အဲဒီတုန်းက ကျနော့်အသက် ၂၇။ အညာမြို့တမြို့က ဆန်ပွဲရုံ တရုံမှာ ကုန်ထမ်းတယ်။ နေ့စားခ တနေ့ တထောင်။ တနေကုန်ရောက်လာတဲ့ ဆန်ကားတွေကနေ ဆန်အိတ်တွေ ထမ်း ချ ရတယ်။
ဆန်အိတ်တွေ ထမ်းချရတဲ့အခါ အချိန်အခါအရ ကားသမားတွေဆီကနေ ဘော်ဒါကြေးရတတ်တယ်။ ရတဲ့ဘော်ဒါကြေးကို အလုပ်သမားတွေ ခွဲယူရတာပေါ့။
တနေ့တော့ ထုံးစံအတိုင်း ဆန်ကားတစီး ဆိုက်လာပြီး ဆန်အိတ်တွေ ထမ်းချပေးရတယ်။ ကားသမားတွေက သူတို့ကားကို အမြန်လုပ်ပေးရင် လုပ်ပေးသလို ဘော်ဒါကြေး များပေးတတ်ကြတယ်။ များဆိုတာကလည်းတယောက် ၁ရာ ၊ ၇ ယောက်ရှိရင် ၇၀၀ ဆိုတာမျိုးပါ။
ညနေအလုပ်သိမ်းလို့ လုပ်အားခရှင်းတော့ ဆန်ကားဆရာပေးတဲ့ ဘော်ဒါကြေးက ပါမလာဘူး။
ဒီနေရာမှာ လုပ်အားခကို ဆန်ပွဲရုံမှာ လုပ်သက်ရင့်နေတဲ့ လူတယောက်က ကျန်တဲ့အလုပ်သမားတွေကို တဆင့်ပြန်ရှင်းပေးတာ။ ဒီတော့ နေ့စဉ်ကြေး ၁ထောင်က အမှားအယွင်းမရှိ ရပေမယ့် ဘော်ဒါကြေးလို ဟာမျိုးကိုတော့ သူက ပေးမှ ရတာပေါ့။
အဲဒီနေ့က နေ့စဉ်ကြေးကို ပေးပေမယ့် ဘော်ဒါကြေးကိုတော့ မပေးဘဲ ချန်ထားတာကို ကျွန်တော် သိလို့ဘော်ဒါကြေး မပါဘူးလားလို့ မေးလိုက်တယ်။
ဘော်ဒါကြေးက ကိုလေးဆီမှာ အပ်ထားတယ်။
သူက ပြန်ဖြေတယ်။ ကိုလေးဆိုတာက ဆန်ပွဲရုံပိုင်ရှင်သူဌေးရဲ့ညီ ။ အလုပ်သမားခေါင်းနဲ့တော့ အတော်ရင်းနီးပြီး ကျန်တဲ့ အလုပ်သမားတွေနဲ့တော့ ခိုင်းစရာရှိမှစကားပြောတာမျိုး။ ရှိန်ရတယ်ပေါ့လေ။
ကိုလေးဆီ ဘာလို့ အပ်တာလဲ လို့ ကျွန်တော်က ပြန်မေးတော့ များမှ ပြန်ထုတ်ပြီး ခွဲမလို့တဲ့။ ကျွန်တော်လည်း ကိုလေးဆိုတဲ့လူဆီ ချက်ချင်းသွားပြီးအလုပ်သမားခေါင်းက ဘော်ဒါကြေးအပ်ထားတာ ဟုတ်လား လို့ မေးလိုက်တယ်။
ကိုလေးက မျက်လုံးကြီးပြူးကြည့်ရင်း သူမသိဘူးတဲ့။ကျွန်တော်လည်း ဆန်ချင်ရင် တိုက်ချတဲ့ ဝါးတုတ်ကို ယူပြီး အလုပ်သမားတွေ စုနေတဲ့နေရာ ပြန်သွားလိုက်တယ်။
ကိုလေးက သူမသိဘူးတဲ့။ ပေးမှာလား မပေးဘူးလား။မပေးရင် ကျွန်တော်က ရိုက်မှာ လို့ အလုပ်သမားခေါင်းဆောင်ကို ဝါးရင်းတုတ်နဲ့ ချိန်ရင်း ပြောလိုက်တယ်။
အဲဒီတော့မှ အလုပ်သမားခေါင်းက သူ့ခါးခြားထဲ မှာ ညှပ်ထားတဲ့ ပိုက်ဆံ ၇၀၀ကို ထုတ်ပေးတယ်။ကျွန်တော်လည်း ကျွန်တော် ရရမယ့် ၁ရာကို ယူပြီး ကျန်တဲ့ လူတွေပါ ၁ ရာဆီ ပေးလိုက်ပြီး သူ့ကိုလည်း ၁ ရာ ပြန်ပေးလိုက်တယ်။
ခင်ဗျားဟာ ခင်ဗျား ဘာကောင်ကြီး ဖြစ်ဖြစ် ကျွန်တော်ရသင့်တာ မပေးရင်တော့ ကျွန်တော်က ရိုက်မှာ လို့ ပြောပြီး ဆန်ပွဲရုံကနေ အိမ်ဆီ လမ်းလျှောက်ပြန်လာခဲ့တယ်။
ကျွန်တော် ထင်တာက ကျွန်တော့်နောက်က သူတို့ လိုက်လာကြမယ်ထင်တာ။ သူတို့ဆိုတာက အလုပ်သမားခေါင်းရယ်၊ သူ့သမက်ရယ်၊ သူ့တူရယ်ပေါ့။ ဆန်ပွဲရုံမှာသူတို့က စီနီယာလည်းကျ အမျိုးလည်း တောင့်တော့ကျယ်ရဲ ဗိုလ်ကျရဲတာပေါ့။
ဒါပေမဲ့ ကျွန်တော် အိမ်ပြန်ရောက်သည်အထိ ဘယ်သူမှ လိုက်မလာခဲ့ဘူး။ နောက်လည်း ဘော်ဒါကြေးကိစ္စ ထပ်ပြောစရာ အကြောင်းပေါ်မလာခဲ့တော့ဘူး။
အခု ကျွန်တော် ပြန်တွေးတော့ အဲဒီတုန်းက ဆန်ထမ်းသမားလေးကို ပြန်အားကျမိ၊ လေးစားမိတယ်။ ကိုယ်ရမယ့် ရပိုင်ခွင့်ကို ခေါင်းရိုက်ခွဲပြီး တောင်းဖို့ ဝန်မလေးသလို မတရားပြုကျင့်တာကိုလည်း ရဲရဲဝံ့ဝံ့ စိန်ခေါ် တုန့်ပြန်ရဲခဲ့တယ်။
အခုတော့ ကျွန်တော်က ဆန်ထမ်းသမားလေး မဟုတ်တော့ဘူး။ စာရေးဆရာ(စာရေးသူ) ပေါ့လေ။
ဒါပေမဲ့ အရင်က ဆန်ထမ်းသမားလေးလို သတ္ထိမျိုးကျွန်တော့်မှာ မရှိတော့ဘူး။ ကိုယ့်ရှေ့မှာ တစုံတယောက်က မဟုတ်တာ လုပ်နေရင်တောင် ရှောင်နေတတ်ခဲ့ပြီ။ ထုတ်ပြောမေးမြန်းဖို့ အားနာနေမိပြီ။
ကိုယ်ပြောဆို ရင်ဆိုင်ပစ်လိုက်လို့ တဖက်လူနာမည်ပျက်သွား။ လူမိသွားရင် ဆိုပြီးခွင့်လွှတ်ပေးတတ်ခဲ့ပြီ။
အဲဒီလို လုပ်ပေးနိုင်လို့ အခုကျွန်တော့်ကို အခုကျွန်တော်က ကြည်ညိုသလား၊ လေးစားသလား ဆိုတော့ ကျွန်တော် မကြည်ညို မလေးစားဘူး။
အရင်က လူငယ်ဆန်ထမ်းသမားကိုပဲ လေးစားအားကျတယ်။ ဆန်ထမ်းသမားလေးလို ဖြစ်ဖို့ ကျွန်တော် ပြန်ကျင့်ယူရဦးမယ်။
#လူခါး
#ဆန်ထမ်းသမားလေး
No comments:
Post a Comment