Saturday, 21 May 2022

အဖေပြောတဲ့ စကား နှစ်ခွန်း



 အဖေက စကားပြောကောင်းတယ်။ အဖေ့ရဲ့ ဦးလေး ကျွန်တော်တို့ဘကြီး ဘစံမောင်နဲ့ တူတာလို့ ရွာကလူတွေက ပြောကြတယ်။ ဘစံမောင်က ကောက်စိုက်မတွေ၊ ထွန်သမားတွေ ငှားပြီး အလုပ် လုပ်တဲ့အခါ ထွန်ဖြုတ်ချိန်တို့ ကောက်စိုက်ပြန်ချိန်တို့ ရောက်ရင် ထွန်သမား ကောက်စိုက်သမတွေအနား စကားလာပြောရောတဲ့။သူပြောတဲ့စကား နားထောင်ရင်း ကောက်စိုက်မတွေ၊ ထွန်သမားတွေက အိမ်ပြန်ဖို့တောင် မေ့တဲ့အထိပဲတဲ့။

 အဖေနဲ့ အလုပ်လုပ်ရတဲ့ အခါမှာလည်း ထွန်သမားတွေ၊ကောက်စိုက်သမတွေက အဖေမကြားအောင်တမျိုး၊ကြားအောင်တမျိုးပြောာတာ ကျွန်တော်ကြားဖူးတယ်။ ကိုစံမောင် ပေါက်စလေး..တဲ့။ တချို့အသိတွေဆို ညအခါတို့၊နေ့လယ် အလုပ်အားချိန်တို့ဆို အဖေ့အနားမှာ လာထိုင်ပြီး ကိုစိုးဆင့် ပြောပါဦးဗျ..ဆိုပြီး တကူးတက ပွဲတောင်းတတ်ကြတယ် ။ အဖေ့ထက်ကြီးသူတွေရော ငယ်သူတွေရော စုံလှတယ်။

 အဲ အဖေ့ ဩဝါဒကို ကြောက်တဲ့လူတယောက်လည်း ရှိတယ်။ ဘယ်သူလဲဆိုတော့ ကျွန်တော့်အောက်က ညီတော်မောင်ပေါ့။ နားငြီးတယ်တဲ့။အဖေက ထိုင်ပါဦးကွဆိုပြီး စကားစပြောတာနဲ့ လော်စပီကာနှစ်လုံးကြားထိုင်ခိုင်းထားတဲ့ လူတစ်ယောက်လို တခဏအတွင်း ထပြေးတာပဲ။

 ကျွန်တော်တွေးဖူးတယ်။ သူစိမ်းတွေက တကူးတက လာတောင်းဆိုရအောင် စကားပြောကောင်းတဲ့ အဖေက သူ့သားကျမှ ဘာလို့ နားဝင်အောင် မပြောနိုင်တာပါလိမ့်..လို့။ ခုထိတော့ အဖြေမရသေးဘူး။

 အဲဒီလို စကားပြောကောင်းတဲ့ အဖေ့ဆီကနေ မှတ်မှတ်ရရ စကားနှစ်ခွန်း ကျွန်တော် သိမ်းပိုက်ရရှိထားဖူးတယ်။ အဲဒီစကားနှစ်ခွန်းကလည်း  စားပွဲဝိုင်းမှာ အတူထိုင်ပြီး ပြောလို့ ရတဲ့ စကားမဟုတ်ဘူး။ အမှတ်တမဲ့ ပြောရာကနေ တစ်သက်လုံး သိမ်းထားဖြစ်ခဲ့တဲ့ အမှတ်တရ စကားတွေပေါ့။

 ပထမစကားကို ကြားတဲ့နေ့တုန်းက ကျွန်တော်က ရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ ရွာအရှေ့ဘက်က ငါးယောက်စိုက်ကြီးလို့ ခေါ်တဲ့ ကျွန်တော်တို့ လယ်ကြီးထဲမှာ နွားကျောင်းနေတဲ့နေ့က။ 

 အဲဒီနေ့က နွားတွေက မိုးကျလို့ လယ်ကြီးထဲက ထွက်စပြုနေတဲ့ မြက်နုတွေကို ကိုက်နေကြတယ်။ လယ်ကြီးထဲမှာ ကျွန်တော်ရယ်၊နွားတွေရယ်၊ မိချောလို့ ခေါ်တဲ့ ခွေနီမလေးတစ်ကောင်ရယ်ပဲ ရှိနေကြတယ်။ မိချောဟာ ကျွန်တော် ဘယ်သွားသွား လိုက်လေ့ရှိတဲ့ ခွေးမလေးပေါ့။ မိချောနဲ့ ကျွန်တော်ဟာ ရွာနီးတစ်ဝိုက် ယုန်၊ခါ၊ပုတက်၊မြွေပါ၊ရှဉ့် စုံအောင် ရဖူးတဲ့ မုဆိုးပေါက်စ အတွဲပေါ့. မိချောနဲ့ ကျွန်တော် တောထဲထွက်သွားရင် ဟင်းစားတစ်ခွက်ကတော့ သေချာပြီးသားပဲ။ ကျွန်တော်ကလည်း ဝါသနာပါတယ်။ မိချောကလည်း တောကောင်းတယ်။ အတွဲညီတယ်ပေါ့။

 အဲဒီနေ့က မိချောနဲ့ ကျွန်တော်အတူ ရှိနေတုန်း လယ်ကြီးရဲ့တောင်ဘက် တစ်ခေါ်လောက်မှာ ရှိတဲ့ ရွှေလက်ရကုန်းဘက်ကနေ အသံတစ်သံကြားလိုက်ရတယ်။

 မြွေပါဟေ့..မြွေပါ..လိုက်..လိုက်..တဲ့။

 ကြည့်လိုက်တော့ လူတစ်ယောက်က မြက်ကိုင်းတောထဲမှာ တစ်ခုခုကို လိုက်ရိုက်နေတယ်။ ကျွန်တော်လည်း နဂိုက ဝါသနာပါသူပီပီ မိချောကို ခေါ်ပြီး အဲဒီလူဆီ ပြေးတော့ မြွေပါကွ..မြွေပါ..ဒီနားတင်ပျောက်သွားတာ..တဲ့။

 မြို့သားတွေ သိအောင်ပြောရမယ်ဆို မြွေပါဆိုတာ မြွေကို နိုင်တဲ့အကောင်၊ တွားသွားကောင် တစ်မျိုးပဲ။ ရှဉ့်နဲ့ ပုံစံတူပေမယ့် တကယ်ကြီးတဲ့ အထီးဆို လူကြီးတစ်ယောက် ခြေသားလုံးလောက်ကြီးတယ်။ တော်ရုံခွေးဆို ပြန်ခံကိုက်တာမို့ ခွေးမတိုးရဲဘူး။ ကျွန်တော်တို့ ဘက်မှာတော့ အတော်ပေါတယ်။ အခေါက်ပါပြီး အရေခွံကို ရွံ့လူးပြီး မီးဖုတ်၊ ကျက်မှ အမွေးကိုနှုတ်လိုက်ရင် အခေါက်ပါစားလို့ရတယ်။

 မြွေပါလို့ ဆိုလိုက်တာနဲ့ ကျွန်တော်ရော မိချောရောက သိလိုက်ပြီ။ မြွေပါဟာ လူကို အင်မတန်လှည့်စားတတ်တဲ့ အကောင်။ ခွေးကျတော့ အတော်ကြောက်တယ် ပြောရမယ်။ သူက ဝပ်ပြီးပြေးရင် လူက မမြင်နိုင်ပေမယ့် ခွေးက အနံ့ခံရင်း ခုန်ခုန်ပြီး ရှာရင် မိကရောမို့လား။

 ခုလည်း မိချောက လူ့ပေါင်ဝက်လောက်ရှည်တဲ့ မြက်တောထဲ ခုန်ခုန်ပြီး ရှာလိုက်တာ ငါးမိနစ်အတွင်း မြွေပါကို ရတယ်။ မြွေပါက အထီးကြီး။ ၇၅ ကျပ်သားလောက်ရှိတယ်။ အရောင်က ညိုညိုကြီး ရှေ့အဆွယ်တွေက မြလို့။

 မြွေပါလည်း ရရော မြွေပါကို စတွေ့လို့ အော်တဲ့လူက ယူပြီး သုတ်ခနဲ ကျွန်တော်တို့ အနားက ထွက်သွားတော့တယ် ။ ကျွန်တော်နဲ့ မိချောလည်း နွားတွေရှိရာ ပြန်လာခဲ့ကြတယ်။

 အဲဒီနေ့က အိမ်ပြန်ရောက်တော့ အဖေက အဲဒီအကြောင်းကို သိနှင့်နေပြီ။

 မင်းတို့ မြွေပါ ရတယ်ဆို..တဲ့ မေးတယ်။

 ကျွန်တော်လည်း ဟုတ်အဖေ..ကျွန်တော်ရတာ မဟုတ်ဘူး။ သူများရတာလို့ ဖြေမိတယ်။

 မင်းရဲ့ ခွေးက ကိုက်ပေးလိုက်တာ မဟုတ်ဘူးလား။

 အဖေက ထပ်မေးတော့ ကျွန်တော်လည်း ဟုတ်တယ်အဖေ၊ မိချောကိုက်ပေးလိုက်တာ လို့ ဖြေလိုက်တယ်။

 မင်းကို ဟင်းစားလာမပေးဘူးလား တဲ့ အဖေက ထပ်မေးတယ်။

 မပေးဘူး အဖေလို့ ကျွန်တော်က ဖြေလိုက်တယ်။

 အဖေ မေးတာက အကြောင်း ရှိတယ်။ ကျွန်တော်တို့ ရွာဓလေ့အရ တောကောင်တစ်ကောင်၊ ကြီးကြီးငယ်ငယ် အတူတူ ရရင် ခွဲခြမ်းယူကြတယ်။ တစ်ယောက်က ငြင်းရင်တောင် အငြင်းခံရသူက ဟင်းစားတစ်ခွက် ဦးဦးဖျားဖျား လာပေးတတ်ကြတယ်။ ဒါကို အဖေက မေးတာ။

 ကျွန်တော့် အဖြေကိုကြားတော့ အဖေက ဆက်ပြောတယ်။

 ယောက်ျားချင်း ပေါင်တင်မခံနဲ့ လူလေး..ရ…တဲ့။

 အဲဒါလေးပဲ။ အဲဒီတစ်ခွန်းပဲ။ ယောက်ျားချင်းပေါင်တင်မခံနဲ့..လူလေး..ရ..တဲ့။ ကျွန်တော် ဘာမှ ပြန်မပြောမိဘူး။ နားထဲမှာတော့အဖေ့စကားဟာ ပဲ့တင်ထပ်နေတယ်။ ယောက်ျားချင်း ပေါင်တင်မခံနဲ့..ယောက်ျားချင်း ပေါင်တင်မခံနဲ့.....ယောက်ျားချင်း ပေါင်တင်မခံနဲ့..။

 အဖေဟာ အင်မတန် သည်းခံစိတ်ရှိသူ၊သဘောထားကြီးသူ ဖြစ်ပေမယ့် သူ့သားကို တစ်ယောက်ယောက်က အခုလို ကြောလိုက်တာ သိတော့ ခံပြင်းသွားတယ် ထင်ပါရဲ့။ အကြောမခံနဲ့။ လူလည်ကျမခံနဲ့..ဆိုတာကို အရပ်စကားအရ ယောက်ျားချင်း ပေါင်တင်မခံနဲ့လို့ တစ်ခွန်းတည်း ပြောပစ်လိုက်ခဲ့တာပါ။ _အဖေ့အသံဟာ ဒီစာကို ရေးနေချိန်ထိ နားထဲ ကြားနေမိတုန်း။

 ဒုတိယ စကားတစ်ခွန်းကိုကျတော့ ကျွန်တော်တို့ ဘောလုံးကန်နေတုန်း အဖေပြောလိုက်တာကို ကျွန်တော် ကြားလိုက်တာ။

 အဲဒီတုန်းက ကျွန်တော်က ကျောင်းသားလက်ရွေးစင် ဘောလုံးသမားဖြစ်ပြီး ရွာအလည်ပြန်လာချိန်ပေါ့။ ကျွန်တော်တို့ ရွာနဲ့ တခြား ရွာတစ်ရွာနဲ့ ဘောလုံးချိန်းကန်ကြတယ်။ ရွာပွဲဆိုပေမယ့် မြို့ပွဲလောက်နီးနီး ပရိတ်သတ်က များတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့နဲ့ ကန်မယ့်အသင်းက ရွာနားတစ်ဝိုက်တော့ ဆရာကြီး ဆိုတဲ့ အသင်း။ ခြေထောက်မှာ စက်ကြာတပ်ထားသလား ထင်ရအောင် မြန်လှတယ်လို့ နာမည်ကြီးတယ်။ 

 အဲ..ကျွန်တော်တို့ ရွာကလည်း ကျွန်တော်ရယ်၊ ကျွန်တော့် ညီရယ်၊ တောင်တွင်းကြီးမှာ ခြေစွမ်းပြနေတဲ့ ကျွန်တော်တို့ကို ဘောလုံးပညာ သင်ပေးတဲ့ အကိုရယ်၊ တောင်ကြီးက အလည်ပြန်ရောက်နေတဲ့ ဦးလေးဝမ်းကွဲတစ်ယောက်ရယ်၊ နောက်တန်းမှာ အဖေ့ညီဝမ်းကွဲတစ်ယောက်ရယ် ပါတယ်။ ကျွန်တော်တို့ အမျိုးက ရှေးဘကြီးတွေလက်ထက်ကတည်းက ဘောလုံးသမားထွက်ခဲ့တာဆိုတော့ ကွင်းထဲမှာ မြိုင်နေတာပေါ့.။အဲဒီကြားထဲ ကျွန်တော်နဲ့ကျောင်းသားလက်ရွေးစင်ကန်တဲ့ အသင်းဖော်တစ်ယောက်ကိုလည်း ကိုယ့်ရွာသားလုပ်ပြီးထည့်ထားသေးတာရယ် ကျန်တဲ့ ရွာခံကလေးတွေက လူငယ်ပီပီ တွန်းတိုက်ဆော့ကြတာရယ်ဆိုတော့ ပွဲက စံတင်လောက်တဲ့ပွဲပေါ့.။

 ရွာဦးကျောင်းက ဆရာတော်က လှည်းဦးမှာ လော်စပီကာတင်ပြီး အားပေးစကားတွေမိန်လို့။ နှစ်ဖက်အသင်း ပရိတ်သတ်အပြင် ဘေးရွာက ပရိတ်သတ်တွေကလည်း ကွင်းဘေးမှာ နေရာလွတ်မရှိဘူး။ အော်ဟစ်အားပေးသံတွေက ကွင်းဘေးမှာ တအုန်းအုန်းနဲ့ပေါ့။

 နှစ်ဖက်အသင်းကလည်း အကျိတ်အနယ်၊ ဂိုးကလည်း မသွင်းနိုင်ကြဘူး။ အဲဒီအချိန်မှာ တစ်ဖက်အသင်း ပရိတ်သတ်ရှေ့မှာ ကျွန်တော်က ဘောလုံးရောလူရော ထွေးခနဲ လဲကျတယ်။ တစ်ဖက်အသင်း ပရိတ်သတ်ဟာ ကျွန်တော်လည်း လဲကျရော ကတဲ့လူက က၊ ပုဆိုးချွတ်ပြီး လေထဲ မြှောက်တဲ့လူက မြှောက်ပေါ့။ ပိုဆိုးတာက တစ်ဖက်အသင်းသား တစ်ယောက်ကလည်း ကျွန်တော့်ကို ဘောလုံးရော လူပါ တိုက်ကန်တယ်။ တစ်ခါတင်မကဘူး။ နှစ်ခါကန်တာ။ ကျွန်တော်က သူ့ခြေထောက်ထဲမှာ ဖွဲအိတ်လိုပဲ။

 စိုးဆင့်..မင်းသားခံနေရတာ ဒိအတိုင်းကြည့်နေမှာလား။

 အဲဒီအချိန်မှာ အော်သံထွက်လာတာ။ အဖေ့ကို ဘေးလူတစ်ယောက်က အော်တာ။ ကျွန်တော် ခံနေရတာကို မကြည့်ရက်တဲ့ ဘေးလူတစ်ယောက်က အဖေ့ကို အော်ပြောတာ။

 စိုးဆင့်..မင်းသားခံနေရတာ ဒိအတိုင်းကြည့်နေမှာလား..တဲ့။

 အမှန်ဆို အဲဒီနေရာမှာ ရန်ပွဲပဲ။ ကွင်းကလည်း ကိုယ့်ကွင်း၊ လူအင်အားကလည်း ကိုယ်ကများတယ်။

ပြီးတော့ အဖေ့ကိုထိရင် ဝိုင်းဆော်မယ့်လူတွေတပုံကြီး။..ဒါပေမဲ့။

 ဒါပေမဲ့….။ အဖေ ဘာပြောတယ် ထင်သလဲ။

 ငါ့သားအကြောင်း ငါသိတယ်..တဲ့။

 အဲဒိစကားလေးပဲ အဖေ ပြောတယ်။ ငါ့သားအကြောင်း ငါသိတယ်..တဲ့။ အဖေဟာ ခံနေရတဲ့ ကျွန်တော့်အတွက် စိတ်ဆိုးဒေါသဖြစ်ပြီး ကွင်းထဲဝင် ပြသနာ ရှာရမယ့်အစား အဲဒီ စကားတစ်ခွန်းကို ပဲ ပြောတယ်။

 ငါ့သားအကြောင်း ငါသိတယ်..တဲ့။ အဖေ့စကားကို ကြားတဲ့လူတွေက အံ့ဩမင်တက်ကြလို့။ ဘာမှ ဆက်မပြောနိုင်ကြတော့ဘူး။

 ကျွန်တော်လည်း လဲနေရာကနေ ပြန်ထပြီး ဘောလုံးပွဲကို ဆက်ကန်တယ်။ သိပ်မကြာလိုက်ဘူး။ ကျွန်တော့်အကို ကန်သွင်းလိုက်လို့ ပြန်လျှံကျလာတဲ့ဘောလုံးကို ကျွန်တော်က အမှားအယွင်းမရှိ ကန်ပိတ်သွင်းလိုက်နိုင်လို့ အဲဒီနေ့က ကျွန်တော်တို့ ရွာက တစ်ဂိုး..သုညနဲ့ နိုင်လိုက်တယ်။အဖေဟာ ကျေနပ်အားရ ဟန်နဲ့ ပြုံးလို့။ခုတော့ ကြာခဲ့ပြီ။

 ပထမစကားကို အဖေပြောတုန်းက ကျွန်တော့်အသက် ၁၄ နှစ်လောက်။ ဒုတိယ စကားကို အဖေပြောတော့ ကျွန်တော့်အသက် ၁၇ နှစ်လောက်။ စကားတစ်ခွန်းကို ၃ နှစ်လောက်ခြားပြီး အဖေပြောခဲ့တယ်။ ဒီကနေ့အထိဆို အဖေပြောခဲ့တာ အနှစ်၂၀ ကျော်ခဲ့ပြီ။

 အသက် ၆၀ ကျော် အဖေကတော့ သူပြောခဲ့တဲ့စကားနှစ်ခွန်းကို မေ့ရောပေါ့လေ။ ကျွန်တော်ကတော့ မမေ့ဘူး။ အားနာလွန်းတတ်တဲ့ ကျွန်တော့်ကို ပေါင်တင်မခံနဲ့လို့ စကားတစ်ခွန်းတည်းနဲ့ နားဝင်အောင် ဆုံးမခဲ့ပေမယ့် အဖေ့စကားကို မလိုက်နာမိဘဲ  ကျွန်တော်အားနာတတ်တုန်း။ ခုချိန်ထိ ပေါင်တင်ခံနေတတ်တုန်း။

 ကျွန်တော့်ကိုဆို တချို့ကလည်း ပေါင်တင်ချင်ကြတုန်း။ လူချ စကားနေချင်ကြတုန်း။ ကျွန်တော်ကလည်း အဲဒီလို ပေါင်တင်ကြ၊လူချ ကစားနေသူတွေ ကြားထဲကနေမှလည်း သန့်ရှင်းသေသပ်တဲ့ သွင်းဂိုးတွေရဖို့ ကြိုးစားနေမိတုန်းပါ အဖေ...။


                   အဖေ့သား

                                  #လူခါး

                              #အဖေပြောတဲ့စကားနှစ်ခွန်း

No comments: