Friday, 20 May 2022

ကျွန်တော် စာ ဘယ်လိုရေးသလဲ



 ကျွန်တော့်ကို မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိတယ်။ အဲဒါက ကျွန်တော် စာ ဘယ်လိုရေးသလဲ ..တဲ့။ တစ်ကြိမ် နှစ်ကြိမ်လောက် အမေးခံရတုန်းက ကျွန်တော်လည်း ဖြေပြီး မေးခွန်းကို မေ့ပစ်လိုက်တာပဲ။ သိပ်အရေးကြီးတဲ့ မေးခွန်းမဟုတ်ဘူးလို့ ကျွန်တော် ယူဆမိလို့ပါပဲ။ 


 ဒါပေမဲ့ အမေးခံရဖန်များလာတော့ ကျွန်တော် ပြန်တွေး ဖြစ်တယ်။ သူတို့ ကျွန်တော့်ကို ဘာလို့ ဒီမေးခွန်းကို ထပ်ခါ ထပ်ခါ မေးနေကြတာလဲ။ ဖြစ်နိုင်တာကို ကျွန်တော်တွေ့တာကတော့ ကျွန်တော်ဟာ ၂၀၀၉ ခုနှစ် စာပေလောကထဲစရောက်၊ ပုံနှိပ်စာလုံးအဖြစ် စတင်ဖော်ပြခံရကတည်းက လူက တိုင်းတပါးမှာ အလုပ်လုပ်နေတဲ့ အောက်ခြေအလုပ်သမားတစ်ယောက်ပဲ။ အခု စာပေလောကမှာ ၁၀နှစ်ကျော် ဖြတ်သန်းပြီးလာတော့လည်း ကျွန်တော်က ပြည်ပမှာ အလုပ်လုပ်နေတဲ့ အောက်ခြေဝန်ထမ်း အလုပ်သမားတစ်ယောက်ပဲ။ စာစရေးစက မလေးရှား၊ အခုကျတော့ ဂျပန်။ နိုင်ငံလည်း ကွာတယ်။ လုပ်ရတဲ့အလုပ် ပေးရတဲ့အချိန်ကျတော့ အခုရောက်နေတဲ့ ဂျပန်ကပိုပြီး အချိန်ပေးရ အားထုတ်ရတယ်။


 မလေးရှားမှာ နေတုန်းက ဝတ္ထုတို၊ဆောင်းပါး၊ကဗျာလောက်သာရေးဖြစ်တဲ့ ကျွန်တော်ဟာ အချိန်ပိုပေးရတဲ့ ဂျပန်ကိုရောက်လာမှ ဘာလို့ လုံးချင်းအထိရေးဖြစ်နေတာလဲ၊ ရေးနိုင်ခဲ့တာလဲ။ ဂျပန်က အချိန်မရှိဘူးဆို။စက်ရုပ်လိုပဲဆို။ ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံနောက်ပဲ ပြေးလိုက်နေရလို့ အနုပညာခံစားဖန်တီးဖို့ အချိန်မရှိဘူးဆို။ ဒါဆို ခင်ဗျားက ဘာလို့ စာတွေ ရေးဖြစ်နေတာလဲ။


 ဒါကို စိတ်ဝင်စားကြတာလို့ ကျွန်တော် တွေးမိတယ်။ အဲဒီလို စိတ်ဝင်စားကြသူများအတွက် ၊အထူးသဖြင့် ကျွန်တော့်ထက်ငယ်တဲ့၊ စာပေလောကကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ စာရေးသူ ညီငယ်၊ညီမငယ်များအတွက် ကျွန်တော် ဒီစာကို ရေးဖြစ်ပါတယ်။ 


 (၁) ဆရာ ဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ်


 ကျွန်တော် မလေးရှား အိုဗာစတေးဘဝမှာ အလုပ်မျိုးစုံ၊နေရာမျိုးစုံ ပြောင်းရင်း ကွာလာလမ်ပူက ခမ်းမြင့်ဆိုတဲ့ ဆိုင်ကိုရောက်တော့ စာအုပ်တစ်အုပ်တွေ့တယ်။ စာအုပ်က နှစ်ကြောင်းရေး တစ်ကြောင်းခြစ်၊ ရေးသူ(ဘာသာပြန်)က ဆရာ ဦးဝင်းငြိမ်း။ စာအုပ်မျက်နှာဖုံးက စာရွက်ကို ဘောလ်ပင်လို လိတ်ပြီး သရုပ်ဖော်ထားတယ်။ 


 ကျွန်တော် ချက်ချင်းဝယ်လိုက်တယ်။ ပြီးတော့ အဲဒီစာအုပ်ကလေးဟာ ကျွန်တော့်ကို လူခါး ဖြစ်စေဖို့ အကောင်းဆုံး အထောက်အပံ့ ဖြစ်လာခဲ့တော့တာပဲ။ အလုပ်သွားအလုပ်ပြန်၊ အလုပ်လုပ်နေစဉ်၊ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကျွန်တော်နဲ့ အဲဒီစာအုပ်ကလေးဟာ တထပ်တည်းပဲ။ ပတ်စ်ပို့စာအုပ်မပါရင်နေမယ်။ အဲဒီစာအုပ်ကလေးက လက်ထဲ အမြဲပါတယ်။ ထမင်းနပ်ကျော်သွားရင် ကျော်လိမ့်မယ်။ အဲဒီစာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ပုဒ်ကို မဖတ်မိတဲ့နေ့ဆိုတာ မရှိခဲ့ဘူး။ 


 ကြာတော့ အဲဒီစာအုပ်ကလေးထဲက စာတွေ၊ရေးနည်းတွေ၊ စာရေးရင် လိုအပ်ချက်တွေ၊ စာဆက်ရေးလို့မရရင် လုပ်သင့်တာတွေ၊ အာရုံငါးပါးတို့၊ ဆောင်ရန်ရှောင်ရန်တွေက ကျွန်တော့်ခေါင်းထဲ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာတယ်။ အဲဒီစာအုပ်ထဲကပါတဲ့ ဆောင်းပါးတွေရဲ့ အညွှန်းအတိုင်း စာတွေ လိုက်ရေးကြည့်ခဲ့တယ်။  ကျွန်တော် ဂျပန်ရောက်တဲ့အထိ အဲဒီစာအုပ်ကလေးက အနီးမှာ ရှိနေတုန်း ပြန်ပြန်ဖတ်နေမိတုန်း။ စာရေးချင်တဲ့သူတွေက စာ ဘယ်လိုစရေးရမလဲဆိုရင် အဲဒီစာအုပ်ကို ညွှန်းဖြစ်တာ ရှိသလို အပြင်မှာလည်း ဆုံမယ်၊ လက်ထဲလည်း ပိုက်ဆံရှိတယ်ဆိုရင် ဝယ်ပေးလိုက်တဲ့အထိ အဲဒီစာအုပ်ကလေးဟာ စာ စရေးချင်သူတွေကို အထောက်အပံ့ ကောင်းကောင်းဖြစ်စေကြာင်း ကျွန်တော်ယုံကြည်တယ်။ 


 (၂) မောင်သာချို ပြောတဲ့ ကြူးနှစ် အကြောင်း


 ဆရာ မောင်သာချိုရေးဖူးတဲ့ ဖျတ်ခနဲတွေ့ရသော ကျွန်တော်တို့ရှေ့က ကြယ်တာရာများစာအုပ် ထဲမှာ ဆရာ ကြူးနှစ်အကြောင်းပါတယ်။ ဆရာ ကြူးနှစ်က ဝတ္ထုတိုတစ်ပုဒ်ကို နာရီဝက်အတွင်း ပြီးအောင်ရေးကြေး ပြိုင်မယ်။ အရင်ပြီးတဲ့သူက နောက်မှ ပြီးတဲ့သူကို လက်ဖြတ်ကြေးလို့ စိန်ခေါ်တဲ့ အကြောင်းပါတယ်။


 အဲဒီစာကို ဖတ်ပြီး ကျွန်တော် ဖျားသွားတယ်။ အချိန်က မလေးရှားက ပြန်လာခါက၊ ရွှေအမြုတေမှာ ရွှေအသစ်ဖြစ်ခါစ။ ပြည်ပက ပြန်လာခါစ အလုပ်ကလည်း မရှိသေးချိန်။ အေဖိုးစက္ကူတစ်ထုပ်ဝယ်ပြီး ကျွန်တော် အိမ်ပေါ်ထပ် တက်သွားတယ်။ ဆရာ ကြူးနှစ်က နာရီဝက်ကို ဝတ္ထုတိုတစ်ပုဒ်ပြီးတယ်။ ငါ ဘယ်လောက် ပြီးမလဲ။ အဲဒီလို အတွေးမျိုးနဲ့ ကျွန်တော် စမ်းကြည့်ဖို့ ကြံတော့တာပဲ။


 ကျွန်တော်ချရေးတော့တာပဲ။ ပထမဆုံး စာမူခေါင်းစဉ်တွေချည်း ချရေးတယ်။ စာရွက် ၆ ရွက်မှာ ခေါင်းစဉ်တစ်ခုပေါ့။ ရေးမယ်လို့ တွေးထားသမျှ ခေါင်းစဉ်တွေ အကုန်ချရေးလိုက်တယ်။ ပြီးတာနဲ့ ပထမဆုံး ရေးချင်စိတ် အဖြစ်ဆုံးစာမူကို စရေးတော့တာပဲ။


 ကျွန်တော် ဆရာ ကြူးနှစ်လို နာရီဝက်အတွင်း ဝတ္ထုတိုတစ်ပုဒ် မပြီးဘူး။ ကျွန်တော် ဘယ်လောက် ပြီးသလဲ ဆိုတော့ ၃ရက်ကို တစ်ပုဒ်နှုန်းနဲ့ တစ်လကို ဝတ္ထုတို ၁၀ ပုဒ်ပြီးတယ်။  အကုန်အချောသပ်ပြီးသည်အထိပဲ။ဆိုတော့ ၃ ရက်ကို ဝတ္ထုတိုတစ်ပုဒ် ကျွန်တော် ရေးနိုင်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် သိလိုက်တယ်။ အဲဒီလို လုပ်ခဲ့မိတဲ့ နောက်ပိုင်း စာရေးဖို့ ပျင်လာတဲ့အခါ စိတ်က မရေးချင်တာလား၊ ရေးစရာ ကုန်ကြမ်းမရှိလို့ မရေးဖြစ်တာလားကို ကျွန်တော့ဘာသာ သိလာခဲ့ပြီး ပြင်ဆင်လာနိုင်ခဲ့ စာတွေ ပိုရေးဖြစ်ခဲ့တယ်။


 (၃) ရွှေချစ်သူမှ ရွှေချစ်သူ..သို့ ပေးစာတစ်စောင်


 တစ်ခါက ရွှေအမြုတေ ရဲ့ ပေးစာတွေထဲက စာတစ်စောင်ကို ဆရာ ဦးဝင်းငြိမ်းက ပြန်ဖြေထားတဲ့ စာကို ကျွန်တော် ဖတ်လိုက်ရတယ်။ ပေးစာရေးတဲ့သူက စာအမြဲရေးဖြစ်အောင် ဘယ်လိုရေးရမလဲလို့ မေးထားတာကို ဆရာက ပြန်ဖြေထားတာ။


 ဆရာမောင်ဆွေသက်နဲ့ သရက်(မသက်ဆွေ)ဆိုတဲ့ စာရေးဆရာ ဇနီး မောင်နှံဟာ သူတို့ရဲ့ စာရေးစားပွဲမှာ ဒီနေ့စာရေးပြီးပြီလားလို့ ရေးထားတယ်တဲ့။ အဲဒီစာကို မြင်တိုင်း ငါတို့စာရေးပြီးပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီး စာရေးဖြစ်အောင် ရေးတယ်တဲ့။ အဲဒီလို လုပ်သင့်ကြောင်း ဆရာက စာပြန်ထားတယ်။


 ကျွန်တော်က အဲဒီအကြောင်းကို ဆရာ သက်ဦးမောင်နဲ့  ဆွေးနွေးတော့ ဆရာသက်က နေတိုင်းရေးရင် ကောင်းတာပေါ့တဲ့။ ကျွန်တော်က နေ့တိုင်းရေးလို့ မကောင်းရင်ရောဆိုတော့ မကောင်းရင် လွှင့်ပစ်၊ ကောင်းတာကို ယူပေါ့တဲ့။ အဲဒီ အချိန်ကတည်းက စပြီး အခုထိ အဲဒီအတိုင်း ကျွန်တော်လုပ်ခဲ့၊ လုပ်နေဆဲပါပဲ။ဆရာသက် ပြောသလိုပဲ။ ကောင်းတာလည်း ရှိ၊ မကောင်းတာလည်း ရှိပေါ့။သေချာတာကတော့ စာရေးကျင့်ကတော့ ကိုယ်နဲ့ မကွာ အမြဲ ရှိနေခဲ့တော့တာပဲ။


 (၄) ဆရာမ ခင်ခင်ထူးအိမ်က ဝှိုက်ဘုတ်အကြောင်း


 ဒါတော့ ဘယ်သူရေးခဲ့တာလည်း ကျွန်တော် မမှတ်မိတော့ဘူး။ အကြောင်းအရာကိုတော့ မှတ်မိတယ်။ ဆရာမက သူရေးမယ့်စာတွေရဲ့ ခေါင်းစဉ်တွေ၊ အကြောင်းအရာ အချက်အလက်တွေကို ဝှိုက်ဘုတ်မှာ ရေးထားလေ့ ရှိပြီး မမေ့အောင် စာရေးဖြစ်အောင် လုပ်ထားလေ့ ရှိသတဲ့။ 


 ကျွန်တော်လည်း အဲဒီစာကို ဖတ်ပြီးကတည်းက မှတ်စုစာအုပ်မှာဖြစ်စေ၊ ဝှိုက်ဘုတ်မှာ ဖြစ်စေ ကျွန်တော်ရေးမယ့် စာမူရဲ့ ခေါင်းစဉ်၊ ဇာတ်လမ်းအကျဉ်း၊ အကြောင်းအရာကို အမြဲ ရေးထားလေ့ ရှိခဲ့တယ်။


အဲဒီ အလုပ်ကလည်း စာတွေ မပြတ်ဆက်ရေးနေဖို့အတွက် အင်မတန် အထောက်အကူ ဖြစ်ပါတယ်။


 (၅) ဆရာ မြသန်းတင့်ရဲ့ စကားတစ်ခွန်း


 ဆရာမြသန်းတင့်အကြောင်း ကျွန်တော် သိရ ဖတ်ရတဲ့ အထဲမှာ စကားတစ်ခွန်းဟာ ကြားကြားချင်း၊ ဖတ်လိုက်မိချင်း ကျွန်တော့်နားထဲ စွဲနေခဲ့တယ်။ အဲဒါက ရုံးတက်သလို စာရေးတယ် ဆိုတဲ့ စကားလေးပါပဲ။ စာရေးခြင်းဆိုတာ စိတ်ခံစားမှုကို အရင်းတည်တယ်လို့ ကျွန်တော်က မြင်ထားလေတော့ ရုံးတက်သလို စာရေးတယ်ဆိုတဲ့ ဆရာ့စကားကို ထူးဆန်းနေခဲ့တယ်။ 


 ရုံးတက်သလိုဆိုရင် မနက်၉ ကနေ ညနေ ၅ အထိပေါ့ဆိုပြီး ဟုတ်ပါ့မလားလို့ တွေးဖူးတယ်။ နောက် ဆရာ့စာတွေ ထဲမှာ ထပ်တွေ့ရတာက ပင်ကိုရေး ရေးလို့မရတဲ့ အချိန်မှာ ဘာသာပြန်ရေးတယ်လို့ ထပ်တွေ့လိုက်တော့မှ ဆရာ့စကားကို လက်ခံနိုင်ခဲ့တယ်။ ပင်ကိုရေးဟာ စိတ်နှလုံးသွေးထဲက စီးဆင်းလာတဲ့ ခံစားချက်ပေါ်က စတင် အခြေခံပြီး ဘာသာပြန်ကတော့ အလုပ်တစ်ခုလို သဘောထားပြီး လုပ်လို့ ရနိုင်တယ်လို့ ကျွန်တော် တွေးမိတယ်။ ဒါ့ကြောင့်လည်း အချိန်တိုင်း စာရေးနေနိုင်တာပေါ့လို့ တွေးမိတယ်။


 ဘာသာပြန်တာမျိုး ကျွန်တော် မလုပ်တတ်ပေမယ့် ပင်ကိုရေး ရေးတဲ့သူအဖို့လည်း ဆရာ့စကားက တွန်းအားတစ်ခု၊ ခွန်အားတစ်ခု ဖြစ်စေတာကတော့ အမှန်ပါပဲ။


 (၆) မောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ စကားတစ်ခွန်း


 တစ်ခါက ဆရာ ရဲရင့်လုံ(ဆေးမန်း) က သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ ကာတွန်းပုံလေး တစ်ပုံတင်ဖူးတယ်။ အဲဒီကာတွန်းရဲ့ အောက်မှာ ဆရာမောင်ရင့်မာက ကွန်မန့်လေးရေးတယ်။ ကိုရဲရင့်လုံက ကာတွန်းလည်း ဆွဲသလား..တဲ့။ ဆရာ ရဲရင့်လုံက ပြန်ဖြေတယ်။ ဟုတ်ကဲ့ဆရာ..တစ်ခါတလေ ဆွဲပါတယ်..တဲ့။ အဲဒါကို ဆရာ မောင်ရင့်မာက ပြန်မန့်တယ်။ တွင်းတစ်တွင်းကိုပဲ နက်နက်တူး..တဲ့။


 ကျွန်တော် ခေါင်းထဲ လက်သွားတယ်။  စကားပြောနေကြတာက ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်က ဘေးလူတစ်ယောက် အနေနဲ့ ဝင်ဖတ်မိတာ။ ဒါပေမဲ့ ကျွန်တော် ရလိုက်တယ်။ တွင်းတစ်တွင်းထဲကို နက်နက်တူးတဲ့။


 စာရေးခြင်းဆိုတာဟာလည်း ကျောက်တူးသမားလိုပါပဲ။ ကျောက် အဖျင်း၊ အညံ့ တွေ့နိုင်သလို ကျောက်ကောင်း၊ ကျောက်မြတ်လည်း တွေ့နိုင်ပါတယ်။ အဓိကကတော့ လိုအပ်တဲ့ ကိုယ်ခံအား၊ ဝမ်းစာတွေလည်း စုရင်း အမြဲ မပြတ် တူးနေဖို့လည်း လိုတာပေါ့။ ဒါမှလည်း နက်မှာပေါ့။ကျောက်ကောင်းတွေ ပိုတွေ့လာနိုင်တာပေါ့လေ။


 လူခါး

၀၈၊၀၅၊၂၀၂၂၊နေ့လယ်၁နာရီ၃၆ မိနစ်၊ ဂျပန်

No comments: