Saturday, 21 May 2022

တိုကျိုမြို့ကို ဆေးခြယ်သူ



သူ့ကို ကျနော်စသိတာ UNရုံးရှေ့မှာ လုပ်ကြတဲ့ ကဗျာရွတ်
ပွဲမှာ။ လူချင်းလည်း မသိ၊ နာမည်လည်း မကြားဖူး။ သူက
ကဗျာတပုဒ် ဝင်ရွတ်သွားတယ်။ အလင်းအိမ်စာပေအင်
အားစုက။ သူရွတ်နေတာ အားမာန်အပြည့်။ တကယ့် အမိုက်စား။ သူ ကဗျာရွတ်ပြီးတော့ ကျနော် သွားနှုတ်ဆက်
တယ်။

အကို ကဗျာ ရွတ်တာ မိုက်တာဗျာ။ ရှယ်ကြီးလို့။ သူက ပြန်
ပြောတယ်။ဟာ… ကျနော်က အိမ်ဖြည့်ပါဗျာ..အိမ်ဖြည့်ပါ
တဲ့။ ဒါပေမဲ့ ကျနော်သိတယ်။  သူ့ရဲ့ ကဗျာအပေါ်ထားတဲ့
စိတ်ဟာ အပျော်ကြံတဲ့ အနေအထား မဟုတ်ဘူး။ တကယ့်
ရင်ဘတ်ကြီးနဲ့။

နောက်တခေါက် သူ့အကြောင်းသိရတာက သူက မြန်မာသံရုံးကို သွေးသပိတ် ဆန္ဒပြလို့ ဂျပန်ရဲက ထိန်းသိမ်းခံရတဲ့
အကြောင်း ။ အဲ့အထိ သူ့အကြောင်း ကျနော် သေချာမသိ။

သံရုံးကို အနီရောင်တွေ သွားချယ်/သွားပက်လို့ သံရုံးက တိုင် လို့ အထိန်းသိမ်းခံရတာ နေမယ်လို့ ကျနော် တွေးမိတယ်။
ဒီလောက်ပဲ။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးမှ ကဗျာရွတ်ပွဲနေ့က
သူ့ပုံကို ပြန်သတိရမိသေး။ ဒါကလည်း သတိရရုံပဲ။

တနေ့ကတော့ သတင်းတပုဒ်တက်လာတယ်။ တိုကျိုမှာ
ပန်းချီပြပွဲ ရှိသတဲ့။ ပန်းချီဆရာက အောင်ထွန်းလင်း။ ဒါ
နဲ့ သေချာလေ့လာကြည့်တော့ ကဗျာရွတ်တဲ့ဘဲ။ အော် သူ
က ပန်းချီဆရာလား ဆိုပြီး သူရေးတဲ့ ပန်းချီတွေ တင်ထား
တာတွေ့သလောက် ဝင်ကြည့်မိတယ်။

ကြည့်ပြီးပြီးချင်း ကျနော်သိလိုက်တာက ဟာ.. ငါဒီပွဲကို
မဖြစ်မနေ သွားရမယ် ဆိုတာပဲ။ လက်လွတ်ခံလို့ မဖြစ်
ဘူးလို့။

ပန်းချီ။ ပန်းချီကို ကျနော်ချစ်တယ်။ ပန်းချီကားတွေတွေ့ရင် မငေးဘဲ မနေဖူးတဲ့ ကျနော်ဟာ သူ့ပန်းချီပြပွဲကို တကယ်
ပဲ ရောက်သွားခဲ့တယ်။

ဖျားသွားတယ် လို့ ဝန်ခံရမှာပဲ။ လုံးဝဂရိတ်။ နာမည်ကြီး အနုပညာရှင်တွေရဲ့ ပုံတွေလည်း ရှိတယ်။ တခြား ကျနော်
နားလည်သလို ပြောရရင် အင်စတော်လေးရှင်း ဆန်တဲ့ ဖန်
တီးမှုမျိုးကိုလည်း တွေ့ရတယ်။ တချပ်ချင်း ကျနော်ငေး။
ဓာတ်ပုံမရိုက်ရက်ဘူး။ သူ့လက်ရာတွေက ပန်းခင်းကို
မြင်းစီးကြည့်သလို ကြည့်ရမယ့် အရာတွေမှ မဟုတ်တာ။

ငေးရင်း ကျနော်လန့်သွားတာအဲဒီလက်ရာတွေကြောင့်။ 
အရောင်တွေ။ အနီ၊ အပြာ၊ တော်လှန်ရေးနဲ့ တွဲတွေ့ရတဲ့
ငြိမ်းချမ်းရေး။ မှိုင်း၊ ချိမ့်ကအစ ဒေါ်သန်းမြင့်အောင်အထိ
သူ့ စုတ်ချက်တွေ။ ပန်းချီတွေ တဝခံစားပြီး ချိမ့်ပုံ ပန်းချီကို ကျနော်ဝယ်တော့ အခမ်းအနားနဲ့ပေးအပ်မယ်ဆိုလို့ ထပ်ဆ
င့်အံ့ဩရသေးတယ်။

ဒါပေမဲ့ တကယ်ပဲ။ ဒီနေ့မှာ တိုကျိုမြို့က အခန်းကျဉ်းလေး
ထဲမှာ ကဗျာဝယ်ယူသူတွေကို အခမ်းအနားနဲ့ သေသေချာ
ချာလေး ပေးအပ်ခဲ့တယ်။

အချိန်ကြောင့် နေရာကြောင့် လူနည်းခဲ့ပေမဲ့ အနုပညာကို
ခံစားသူတွေအတွက်ကျတော့ စိတ်လွတ်ကိုယ်လွတ် အခန်း
လေး တခန်းပါပဲ။

ကဗျာတွေ မပေးခင် သူ မိတ်ဆက်စကားပြောတယ်။ ဒီပွဲက
သူ့ပွဲတဲ့။ သူ့ရင်ဘတ်ထဲက စကားလုံးတွေ အခန်းကျဉ်းလေးထဲ ကျဲချတော့တာပဲ။ မူးစေ မိုက်စေတဲ့ စကားတွေ။
တခါတခါ အောင်လအန်ဆန်းရဲ့ လက်သီးချက်တွေလို။
တခါတခါ ဦးတင်ရီရဲ့ တယောသံလို။ ဗန်ဂိုး၊ ဂေါ်ဂင်။
ဪ.. သူချစ်တဲ့ ပန်းချီ။

မန္တလေး အနုပညာကျောင်းရဲ့ ခပ်ဆိုးဆိုးကျောင်းသား၊ ဦးနေဝင်းခေတ်ရဲ့ ပန်းချီ သူပုန်။ သူ့ပန်းချီပညာသင်ဘဝက
တနံတလျားကြီး။ စင်ကာပူ ၊ မလေးရှား။ နောက်တော့ ဂျပန်။ 

သူသွားချင်တဲ့ အနုပညာ ရေစီးကြောင်း၊ သူမရတဲ့ တိုကျို
မြို့ရဲ့ ဖေးမလက်တွေ။ သူ အားနဲ့မာန်နဲ့ စကားလုံးတွေကို
ကျည်ဆန်တွေလို တတောင့်ချင်း လွှတ်။

ကျနော် အသာပဲ ငေးနေမိတယ်။ သူဟာ ပန်းချီဆရာ။
တနေ့ တိုကျိုမြို့ရဲ့ ကောင်းကင်မှာ သူ့ပန်းချီကားတွေ
လေယာဉ်ပျံတွေလို ပျံတက်နေမှာ။

        #လူခါး
    #တိုကျိုမြို့ကရှားပါးပန်းချီဆရာကိုအောင်ထွန်းလင်းသို့

No comments: