Friday, 20 May 2022

တတိယ ဇာတ်ကောင်



 ကျွန်တော် ဘောလုံးကွင်းထဲမှာ ရောက်နေတာ။ 

          ဘောလုံးကန်ဖို့တော့ မဟုတ်ပါဘူး။ ကျွန်တော် ဘော

လုံး မကန်နိုင်တော့ဘူး။ ကျွန်တော် ဘောလုံး မကန်နိုင်တော့

တာ ၂ နှစ်လောက်တောင် ရှိရော့မယ်။ 


 လေထဲကနေ ဝဲကျလာတဲ့ ဘောလုံးကို မြေမကျဘော ကန်လိုက်တာ လွဲသွားပြီး ဒူးဆစ်က ပြုတ်ထွက်သွားတာ။ ဆရာဝန်က ခွဲရမယ်..တဲ့။ စတီးလ်ရိုးထည့်ရမယ် ပြောတယ်။ ၆ လ နားရမယ်။ သိန်း ၅၀ လောက် ကုန်မယ်..တဲ့။


 ကုန်တာက အကုန်ခံလို့ရပေမယ့် ၆ လနားရမယ်ဆိုတာ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဂျပန်လိုနိုင်ငံမှာ တစ်ယောက်တည်းသမား ကျွန်တော့် အတွက် ဘယ်သူက တောင်ဝှေးလုပ်ပေးမှာလဲလေ..။


 ဒါနဲ့ပဲ မခွဲဖြစ်တော့ဘူး။ မြန်မာပြည် ပြန်မယ်။ ထိုင်းမှာ သွားခွဲမယ်လို့ ကျွန်တော် တွေးထားခဲ့တယ်။


 ကျွန်တော် တွေးနေတုန်း ဘောလုံးကွင်းထဲကို ညီငယ်နှစ်ယောက် ရောက်လာကြတယ်။ တစ်ယောက်က ကားနဲ့။ တစ်ယောက်က စက်ဘီးနဲ့။ 


 နှစ်ယောက်လုံးက ကျွန်တော်နဲ့ ဘောလုံးကန်နေကျ ကလေးတွေပါ။ အသက်က ကျွန်တော့်ထက် ၁၀ နှစ်လောက် ငယ်ကြဦးမယ်။ သူတို့ကို ကြည့်ပြီး ဆရာကြီး ဦးအောင်သင်း ကျွန်တော့်ကို ပြောဖူးတဲ့ ငါ..မင်းလို ပြန်ငယ်ချင်တယ်..ဆိုတဲ့ စကားကို သတိရမိတယ်။ 


 ခက်တော့ ခက်တယ်။ ငယ်ရွယ်မှုတို့ ၊ ကျန်းမာရေးတို့ဆိုတာ ပိုက်ဆံတတ်နိုင်တိုင်းလည်း ပေးဝယ်လို့ ရတဲ့ အရာတွေမှ မဟုတ်တာကိုး။


 “ဟာ..စာရေးဆရာ..ရောက်နေတာလား..။ ဘောကန်မလို့လား”


 ကားနဲ့လာတဲ့ ကောင်လေးက ကျွန်တော့်ကို မေးလိုက်တော့ “မကန်နိုင်တော့ ပါဘူးဗျာ..” လို့ ကျွန်တော်က ဖြေလိုက်ရတယ်။


 သူတို့နှစ်ယောက်က ကျွန်တော်ထိုင်နေတဲ့ ခုံဘေးမှာပဲ ထိုင်ချလိုက်ပြီး ဘောကန်ဖိနပ်တွေ စီးနေကြတယ်။


“ဟောင့် ..ဘယ်လိုလဲ..မင်း အိမ်က ဖုန်းဆက်လား”


 စက်ဘီးနဲ့ ကောင်လေးက ကားနဲ့ကောင်လေးကို မေးလိုက်တာ။ ကားနဲ့ကောင်လေးက မျက်နှာကို ရှုံ့ထည့်လိုက်ပြီး.. “တော်စမ်းပါကွာ။ ဖုန်းဆက်မှာကို ကြောက်နေပြီ..”တဲ့။


 ကျွန်တော်လည်း အံ့အားသင့်သွားတယ်။ ဘာလဲပေါ့။ စိတ်ဝင်စားသွားတယ်။ ကျွန်တော် စိတ်ဝင်စားတာကို သိလို့ ထင်ပါရဲ့။ ကားနဲ့ ကောင်လေးက ကျွန်တော့်ဘက် လှည့်ပြီး


 “အိမ်က ဆရာရေ.. အိမ်က။ လိုတာ ရှိမှပဲ ဖုန်းဆက်တယ်။ နေကောင်းလား၊ အဆင်ပြေလား မမေးဖူးဘူး”

 ကျွန်တော် ဘာမှ မပြောဖြစ်ဘူး။ အသာပဲ နားထောင်နေမိတယ်။


 “ရန်ကုန်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကပ်နေပြီး အလုပ် လုပ်နေရင်း သူများတွေ ဂျပန်သင်တန်းတက်တာ မြင်လို့ လိုက်တက်ပြီး အင်တာဗျူးအောင် ၊ ပိုက်ဆံ ကိုယ့်ဘာသာ ချေးပြီး ထွက်လာတာ။ ဒီလည်း ရောက်ရော တောင်းလိုက်တဲ့ ပိုက်ဆံ၊ အစ်ကိုက တစ်မျိုး ၊ အမကတစ်မျိုး၊ အမေကတစ်မျိုးဗျာ။ ဘာတွေ သုံးနေကြတာလဲ မေး

တော့..မိဘကို ပြန်မေးစရာ မလိုဘူး..တဲ့”


 ကျွန်တော် အသာပဲ နားထောင်နေဖြစ် ပြန်တာပဲ။


 “မင်းက တော်ပါသေးတယ်..ကွာ”


 ဘေးနားမှာ ဖိနပ်စီးနေတဲ့ စက်ဘီးနဲ့လာတဲ့ ကောင်လေးက 

ပြောလိုက်တဲ့ စကား။ ကျွန်တော်ရော ကားနဲ့လာတဲ့ ကောင်လေး ရောက သူ့ဆီ အကြည့်ရောက်သွားကြတယ်။


 “ပြောပါဦး..မင်းက ၊ ဘာများဖြစ်လို့လဲ..”


 ကားနဲ့ လာတဲ့ ကောင်လေးက ထောက်ပေးလိုက်တော့ 

စက်ဘီးနဲ့ လာတဲ့ ကောင်လေးက ဆတ်ဆို မျက်နှာကို ငိုက်

ချလိုက်တယ်။ ဒါပေမဲ့ မြင်တာပေါ့။ ကျွန်တော်တို့ မြင်တာ

ပေါ့။ သူဟာ ဝဲတက်လာတဲ့ မျက်ရည်ကို ကျွန်တော်တို့ မမြင်အောင် ဝှက်ပစ်လိုက်တာကိုး။


 “ဟိုနေ့က အိမ်က ဖုန်းဆက်တယ်။ ဗီဒီယိုကောလ် ခေါ်လို့ ငါလည်း ဝမ်းသာအားရနဲ့ ထူးလိုက်တာ ..ဒီမှာကြည့်..သားရေ..ဒီမှာ ကြည့်..တဲ့။ ကြည့်လိုက်တော့.အိမ်ကို ဖျက်ပြီး ပုံထားတာကွာ။ ငါလည်း ဟာ..အိမ်ကို ဘာလို့ ဖျက်ပစ်တာလဲဆိုတော့..အသစ်ဆောက်မလို့ ဖျက်ပစ်တာတဲ့။ အဲဒါ သိန်း ၅၀၀ လောက် ကုန်မှာ..ပို့ပေးဦ..တဲ့..။ မင်း မြင်ကြည့်ကွာ....”


 စက်ဘီးနဲ့လာတဲ့ ကောင်လေးက ပြောပြီးပြီးချင်း သူ့ခေါင်း

ကို ငိုက်ချ လိုက်တယ်။ ကျွန်တော် သိတာပေါ့။ ဒီကလေး မျက်ရည် ဝဲပြန်ပြီလို့။


 ဒါပေမဲ့ ကျွန်တော် သူတို့ကို အပြစ် မတင်ရက်ဘူး။ ဘာလို့ ဆိုတော့ အကုန် သိလို့ပေါ့လေ။ ကျွန်တော်တို့ ၃ ယောက်စလုံးက ခစုတိုး လို့ခေါ်တဲ့ ယာယီ နေထိုင်ခွင့် ဇီဇာနဲ့ ဂျပန်မှာ နေနေရတာ။ ၆ လ တစ်ကြိမ် လဝက ကိုသွားပြီး သက်တမ်းတိုးလိုက် အလုပ်ကလေး လုပ်လိုက်နဲ့ အိမ်ကို ပို့နေရတဲ့သူတွေ။ လဝက က အလုပ် လုပ်ခွင့်များ ထည့်မပေးလိုက်ရင် အရူးမီးဝိုင်းပေါ့။ ရတဲ့ အလုပ်ကို ရှာလုပ် ပေတော့ပဲ။ မြက်ရိတ်၊ ကွန်တိန်နာချ၊ စက်ရုံ သန့်ရှင်းရေး၊ ပလတ်စတစ်စက်ရုံ၊ ညှော်နံပြင်းတဲ့ ရာဘာစက်ရုံ..စုံလို့။မလုပ်ရင်လည်း ငတ်မှာကိုး။


 ဒါကို မြန်မာပြည်က မိဘတွေက မသိကြတော့ ဂျပန်မှာ နေ နေတာပဲ ။ ပိုက်ဆံ အမြဲ မပို့နိုင်ဘူးလား ဆိုပြီး အပြစ်တင်ချင်ကြသေးတာ။ မသိတဲ့သူတွေက ပြောလို့ အဆိုး မဆိုနိုင်ပေမယ့် သိတဲ့သူ ကျွန်တော်က သူတို့ နှစ်ယောက် ပြောစကား ကြားပြီး မောနေမိတယ်။

 “ဆရာ..ဆရာ..”

 ကျွန်တော် မောနေတုန်း ကားနဲ့လာတဲ့ ကောင်လေးက ပြော

လာတယ်။


 “အဲဒီအကြောင်းကို စာရေးပေးပါလား ဆရာ။ ဝတ္ထုဖြစ်ဖြစ်၊ ကဗျာ ဖြစ်ဖြစ်ပေါ့..”


 ကျွန်တော် ဘာမှ မပြောဖြစ်ဘူး။ အသာပဲ ငြိမ်နေမိတယ်။


 “နော် ဆရာ၊ ရေးပေးပါ။ သူတို့သိအောင် ဘယ်လို ပြောရမှန်းမသိလို့ပါ ဆရာရယ်..ရေးပေးပါ..”လို့ ထပ် ပူဆာတယ်။


 နောက်ဆုံးတော့ ကျွန်တော် ခေါင်းညိတ်လိုက်တယ်။


 “ဟုတ်ကဲ့။ ကျွန်တော် ရေးပေးမယ်။ ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်တည်းတင် မဟုတ်ဘူး။ ကျွန်တော်ရေးမယ့် စာထဲမှာ နောက်တစ်ယောက်ပါ ပါခွင့်ပြုမှ ရေးပေးမယ်။ တတိယ ဇာတ်ကောင်ပေါ့”


 ကျွန်တော်က ပြောလိုက်တော့ သူတို့ နှစ်ယောက်က ထူးဆန်းသလို မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်ကြတယ်။


 “တတိယ ဇာတ်ကောင်။ ဘယ်သူလဲ ဆရာ..ဘယ်သူလဲ။ တခြား ဘယ်သူက ဆရာ့ကို ပြောထားသေးလို့လဲ”


 ကျွန်တော် ပြုံးရင်း ဖြေလိုက်တယ်။ 


 “ရှိတာပေါ့ဗျာ။ ခင်ဗျားတို့လိုပဲ သူ့အကြောင်းကို ကျွန်တော့်ကို ရင်ဖွင့်ထားတဲ့ လူတစ်ယောက်ပေါ့”


 “ရေး.ရေး..ဆရာ..ရေး။ လူတွေသိရင် ပြီးတာပဲ..တဲ့”


 သူတို့ ဘောလုံးကန်နေကြချိန်မှာပဲ ကျွန်တော့် အခန်းကို ပြန်လာပြီး သူတို့ပြောတဲ့ အကြောင်းကို စာရေးပြီး ဖေ့ဘုတ်ပေါ် တင်လိုက်တယ်။ သိပ်မကြာဘူး။ သူတို့ နှစ်ယောက်လုံး လိုက်ခ် လုပ်တာကို တွေ့လိုက်ရပြီး ကားနဲ့ ကောင်

လေးက ကျွန်တော့်ကို ဖုန်းခေါ်လာတယ်။


 “ဆရာပြောတော့ တတိယ ဇာတ်ကောင်ရော ပါမှာဆို။ အခုကျ ကျွန်တော်တို့ နှစ်ယောက်တည်းပါလား..တဲ့”


 “ခင်ဗျား..တတိယ ဇာတ်ကောင်ကို မတွေ့ဘူးလား..” လို့ ကျွန်တော် ပြန်မေးလိုက်တယ်။


 “မတွေ့ဘူးဆရာ။ မတွေ့ဘူး..”တဲ့။


 “ခင်ဗျားကသာ တတိယဇာတ်ကောင်ကို မတွေ့တာပါ။ တတိယဇာတ်ကောင်ကတော့ ခင်ဗျားတို့ကို သေချာ တွေ့ခဲ့ပါတယ်”


 ပြောပြီး ပြီးချင်း ကျွန်တော် ဖုန်းကို ချပစ် လိုက်တော့တယ်။


 လူခါး

 ၂၀၂၂၊၀၅၊၁၃၊ဂျပန်၊၉:၂၂

No comments: