။ ကျနော် ပြန်ရောက်နေပြီ။ အခု အလုပ် လိုချင်လို့ပါ။  အိုနဲ ငါးအိရှိမတ် ''ဆိုပြီး  မေတ္တာရပ်ခံပါတယ် ..ကူညီပါလို့ ကျနော် ပြောလိုက်တယ်။

''အိုကေ။ ရုံးကို လာခဲ့လေ။ မင်းကိုယ်ရေးအချက်အလက်တွေ လာပေးဦး''

''ဟုတ်ကဲ့ပါ။ အခုပဲ လာခဲ့ပါ့မယ်'' ဆိုပြီး ကျနော်သူ့ရုံးကို ချက်ချင်းပြေးသွားတယ်။ လိုအပ်တဲ့ အချက်အလက်တွေ ထပ်ပေးလိုက်တယ်။ ဘုရားမတာပါပဲ။ ကျနော်ဟာ အဲဒီဟတ်ကင်းကနေတစ်ဆင့် အိမ်ကနေ ဆယ်မိနစ်လောက်ပဲ ကားမောင်းသွားရင် ရောက်တဲ့ အလုပ်သစ်တစ်ခုကို ရခဲ့တယ်။ အလုပ်က ချောကလက်ဘူးခွံတွေ အအေးဘူးခွံတွေ ထုတ်တဲ့စက်ရုံ။ နာရီကြေးကတော့ နည်းတယ်။ တစ်နာရီ ၁၁၅၀။  ဘယ်တတ်နိုင်တော့မလဲ။ နာရီကြေးနည်းလည်း လုပ်ရတော့မှာပဲလို့ တွေးရင်း အဲဒီအလုပ်ကို ကျနော် ချစ်ချစ်ခင်ခင်ကြီးကို လုပ်နေမိတယ်။

ပထမဆုံးလမှာ တစ်လကို ရက် ၂၀ အလုပ်ဆင်းရပြီး အချိန်ပို နာရီ၂၀ ကျော်ရလို့ ကိုဗစ်ကာလမှာ သက်တောင့်သက်သာနဲ့ လုပ်ပျော်တဲ့ အလုပ်ပဲလို့တွေးမိတယ်။ အဲဒီက ရတဲ့လစာကို သမီးတို့စုဘူးလေး ဖောက်တုန်းက ရတဲ့၊ ကျနော်သုံးခဲ့တဲ့ ပိုက်ဆံကို အတိအကျ ပြန်ဆပ်နိုင်ခဲ့တယ်။ အဲဒီနေ့က အပျော်ဟာ ကိုဗစ်ကာလမှာ ပထမဆုံး ပြန်လည် ဖမ်းယူရရှိတဲ့ အပျော်ပါပဲ။ သမီးတို့ကျေးဇူးကို ပြန်ဆပ်ခွင့် ရခဲ့တာပါပဲ။

ဒုတိယလကျတော့ စက်ရုံက အချိန်ပို နာရီ တစ်နာရီမှ မပေးနိုင်တော့ဘူး။ အချိန်ပို မပေးနိုင်တော့တဲ့အပြင် စက်ရုံဟာ ရပ်တော့မှာလိုလို၊ လူတွေပဲ လျှော့တော့မှာလိုလိုနဲ့သတင်းတွေ ကြားလာရတယ်။ အလုပ်ကို ဝင်တာနဲ့ အဖျားတိုင်းရတယ်။ နေ့စဉ်မှတ်တမ်းရေးရတယ်။ ထမင်းစားတဲ့အခါ အရင်က ၆ ယောက်ထိုင်တဲ့ ခုံကို ၂ ယောက်ပဲ ထိုင်ရတော့တယ်။ ကိုဗစ်ဟာ ကြံ့ခိုင်လှပါတယ်ဆိုတဲ့ ကျနော့်ရဲ့စိတ်ကို ဖြည်းဖြည်း ဖဲ့ခြွေနေတယ်။ အလုပ်ရလို့ပျော်နေတဲ့ စိတ်ဟာ နေမိတဲ့ နှမ်းပင်နုနုတွေလို ညှိုးလျော်လာခဲ့တယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလို့တွေးရင်း အလုပ်ကို ပုံမှန်သွားတယ်။ ကြိုးစားလုပ်တယ်။

ဒုတိယလကုန်လို့ နောက်ဆုံးနေ့ အလုပ်ကနေ အိမ်လည်း ပြန်ရောက်ရော ဟတ်ကင်းဆီကနေ ဖုန်းဝင်လာတယ်။

''ဇော်..မင်း ဘယ်မှာလဲ''

''ကျနော် အိမ်မှာပါ။ အခုပဲ အလုပ်က ပြန်ရောက်ပါတယ်''

''အဆင်ပြေရင် မင်းအိမ်နားက ဆဲဗင်းအလဲဗင်းကို လာခဲ့ပါလား''

စိတ်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။ ဘာအကြောင်းကိစ္စမှ မရှိဘဲ အခုလို တကူးတက တွေ့စရာမှ မရှိတာကိုး။

''ဟုတ်ကဲ့ ကျနော် အခုပဲ လာခဲ့ပါ့မယ်''ဆိုပြီး ကျနော် ဆဲဗင်းအလဲဗင်းကို ပြေးသွားလိုက်တယ်။
ကျနော်ရောက်သွားတော့ အဲဒီစက်ရုံမှာ ကျနော့်အရင် တစ်လကျော်လောက် စောဝင်နေတဲ့ မကွေးက သူငယ်ချင်းကလည်း သူ ကားလေးနဲ့ ရောက်နှင့်နေတယ်။ သူကလည်း ဟတ်ကင်းက ခေါ်လို့လာတာလို့ ပြောတာမို့ သူနဲ့ကျနော် အတူတူပဲ ဆိုတာ သိလိုက်ရတယ်။ ဟတ်ကင်းလည်းရောက်နေတာမို့ ကျနော်တို့နှစ်ယောက် သူ့ကားပေါ် တက်လိုက်ကြတယ်။

''ဂေါ်မန်းနာစိုင်းနယ်။ အလုပ်က နောက်လကုန်အထိပဲ လုပ်ရတော့မယ်။ ကိုဗစ်နှိပ်စက်လို့ အလုပ်တွေ အော်ဒါမရှိတော့ဘူး။ မင်းတို့အပါအဝင် ဘင်္ဂလားဒေရှ့်တွေ နီပေါတွေလည်း အလုပ်ဖြုတ်ခံရတယ်။ အလုပ်ဖြုတ်ကြောင်း တစ်လကြိုပြောချင်လို့ အခုလို ခေါ်လိုက်တာပါ။ ဒီမှာ လက်မှတ်ထိုးပေးပါ" ဆိုပြီး ဆီးပြောတယ်။ တကယ်လို့ ဖြစ်လာခဲ့ရင်လို့ ကြိုတွေးမိထားပေမယ့် တကယ် ဖြစ်လာတဲ့အခါ ဖမ်းဆွဲမိတဲ့ ကောက်ရိုးလေးတစ်မျှင်ဟာ ကြာကြာမခံပါလားလို့ တွေးရင်း ကြေကွဲမိတယ်။
ဘယ်တတ်နိုင်ပါ့မလဲ။ ခုလကုန်ရင် အလုပ်ကနေ ထုတ်မယ်ဆိုတာကို သိတဲ့အကြောင်း၊ သဘောတူတဲ့အကြောင်း လက်မှတ်ထိုးပေး လိုက်ရတော့တယ်။ ကျနော့်ဘဝမှာ ပထမဆုံးအလုပ်က အထုတ်ခံရဖူးတဲ့ အဖြစ်အပျက်ပါပဲ။ ဒါဟာ ကိုဗစ်ကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့်လဲ။

အဲဒီကာလဟာ ဂျပန်အစိုးရက ကြေညာထားတဲ့ အရေးပေါ်ကာလကို ဖြေလျှော့ပေးလိုက်တဲ့ NEW NOMAL ကာလတွေပါပဲ။ ဘယ်မသွားရ၊ ဘာမလုပ်ရ စတဲ့ ကန့်သတ်ချက်တွေ တင်းကြပ်တာမျိုး မဟုတ်ပေမယ့် ကိုယ့်အသိနဲ့ကိုယ် နေရထိုင်ရမယ့် ကာလတွေပေါ့။  ဟတ်ကင်းပေးတဲ့ စာရွက်မှာ
လက်မှတ်ထိုးပြီးတာနဲ့ ကျနော်အိမ်ကို ပြန်လာခဲ့တယ်။

တံခါးကို ဖွင့်ပြီး အိမ်ထဲ ဝင်လိုက်တာနဲ့ အာဘေး ပို့ပေးတဲ့ နှာခေါင်းစည်းနှစ်ခုဟာ အိမ်ထဲမှာရောက်နှင့် နေတယ်။ နှာခေါင်းစည်းနဲ့အတူ စာအိတ်တစ်အိတ်လည်း ပါတာမို့ဖောက်ကြည့်လိုက်တာ့ ဂျပန်အစိုးရက တရားဝင်နေထိုင်ခွင့် ဗီဇာရှိသူတိုင်းကို ပေးတဲ့ ဂျပန်ယန်း ဆယ်သောင်း (မြန်မာငွေ
၁၃သိန်းကျော်) ကို ရပ်ကွက်ရုံးကနေတစ်ဆင့် လျှောက်ယူလို့ရတဲ့ စာရွက် ဖြစ်နေတယ်။

ဒါဟာ အဆိုးထဲက အကောင်းပဲ။  ဂျပန်အစိုးရဟာ အစက သူ့နိုင်ငံသားတွေကိုပဲ ယန်း ၁၀ သောင်း ထောက်ပံ့မယ်လို့ အစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပေမယ့် အတိုက်အခံ ပါတီတွေရဲ့ ဝိုင်းဝန်းထောက်ပြမှုကြောင့် နိုင်ငံခြားသားတွေကိုပါ ယန်း ၁၀ သောင်းထောက်ပံ့ဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်တယ်။ အဲဒီသတင်းကို ကြားတော့ မြန်မာပြည်က အသိမိတ်ဆွေတွေက မေးကြမြန်းကြတယ်။ ယန်း ၁၀ သောင်းရမယ်ဆို။ ကံကောင်းတာပဲ။ ပျော်စရာကြီးပေါ့။ ကိုယ့်အတွက် ဝမ်းသာပေးတဲ့သူတွေကို ကျေးဇူးတင်ပေမယ့် ကျနော် ဘယ်လို ပြန်ဖြေရမှန်း မသိဘူး။ ဂျပန်မှာ ပုံမှန်အလုပ်ရှိနေတဲ့ လူအတွက်
ယန်း ၁၀ သောင်းဟာ အမိမြေကို ပြန်ပို့ခွင့်ရလို့ သိသိသာသာ ထူးခြားပေမယ့် အလုပ်မရှိ အကိုင်မရှိ၊ ဆွေးမရှိ၊ မျိုးမရှိသူတွေအတွက်တော့ ယန်း ၁၀ သောင်း(မြန်မာကျပ် ၁၃ သိန်းကျော်)ဟာ လွန်ရော သုံးရလှ နှစ်လပါပဲ။

(တချို့ဂျပန်အစိုးရက ပေးတဲ့ ယန်း၁၀ သောင်းကို အိမ်ကို ပြန်ပို့နိုင်လို့ ဂုဏ်ယူတဲ့အကြောင်းတွေ တင်နေတာတွေ့တယ်။ အမှန်ကတော့ အဲဒီ ယန်း ၁၀ သောင်းဟာ ကိုယ့်တိုင်းပြည်ကို ပြန်ပို့ဖို့မဟုတ်ဘဲ ဂျပန်နိုင်ငံအတွင်းမှာသာ နိုင်ငံ့စီးပွားရေး ပြန်လည် လည်ပတ်ဖို့ အသုံးပြုစေချင်တာက အဓိက ရည်မှန်းချက်တယ်ဆိုတာကို မသိကြပါဘူး။ ကျနော်ကတော့ ဂျပန်အစိုးရဲ့စီမံမှုကို အတိအကျ လိုက်နာသယောင် ဖြစ်သွားတာပေါ့။ ဝင်ငွေမရှိတော့ အဲဒီ ၁၀ သောင်းကို ဂျပန်ပြည်တွင်းမှာပဲ သုံးလိုက်ရလို့လေ)

ယန်း ၁၀ သောင်းအတွက် ဂျပန်အစိုးရကို ကျေးဇူးတင်စရာ ကောင်းပေမယ့် ကျနော်တို့ တကယ်လိုချင်ခဲ့တာက အလုပ်ပါ။ ပုံမှန်ဝင်ငွေရှိမယ့် အလုပ်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်မှာရှိတဲ့ လူသားအားလုံးရဲ့ဘဝကို အလုပ်နဲ့တည်ဆောက်ထားတာ ဖြစ်လို့ပါပဲ။ ဂျပန်မှာတော့ အလုပ်ဟာ အသက်သမျှ အရေးကြီးပါတယ်။ အလုပ်မရှိတဲ့ လူဟာ ဘက်ထရီမရှိတဲ့ ဖုန်းလိုပါပဲ။
ဒါနဲ့ပဲ ကျနော်ဟာ ဂျပန်အစိုးရက ပေးတဲ့ ယန်း ၁၀သောင်းကို ထုတ်ပြီး နောက်ထပ်အလုပ်တစ်ခု ရဖို့ ကြိုးစားရပြန်ပါတယ်။ ကျနော် သိသမျှ ဟတ်ကင်း(အလုပ်ရှာပေးတဲ့ ကုမ္ပဏီ)တွေကို ပိုက်စိပ်တိုက် ဆက်သွယ်ရတော့ ပြန်တာပါပဲ။ ကံကောင်းထောက်မစွာနဲ့ ဟတ်ကင်းတစ်ယောက်နဲ့ ကျနော်
ထပ်ချိတ်မိပါတယ်။ ဟတ်ကင်းက ကိုယ်ရေးအချက်အလက်တွေ တောင်းလို့ပို့လိုက်တော့ အလုပ်..အလုပ်လို့ အရေးတကြီး ရှာနေခဲ့တဲ့ ကျနော့် ဗီဇာကတ်က သက်တမ်းကုန်နေတာကို အဲဒီတော့မှ သတိပြန်ထားမိလိုက်ပါတယ်။ ကိုဗစ်ကြောင့် အရေးတကြီး တိုးစရာမလိုဘူးဆိုတဲ့ အစိုးရရဲ့ ကြေညာချက်ကြောင့် ကျနော်ဟာ ဗီဇာသက်တမ်းကုန်နေတာကို သွားမတိုးဘဲ ထားခဲ့မိတာပါ။ ဗီဇာသွားတိုးရမှာကလည်း တိုကျိုဆိုတော့ ကြောက်နေမိ၊ ရောဂါကူးမှာ စိုးနေမိတာလည်း ပါတာပေါ့။

''အလုပ်က ရှိတယ်။ ဒါပေမဲ့ ဗီဇာမတိုးဘဲနဲ့မင်းကို အလုပ်ထည့်ပေးလို့မရဘူး''

ဟတ်ကင်းနဲ့ဖုန်းပြောပြီးသွားတော့ ကျနော် ခေါင်းဟာ မီးတောက်လာပြန်တယ်။ တိုကျို။ ကိုဗစ်ကာလမှာ ကူးစက်မှု အများဆုံး။ လူတွေ အရှောင်ဆုံး။ လူနေအထူထပ်ဆုံး တိုကျို။ မဖြစ်မနေ သွားရတော့မယ်။ ရထားနဲ့သွားရင်တော့ ရောဂါကို လိုက်ရှာနေသလို ဖြစ်မှာ သေချာတယ်။ ဒါဆို
ကားနဲ့သွားရမှာပေါ့။ လမ်းလည်းမသိ၊ တစ်ခါမှ လည်း ကားနဲ့မသွားဖူးတဲ့ တိုကျိုလို မြို့ကြီးကို တစ်ယောက်တည်း ကားနဲ့သွားမယ့်အစား  စစ်ပွဲတစ်ပွဲလောက်ဖြစ်ဖြစ် တိုက်ပစ်လိုက်ချင်တယ်။ မသွားချင်ဘူး။ မသွားရဲဘူး။ ဒါပေမဲ့ သွားကို သွားရမယ်။ ဗီဇာသက်တမ်းတိုးမှသာ သေချာပေါက် အလုပ်ရမယ်။ အလုပ်ရမှ ဆက်လက် ရပ်တည်နိုင်မယ်။ ဒါ့ကြောင့် ကျနော်ဟာ တိုကျိုကို ကားနဲ့ သွားရဲအောင် သွားမှရမယ်။

အပိုင်း(၆)
ဂျပန်ရဲနဲ့ထိပ်တိုက်တွေ့ခြင်း(ဆက်ရန်)

No comments: