မရေးချင်ဘူး။ ဒါပေမဲ့ ရေးကိုရေးရမှာ။
အဲဒီတုန်းက ကျနော့်အသက် ၅ နှစ်။ သူငယ်တန်းလေး
တက်နေတဲ့ အချိန်ပေါ့။
တနေ့တော့ အိမ်မှာ အတူနေတဲ့ ဆွေမျိုး အကိုနဲ့ နွား
ကျောင်း လိုက်သွားခဲ့တယ်။ အရင်က တခါမှ မလိုက်
ဖူးဘူး။ အဲဒီနေ့မှ လိုက်တာ။
ကျနော့်အမက ရေချိုးပေး၊ သနပ်ခါး လိမ်းပေး၊ အင်္ကျီ
အဝါလေး ဝတ်ပေးတယ်။ မှတ်မှတ်ရရပဲ။
နွားကျောင်းလိုက်တယ် ဆိုပေမယ့် ကျနော်က အပျော် သက်သက်ရယ်။ နွား မစီးတတ်ဘူး။ ဟိုပြေး ဒီဆော့ပေါ့။ မှတ်မိတာ တခုက နွားကျောင်းလိုက်ရင်း ဗောက်သီးတွေ အဝစားခဲ့ရတာပဲ။
ဗောက်သီးက လက်သန်းအဖျားဆစ်လောက်ပဲ ရှိတယ်။ မှည့်နေရင် အထဲက အစေ့လေးတွေကို မြင်နေရတတ်တယ်။ချိုချဉ်အရသာလေး။
ဟိုပြေးလိုက် ဒီပြေးလိုက် ဗောက်သီး စားလိုက်နဲ့ နွားသွင်းချိန်ရောက်လာတယ်။ နွေရာသီကြီး။ ကြက်သွန်ခင်းတခုထဲမှာ ရွာထဲက အမျိုးသမီးတွေက အလုပ်လုပ်
နေကြတုန်း။
အပြန်လမ်းမှာ လယ်ကန်သင်းတခုကို ကျနော် ခုန်ကျော် လိုက်တယ်။ သေချာကို ကြည့်ပြီး ခုန်လိုက်တာ။ ခုန်လိုက်ပြီး မြေပေါ်လည်း ပြန်ကျရော ကျ
နော့် ခြေသားလုံးကို အကောင်တကောင် ဆွဲတာ ခံလိုက်ရတယ်။
ကျနော်က ခွေးဆွဲတာလို့ ထင်တာ။ ဆတ်ဆို ခြေသားလုံးကို ဆွဲလိုက်တာဟာ အသည်းထဲအထိ ဆူးနဲ့ ထိုးသလိုပဲ။ လန့်ပြီး လှည့်ကြည့်လိုက်တော့ မြွေ။ မြွေမှ အဝါကွက်တွေနဲ့။
အား..မြွေကိုက်ပြီ.မြွေကိုက်ပြီ
ကျနော်အော်တာ။ အသံကုန်အော်တာ။ အော်ရင်း လဲကျသွားတာပေါ့။
အဲဒီအချိန်မှာ ကိုအောင်စိုးမြင့်၊ ကျနော်တို့ ရွာအခေါ် ကိုဓာတ်ဖိုက ကျနော့်နားပြေးလာတယ်။
ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ
မြွေကိုက်တာဗျ..မြွေကိုက်တာ
ကိုဓာတ်ဖိုက မျက်နှာတချက် ပျက်သွားတယ်။
မဟုတ်ဘူး။ မပြောကောင်းဘူးတဲ့။
ကျနော်က ငြင်းတယ်။
တကယ်ဗျ ..တကယ်ကိုက်တာ..မြွေက အဝါကြီး
ကျနော်က ပြောတော့ ကိုဓာတ်ဖိုက မြွေကိုရှာတယ်။ မတွေ့ဘူး။ ချက်ချင်း နွားတကောင်ဆီပြေးပြီး နဖားကြိုးဖြုတ်တယ်။ ကျနော့် ခြေထောက်ကို ဒူးအထက်ကနေ စီးပြီး ကျနော့်ကို ထမ်းပြီး ရွာကို ပြေးတော့တာပဲ။
လမ်းမှာတွေ့တဲ့ လူတွေက ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ မေးပြီး ကျနော့်ကို အလှည့်ကျ ထမ်းရင်း ရွာကို ပြေးကြတာပေါ့။
ရွာရောက်တော့ အဖေက မရှိဘူး။ အမေက ငိုတာပဲ။
ဒဏ်ရာက။ ညာဘက်ခြေသားလုံးမှာ။
မဖြစ်နိုင်ဘူး။ မြွေကိုက်ရင် ခြေဖမိုးမှာပဲ ဖြစ်ရမှာ။ အခုက ခြေသားလုံးအထိဆိုတော့ မြွေမဟုတ်ဘူး။ ဆူးခြစ်တာ၊ ဆူးခြစ်တာ။
ငြင်းကြတာ။ မြွေကိုက်တယ်လို့ ပြောတာက ကျနော်
တယောက်တည်း။ လာကြည့်တဲ့လူ အကုန်က မြွေမဟုတ်ဘူးပဲ ပြောကြတယ်။
ဟုတ်မဟုတ်သိရအောင် ကြက်ပစ်ကွာဆိုပြီး ကြက်တကောင်ပစ် ရင်ကိုခွဲပြီး ဒဏ်ရာမှာ ကပ်လိုက်တော့
ကြက်ဟာ ချက်ချင်း ညိုပုပ်သွားတယ်။
ကံကောင်းစွာပဲ တောင်တွင်းကြီးက ပြန်လာတဲ့ အဖေဟာ မြောက်တံခါးအဝင်မှာ ကျနော့်သတင်းကို ကြားတယ်။ အဖေဟာ ထမ်းလာတဲ့ ဝက်ပေါက်ကလေးကို ပစ်ချပြီး အိမ်ကို ပြေးလာတယ်။
မြွေ ဟုတ်ဟုတ် မဟုတ်ဟုတ် ဆေးရုံသွားမယ်
လှည်းကောက်ပြီး ကျတော့်ကို လှည်းပေါ်တင်ပြီး ရွာကနေ ထွက်တယ်။ ကျနော်ဟာ ဆေးရုံ မရောက်ဘူး။
လမ်းမှာတင် သတိလစ်သွားတယ်။
အချိန်က ၈၈ အရေးအခင်း ကာလကြီး။ ဆေးတောင် ဝယ်ဖို့မလွယ်ဘူး။ မာရှယ်လော ထုတ်ထားတဲ့ အချိန်။
ကျနော် အသက် ရှင်ခဲ့တယ်။
အိမ်ကို အလောင်းသယ်ဖို့ လှည်းပြန်မှာ၊ လှည်းရောက်လာချိန်မှာ ကျနော် သေရွာက ပြန်လာခွင့် ရခဲ့တာပေါ့။အဲဒါဟာ ဘယ်သူ့ကျေးဇူးလဲဆိုရင် ကိုအောင်စိုးမြင့် ခေါ် ကိုဓာတ်ဖိုရဲ့ ကျေးဇူးပေါ့လေ။
ကျနော့်အသက်ကို ကိုဓာတ်ဖိုက ကယ်လိုက်ပေမယ့်
ကိုဓာတ်ဖို အသက်ကိုတော့ ကျနော် မကယ် လိုက်နိုင်ဘူးဗျာ။
အဖြစ်က ဒီလို။
တနေ့ ကျနော် ရွာကို အလည်ပြန်သွားတော့ ရွာထိပ်မှာ လူတယောက်နဲ့တွေ့တယ်။ သူက ကျနော့်ကိုတွေ့တော့
မေးတယ်။
မင်းတယောက်တည်းလားတဲ့
ကျနော် အံ့ဩသွားမိတယ်။
အလည်ပြန်လာတာ ကျနော်တယောက်တည်း မဟုတ်လို့ ဘယ်သူပါရဦးမလဲပေါ့။
ဟာ မင်းမသိသေးဘူးလား..တဲ့
ဟုတ် ဘာဖြစ်လို့လဲ ဆိုတော့
ဓာတ်ဖိုဆုံးပြီလေတဲ့
ကျနော် ခေါင်းကို ဆင်နင်းလိုက်သလိုပဲ။
ဟာ ဘာဖြစ်တာလဲ ဆိုတော့ မြွေကိုက်တာတဲ့။
ကျနော် ပြေးတယ်။ အိမ်ကို ပြေးတယ်။ ကိုဓာတ်ဖိုအိမ်နဲ့ ကျနော်တို့ အိမ်က လမ်းပဲခြားတာ။
ကိုဓာတ်ဖို.. ကိုဓာတ်ဖို..
ကျနော့် အတွေးထဲမှာ ကိုဓာတ်ဖို အကြောင်းတွေဟာ
ရုပ်ရှင်အနှေးပြကွက်လို ပေါ်လာနေတယ်။
ဆံပင် ညှပ်ပေးတတ်တဲ့ ကိုဓာတ်ဖို။ လေချွန် သင်ပေးခဲ့တဲ့ ကိုဓာတ်ဖို။ ကျနော့်ကို ရွာအထိ ထမ်းပြေးခဲ့တဲ့ကိုဓာတ်ဖို။ အနုပညာလက်ရာလေးတွေ သူ့ဘာသူ ဖန်တီးတတ်တဲ့ ကိုဓာတ်ဖို။ ကိုဓာတ်ဖို လို့ ခေါ်လိုက်ရင်
ဟေ လကွာလို့ လေချွန်ပြီး ထူးတတ်တဲ့ ကိုဓာတ်ဖို။
ကျနော် ရောက်သွားတော့ ကိုဓာတ်ဖိုဟာ အိမ်မှာ မရှိဘူး။ ရွာအပြင်မှာ ဆုံးလို့ အလောင်းကို ရွာထဲ သွင်းမရဘဲ ဘုန်းကြီးကျောင်းမှာ ထားရသတဲ့။
ကျနော် ဘုန်းကြီးကျောင်း ရောက်သွားတော့ ကျောင်းအောက်ထပ်မှာ ကိုဓာတ်ဖိုဟာ ပက်လက်ကလေး။ အလှ ကြိုက်တဲ့ ကိုဓာတ်ဖိုဟာ အလှဆုံး ပြင်ပေးထားခြင်းကို ခံနေရပေါ့။
ကိုဓာတ်ဖို မိန်းမ ( ကျနော့် အမဝမ်းကွဲ) ဟာ
ကျနော့်ကို ပြေးဖက်တယ်။
အမလေး ကောင်လေးရယ် နင် မကယ်နိုင်တော့ဘူးလားတဲ့။ အဲဒီမေးခွန်းဟာ ကျနော့်မျက်ရည်တွေကို
ဖောက်ထုတ် ပစ်လိုက်သလိုပဲ။ နင်မကယ် နိုင်တော့ ဘူးလားတဲ့။
ကျနော် ငိုတယ်။ ငါ့ကို ကယ်ခဲ့တဲ့ အကို။ ငါအလှည့်ကျတော့ .. ငါ့အလှည့် ကျတော့။ ကျနော် ငိုတယ်။ ကျနော် ငိုဖို့ပဲ တတ်နိုင်ခဲ့တာပဲ။ ကျနော် ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး အကိုရာ။
ကျနော်သာ တရက်စောခဲ့ရင် ခင်ဗျား မသေဘူးလို့
ကျနော် ရေရွတ်မိတယ်။
ကိုဓာတ်ဖို ပိုးထိတဲ့နေ့က လယ်ထဲမှာတဲ့။ လယ်ထွန်နေရင်း ရေထဲမှာ ထွန်ကို လာလာငြိတဲ့ အမှိုက်တွေကို ခြေထောက်နဲ့ ကန်ကန်ပြီး ဖယ်သတဲ့။ အဲဒီအချိန်မှာ ထွန်တုံးကို မြွေလာကပ်တယ်။ ကိုဓာတ်ဖိုက မြွေကို အမှိုက်လို့ထင်ပြီး ခြေထောက်နဲ့ ကန်ချလိုက်တယ်။
အဲဒီမှာ မြွေကိုက်တာပဲ။ မြွေက ရိုးရိုးမြွေ မဟုတ်ဘူး။ ငန်းပုပ်တဲ့။ ကျနော်တို့ ဘက်မှာ အဆိပ်အပြင်းဆုံး ဆိုတဲ့ မြွေ။
ကိုဓာတ်ဖိုဟာ ထွန်ဖြုတ်ပြီး ထွန်ပေါ်တက်ထိုင်ပြီး ရွာကို အပြင်းနှင်တယ်။ အိမ်ရောက်တော့ လူက ပြာနေပြီ။
ကိုဓာတ်ဖိုအမျိုးသမီးဟာ ကောက်စိုက်ရာကနေ သတင်းကြားတော့ စပါးပင်တွေ ရေပြည့်နေတဲ့ လယ်တွေထဲမှာ ရွာဆီပြေးတယ်။ ငိုလည်း ငိုလို့။ အမဟာ ရေတွေထဲ လဲကျတယ်။ ပြန်ထတယ်။ ပြေးတယ်။ ရွှံ့တွေ ရေတွေ စိုးရိမ် ပူပန်မှုတွေနဲ့ သူ့ယောကျ်ားဆီ အရောက်ပြေးတယ်။
ကိုဓာတ်ဖိုဟာ အိမ်မှာ ငြင်းတုန်း။ မြွေ မဟုတ်ဘူး၊ ဟုတ်တယ်။ ရွာတင် ကုမယ် မြို့သွားမယ် ငြင်းတုန်း။ လုံးဝ မဟန်တော့မှ လှည်းပေါ်တင်ပြီး မြို့ကို သွားတော့ လမ်းမှာတင် ကိုဓာတ်ဖိုဟာ အသက်ပျောက်သွားတယ်။
ကိုဓာတ်ဖိုကို သဂြိုဟ်ဖို့လုပ်ကြတော့ အလောင်းစင်မှာ စာရေးဖို့ လိုလာတယ်။ ကဲ ဘယ်သူရေးမလဲ။ ရေးမယ့်လူ မရှိဘူး။ ဘာလို့ဆို ရွာမှာ တခုခု ပွဲလမ်း သာရေး နာရေး အတွက် စာရေးရင် ကိုဓာတ်ဖိုက ရေးရတာကိုး။ ရေးသူကိုယ်တိုင်သေဆုံးတဲ့ နာရေးမှာ သေဆုံးသူရဲ့ အမည်ကို ရေးမယ့်သူ မရှိဘူး။
နောက်ဆုံးတော့ ကျနော်ရေးမယ်ဆိုပြီး ရေးရတယ်။
ကိုအောင်စိုးမြင့် အသက် ၃၂နှစ် လို့ သူ့အခေါင်းမှာ ကျနော် ရေးပေးခွင့်ရခဲ့တယ်။
ရေးနေရင်း ကျနော် ငိုမိတွေးမိတယ်။
ကိုဓာတ်ဖိုကို ဘယ်သူသတ်သလဲပေါ့။ တကယ်တော့
ကိုဓာတ်ဖိုကို သတ်တာ မြွေမဟုတ်ဘူး။
ကိုဓာတ်ဖိုကို သတ်တာ မသိနားမလည်ခြင်းဆိုတဲ့
မိစ္ဆာကောင်က သတ်လိုက်တာ။
#လူခါး
ကိုဓာတ်ဖို..သို့
၂၀၂၁-၁၁-၂၁၊ဂျပန်၊၁၁:၃၄မိနစ်
တိုကျိုအသွား ရထားပေါ်မှာရေးသည်
No comments:
Post a Comment