ဆီစက်က အလုပ်ခန့်လိုက်ပြီဆိုတော့ ကျွန်တော် အတော် ပျော်သွားတယ်။ မပျော်ဘဲ နေမလားဗျာ။ ဆီစက် အလုပ်
သမား ဆိုတာက ကျန်တဲ့ ပွဲရုံအလုပ်သမားတွေထက် နေ့
စားခ ပိုရတာကိုး။
ကျွန်တော် လက်ရှိလုပ်နေတာက ပွဲရုံတစ်ရုံမှာ။ မနက်
၇ နာရီ အရောက်သွားရတယ်။ တံခါးဖွင့်၊ ပဲဖတ်၊ နှမ်းဖတ် ၊ ပြောင်းဖူးစေ့ စတဲ့လက်လီအိတ်တွေ ထုတ်၊ ဆီကန်တွေ ဖြည့်။ အားလုံး ပြီးရင် မနက်စာစား။ မနက်စာဆိုလို့ ကြုံသလို မနက်စာ။ တစ်ခါတလေ မုန့်ပြားသလက်၊ တစ်ခါတလေ ကောက်ညှင်းပေါင်း။ တစ်ခါတလေတော့ နေ့လယ်စာနဲ့ ပေါင်းစားရတယ်။
၉နာရီထိုးတာနဲ့ ရထားတွေဆိုက်လာပြီး အနယ်နယ်က
တောင်သူတွေ အလျှိုလျှိုရောက်လာကြတော့တာပဲ။
ပဲ၊ပြောင်း၊နှမ်း၊ဆီ၊ ကြက်စာ အစုံရောင်းဝယ်တဲ့ ပွဲရုံဆို
ပါတော့။
ညနေအလုပ်သိမ်းချိန်က အတိအကျ မရှိဘူး။ အလုပ်ပြီးတဲ့ အထိပဲ။ တစ်ခါတလေ ညအိပ်နေတုန်းမှာအလုပ်ပေါ်ရင်
လည်း ပွဲစားက လာနှိုးတဲ့အခါ လုပ်ပေးရတယ်။ နေ့စားခက တစ်ထောင်။
အခု ဆီစက်အလုပ်ရလိုက်တော့ ကျွန်တော် အတော်
ပျော်သွားတယ်။ နေ့စားကကလည်း ၁၅၀၀ ရမယ်။
လုပ်ရမှာကလည်း ပွဲရုံ အလုပ်လောက် မပင်ပန်းဘူးလေ။
ဆီစက်ကို လာတဲ့ နှမ်းကားတွေလာရင် ချပေးရမယ်။
ညကျတော့ စက်လည်ရုံပဲ။ နှမ်းကားချတဲ့ အခက သက်သပ်ရသေးတယ်။
ဆီစက် အလုပ်သမားဖြစ်ဖို့ကလည်း အတော်တော့မ
လွယ်ဘူး။ အဖေက ဆီစက်မှာ ဘဝတစ်လျှောက်လုံး
လုပ်ခဲ့လို့ သားကိုလည်း ခန့်တာမျိုး။ လူဟောင်းရဲ့
ဆွေးမျိုး အသိ တွေကို ခန့်တာမျိုးတွေက များတယ်။
ကျွန်တော်က ဆီစက်မျိုးရိုး မရှိပေမယ့် ပွဲရုံမှာလုပ်ရင်း ဆီစက်တကာကို လက်တွန်းလှည်းတစ်စီးနဲ့ နှမ်းဆီ၊ ပဲဆီ၊ စားအုန်းဆီ၊ နှမ်းဖတ်၊ ပဲဖတ် လိုက်တိုက်နေရတော့ ဆီ
စက်ပိုင်တွေနဲ့ ရင်းနီးတာပေါ့။ အဲဒီ့ ရင်းနီးမှုကြောင့်ပဲ ဆီ
စက်မှာ အလုပ်ရတာ။
ဆီစက်အလုပ်က ကျွန်တော် လုပ်တဲ့ ပွဲရုံ အလုပ်တွေနဲ့
စာရင် အတော်သက်သာတယ်။
တစ်ညကို နှမ်း ဘယ်နှစ်တင်း ကျမလဲ။ နှမ်းတစ်တင်း
ကို ဆီဘယ်လောက် ထွက်မလဲ။ နှမ်းဖတ်(နဘတ်) ဘယ်လောက်ထွက်မလဲ ။ သူ့စံချိန် စံညွှန်းမီအောင် ကြိတ်ပေးရတယ်။ ဒါပဲ။
နဘတ်ထွက်နှုန်း ဆီ ထွက်နှုန်းကို ကျွန်တော် မမှတ်မိတော့ပေမယ့် နှမ်းဆီ တစ်ပေပါမှာ ဆီအသားချည်း ၁၁၅ ပိဿာရှိတယ်။စားအုန်းဆီဆို ၁၁၆ပိဿာ။
ဆီအပြည့်နဲ့ ပေပါပေါ် မေးစေ့တင်ပြီး လက်နဲ့ ပေပါအောက်ကို ကိုင်ပြီး မလိုက်ရင် ဆီအသား ၁၁၅ နဲ့ ပေပါ အလေးချိန်၁၅ ပိဿာ၊ စုပေါင်း ပိဿာချိန် ၁၃၀လောက်ဟာ စွေ့ခနဲပဲ။
ဆီ အပြည့်နဲ့ ပေပါကို ကတ္ထားဆီ လက်နှစ်ဖက်နဲ့ ထိန်းပြီး ထောင်လျက် လှည့်လှည့် တွန်းလာနိုင်ဖို့ကလည်း တော်ရုံ ကြံ့ခိုင်မှုနဲ့ မရဘူး။
ကျွန်တော် အဲဒါတွေ အကုန် လုပ်နိုင်တယ်။ ပွဲရုံမှာ
ဆီပေပါကို ကားပေါ်ကနေ ကုန်းဘောင်နဲ့ တွန်းချ ပွဲရုံထဲ
လှိမ့်သွင်း၊ ပွဲရုံထဲ ရောက်တာနဲ့ ပေပါကို ထောင်။ ဒါတွေ
လုပ်ခဲ့တဲ့ ကျွန်တော့်အတွက် ဆီစက်အလုပ်ကအတော်
သက်သာတယ်။
ဒါပေမဲ့ ဆီစက်မှာတော့ ကျွန်တော်က လူသစ်ဆိုတော့
နောက်လိုက်ပဲ။ နှမ်းကို စကာချ၊ ကြိတ်ဆုံထဲထည့်၊
နဘတ်ကျတဲ့ အိတ်ကိုလဲ။ တစ်ညလုံး ဆီစက်ထဲမှာပဲ
လုပ်နေရတယ်။ ဆီစက်မှာ အပင်ပန်းဆုံးက ဘက်ပြန်
ချိန်ပဲ။ စက်ရပ်ရင် ဒါမှ မဟုတ် မီးပျက်ရင် လည်လက်စ စက်ထဲက နဘတ်ခဲတွေကို နောက်ပြန် ထုတ်ရတာ။ လူအားနဲ့ လှည့်ရတာဆိုတော့ ချွေးကို ပေါက်ပေါက် ကျတယ်။
ဆီစက် စလည်တာနဲ့ စက်ပိုင်ရှင်တွေက ဆီစက်ကို အပြင်က သော့ခတ်ထားပြီး အိပ်နေကြတော့တာပဲ။
ကျွန်တော်တို့က အထဲမှာ အလုပ် လုပ်ပေါ့။
ဆီစက်ထဲမှာ အိမ်သာကအစ၊ ရေအေးစက်၊ ရေနွေး၊ လက်ဖက်သုပ်အထိ အကုန် အဆင်သင့်ပဲ။ တစ်ခုပဲ
ကျွန်တော်တို့ဟာ မနက်လုပ်ငန်းမပြီးမချင်း ဆီစက်ပိုင်တွေ တံခါးလာမဖွင့်မချင်း အပြင်ထွက်လို့မရဘူး။
ဆီ ဘယ်လောက် နဘတ်ဘယ်လောက် စတာတွေ အကုန် စာရင်းမှတ်၊ ဆီစက်ပိုင်တွေ လက်အပ်၊ ရေမိုးချိုး ၊ အဝတ်အစားလဲ၊ နေ့စားခယူ၊ပြန်။
ဒါဟာ နေ့စဉ်ပြုရတဲ့ ဆီစက် အလုပ်သမားတယောက်ရဲ့ အလုပ်ပဲ။
ဒါပေမဲ့ တစ်ရက် နှစ်ရက် သုံးရက် လုပ်လာတော့ ကျွန်
တော် တစ်ခု သတိထားမိလာတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော် နှမ်း တက်တက်ထည့်တဲ့ နှမ်းစင်ကြီးရဲ့ ပျဉ်ဘောင်မှာ စာတစ်ကြောင်း ရေးထားတယ်။
တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု ရှိရင် တို့ လက်တွဲလို့ ရပြီ…တဲ့။
တွေ့တွေ့ချင်း ဘာ အထာလဲပေါ့။ ဆီစက်ထဲ စဝင်ကတည်းက ပြန်တဲ့ အထိလည်း တံခါးပိတ်ထားသေးတယ်။ဒီစာကြီးလည်း ရေးထားသေးတယ် ဆိုတော့။ဘာကိုယုံကြည်မှုလဲ။ ဘာကို လက်တွဲတာလဲ။ ဘာလို့ ဒီစာကရှိနေတာလဲ။
ကျွန်တော် မနေနိုင်တော့ဘူး။ ကျွန်တော့်ရှေ့ကဆရာ(
စက်ပိုင်ရဲ့ လူယုံ)ကိုမေးကြည့်မိတယ်။ သူ့နာမည်က ကိုလှစိုးတဲ့။
ကိုလှစိုး ဒီစာက ဘာလို့ ရေးထားတာလဲ။
ကိုလှစိုးက ကျွန်တော့်အမေးကိုကြားတော့ တစ်ချက်ရယ်တယ်။
အရင်လူတွေက ဆီခိုးလို့ ..တဲ့။
ဟာ ။
ကျွန်တော် လစ်သွားတယ်။
အလုပ်စဝင်ကတည်းက အလုပ်ပြီးတဲ့အထိ တံခါးပိတ်
ထားတယ်။ ဆီကို ဘယ်လို ခိုးကြသလဲ။ကျွန်တော်လည်း ချက်ချင်း ပြန်ပြောလိုက်တယ်။
ဘယ်လို ခိုးမလဲ .. အစ်ကိုရာ။ တံခါးတွေလည်း ပိတ်
ထားတာကိုး။
ကျွန်တော့်စကားကို ကြားတော့ ကိုလှစိုးက ဆက်ပြော
တယ်။
ဆီကို ဒီဘက်ကနေ တံခါးကြားထဲ ပိုက်သွင်းပြီး ပိုက်နဲ့ ထည့်ပေးတယ်။ဟိုဘက်က ပုံးနဲ့ခံထားတယ်။ အဲဒါကို မိသွားဖူးတယ်..တဲ့။
ဟာ..အဲဒါ အရင် တုန်းက ကိစ္စလေ အစ်ကို။ အခုက ဘယ်သူက ဘာလုပ်မှာမို့လို့လဲ။
ကျွန်တော် မေးလိုက်တော့ ကိုလှစိုးက ဘာမှ မပြော
တော့ ဘူး။ သူ့အလုပ်သူ ဆက်လုပ်နေတယ်။ ကျွန်တော်လည်း မမေးတော့ဘူး။ ကိုယ် လုပ်စရာရှိတာလုပ်၊ မနက် အလုပ်ပြီးချိန်ရောက်တော့ လုပ်ခယူပြီး ပြန်လာခဲ့တယ်။
နောက်နေ့ အလုပ်ချိန်ရောက်လို့ ကျွန်တော် ဆီစက်ကို သွားတော့ ဆီစက်ပိုင်က တံခါးဝကနေ စောင့်ပြီး မင်း အလုပ် လာစရာ မလိုတော့ ဘူး..တဲ့။
ကျွန်တော် မအံ့ဩမိဘူး။
ဖြစ်လာနိုင်တာကို မနေ့ည အလုပ်မှာ ရှိနေကတည်းက ကျွန်တော် ကြိုတွေးထားခဲ့ ပြီးသားမို့လား။
မနေ့က အလုပ်က မပြန်ခင် ရေမိုးချိုး စာရင်းအပ်ပြီး
တော့ နှမ်းထည့်တဲ့ စင်မှာရေးထားတဲ့ တစ်ယောက်ကို
တစ်ယောက် ယုံကြည်မှုရှိရင် တို့လက်တွဲလို့ ရပြီဆိုတဲ့
စာကြောင်း အောက်မှာ တစ်ယောက်ကို တစ်ယောက်
ယုံကြည်မှု မရှိရင် တို့ လက်တွဲဖြုတ်လိုက်တာပဲ ကောင်းမယ်.. လို့ ကျွန်တော်က ရေးပစ်ခဲ့တာကိုး။
အဲဒီစာကြောင်းကြောင့် ကျွန်တော့်ကို အလုပ် ဖြုတ်လိုက်တာပေါ့လေ။ ဘယ်တတ်နိုင်မလဲ။ ကျွန်တော် ဆီစက်ထဲ မဝင်တော့ဘဲ အိမ်ဘက် ပြန်လာခဲ့တယ်။
အလုပ်ကတော့ မရှိတော့ဘူးပေါ့လေ။ ဒါပေမဲ့ တစ်
ယောက်ကို တစ်ယောက် ယုံကြည်မှု မရှိဘဲ လက်တွဲနေတာ
ထက်စာရင် အခုလို အတိအလင်း လက်တွဲ ဖြုတ်လိုက်တာ
ကပဲ ပိုကောင်းတယ်မဟုတ်လား။
လူခါး
၂၀၂၂-၀၅-၀၈
00:51,Japan
No comments:
Post a Comment