Saturday, 21 May 2022

မြန်မာပူးလစ် စထိုရီ


အဖေ ဥက္ကဌ လုပ်တုန်းက အကြောင်းလေးပါ။ ဥက္ကဌ ဆိုလို့ အထင်တော် မကြီးလိုက်နဲ့ဦး။ အဖေ ဥက္ကဌ လုပ်တာ အိမ်တောင် ချိတ်ပိတ်ခံရဖူးတယ်။ ဘဏ်ကြွေးမဆပ်နိုင်တဲ့သူ အစား ကိုယ်ဆပ်ရမယ့် ပိုက်ဆံလေး စိုက်ဆပ်ပေးလိုက်လို့ အိမ်ချိတ်ပိတ်ခံရတာ။ အိမ်အပေါ်ထပ်ကို မိသားစုတက်လို့မရဘူး။ ရွာထဲက ဘဏ်ကြွေးသမား လာမဆပ်မချင်း အိမ်အောက်မှာပဲ မိသားစုနေရတာ။ ငယ်ငယ်ကတော့ အဖေ့ကို ကျွန်တော် အားမရဘူး။ အပြစ်တင်ဖူးတယ်။ သူများတွေ ဥက္ကဌလုပ်တာ နေ့ချင်းညချင်း နတ်ရေကန်ထဲ ချလိုက်တဲ့အတိုင်း ကြီးပွားကြတယ်။ အဖေက ဘာလို့ မလုပ်နိုင်ရတာလဲပေါ့။

 အဖေက ဥက္ကဌဆိုတော့ အိမ်ကို မြို့က စစ်ကြောင်းတွေ မကြာခဏ လာတတ်တယ်။ စပါးသွင်းချိန် စပါးသွင်းနောက်ကျလို့။ လုပ်အားပေးခေါ်ရင် လူမစုံလို့။ အများကြီးပဲ။ အဖေက စစ်ကြောင်းမှူး ဆူသမျှ မတ်တပ်ရပ်ပြီး ငြိမ်ခံနေတာပဲ။ ရွာကိုတော့ အဖေက ပြန်ပြီး မဆူရှာဘူး။

 ရွာကို စစ်ကြောင်းလာတိုင်း ပါလာတတ်တဲ့ ရဲတစ်ယောက် ရှိတယ်။ ဘတင်အောင်..တဲ့။ အသက်က ငါးဆယ်လောက်။ ခပ်ဝဝ။ အသား ညိုညိုနဲ့။  အိမ်ရောက်လို့ အပေါ်အင်းကျီချွတ်လိုက်တာနဲ့ အောက်က ခံဝတ်လာတဲ့ ချိုင်းပြတ်အင်းကျီက ဇကာပေါက်လို အပေါက်ဗရပွနဲ့။ အင်မတန် ဖော်ရွေတယ်။ ကျွန်တော်တို့နဲ့ ဆော့လိုက်၊ဆိုလိုက်ပေါ့။ စစ်ကြောင်းလာတိုင်း အမေ့မီးဖိုခန်းမှာ ကူချက်ပေး လိုတာကူပေးတဲ့ ရဲတစ်ယောက်။

 အိမ်ကို စစ်ကြောင်းရောက်လာတာနဲ့ ပထမဆုံး လုပ်တာက ကြက်ပစ်တာပဲ။ အိမ်မှာက ကြက်ကို အကောင် ၂၀ လောက် အမြဲမွေးထားလေ့ ရှိတော့ ဘတင်အောင်က သူ မျက်စေ့ကျတဲ့ တစ်ကောင်ကို မရ ရအောင် လိုက်ပစ်၊ ရေနွေးဖျော၊ ခုတ်ထစ်ပြီးတဲ့အထိ လုပ်ကိုင်ပေးပြီးမှ အမေ့လက် အပ်လိုက်တာမျိုး။ အမေက ချက်ပေါ့လေ။ ဘယ်လောက်ထိအောင်လဲဆို ကြက်တွေက ရဲဝတ်စုံ မြင်တာနဲ့ ကတော်..ကတော် လုပ်ပြီး ပြေးကြတော့တဲ့အထိပဲ။

 တစ်ခါသားကြီးတော့ အိမ်ကို ထုံစံအဆိုင်း စစ်ကြောင်းရောက်လာတယ်။ ဘတင်အောင်လည်း ပါလာတာပေါ့လေ။ ဘတင်အောင်က ရောက်ရောက်ချင်း ကြက်ပစ်တော့တာပဲ။ ကြက်ကို ပစ်ပြီး ခုတ်ထစ်ပိုင်းဖြတ်ပေးတာပေါ့။ ခက်တာက စစ်ကြောင်းလာတဲ့နေ့မှ အမေက အိမ်မှာ မရှိဘူး။ မြို့တက် စျေးဝယ်သွားတယ်။ အိမ်မှာက အဖေရယ်၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရယ်၊ အမရယ်။ စုစုပေါင်း လေးယောက်ပဲ ရှိတာပေါ့။ 

 အမကလည်း မြို့မှာကျောင်းတက်လိုက်၊ ရွာအလည်ပြန်လာလိုက် ဆိုတော့ ဟင်းဘာညာ သိပ်မချက်တတ်ဘူး။ လက်သင်ပေါ့။ဒါပေမဲ့ အဲဒီနေ့ကတော့ အမလက်စွမ်း ပြခွင့်ရသွားတယ်။ အမ ဟင်းချက်နေတာက ထမင်းချက်အိမ်လေးပေါ်မှာ။ ကျွန်တော်တို့ဒေသက တချို့အိမ်တွေက အိမ်မကြီးနဲ့ ထမင်းချက်အိမ်ကို ခွဲထားတတ်လေ့ရှိတယ်။ မီးရေး ထင်းရေးဆို နေသာအောင်ပေါ့လေ။ အမက အိမ်လေးပေါ်မှာ ကြက်သားဟင်း ချက်နေတယ်။ရဲတွေက ရေချိုးသူကချိုး၊ အညောင်းအညာ ဆန့်သူဆန့်နဲ့ ကြက်သားဟင်း ကျက်မယ့် အချိန်ကို စောင့်နေကြတာပေါ့။ 

 သိပ်မကြာလိုက်ဘူး။ ကြက်သားဟင်းက ကျက်တယ်။ အမက ထမင်းဟင်းခူးခပ်ပေးတာပေါ့။ ကျွန်တော်တို့ ညီအစ်ကိုက ထမင်းပန်းကန်၊ ဟင်းပန်းကန်ကို  သယ်ပေးရတယ်။ အားလုံးလည်း စုံရော ရဲတွေက ထမင်းဝိုင်းမှာ ခေါင်းမဖော်တမ်းစားတော့တာပဲ။

 လူလေးတို့လည်း တစ်ခါတည်း စားလေ..လို့ အဖေက ပြောတာနဲ့ ကျွန်တော်တို့ ညီအစ်ကိုလည်း ဇလုံထဲ ဟင်းရော ထမင်းပါ အမပုံပေးတဲ့အတိုင်း ရဲတွေနဲ့ မနီးမဝေးက နှီးကြောဖျာပေါ်မှာ ထိုင်စားကြတယ်။

 ကျွန်တော် ကြက်သားကို ကိုက်လိုက်ပြီး မျိုချလိုက်တယ်။ တစ်ဖတ်။ နှာခေါင်းကို အသာရှုံရင်း နောက်တစ်ဖတ် ကိုက်ပြီး မျိုချလိုက်တယ်။ သေချာပြီ။ ကျွန်တော် ထမင်းကို ဆက်မစားတော့ဘူး။ ရဲတွေကို လိုအပ်တာ လိုက်ပေးနေတဲ့ အဖေ့ကို အနားခေါ်လိုက်တယ်။

 အဖေ့....ကြက်သားဟင်းက ရေနံဆီစော်နံတယ်။

 အဖေက တစ်ချက်တွေသွားတယ်။

 ဟုတ်လို့လား ..လူလေးရ။

 ကျွန်တော် ထပ်ပြောတယ်။ ဟုတ်တယ်အဖေ..ကြက်သားဟင်းက ရေနံဆီစော်နံနေတာ။

 အဖေက ကျွန်တော့် ထမင်း ပန်းကန်ကို နမ်းကြည့်လိုက်သေးတယ်။ ပြီးတာနဲ့ အဖေက ချက်ချင်း ထမင်းချက်အိမ်လေးဆီသွားပြီး အပေါ်တက်တော့ ကျွန်တော်လည်း လိုက်တက်သွားတယ်။ အမက ထမင်းချက်အိမ်လေးပေါ်မှာ အိုးခွက်တွေ ဆေးကြောနေတယ်။

 သမီး ကြက်သားဟင်းကို ဘယ်ဆီနဲ့ ချက်တာတုန်း။

 အဖေက မေးလိုက်တော့ အမက ဟိုမှာလေ..အဖေ။ အမေ ထားခဲ့တဲ့ ဆီပုလင်းထဲကပဲ..တဲ့။

 အဖေက သွားပြီး ပုလင်းကို နမ်းလိုက်တယ်။ 

 ဟာ..သွားပြီ..။ ဒါ ရေနံဆီပုလင်းလေ သမီးရဲ့။

 ဟင်..။

 အမက ဟင်ဆိုပြီး ဘာမှဆက်မပြောတော့ဘူး။

 အဖေ မျက်နှာပျက်သွားပြီး ရဲတွေထမင်းစားနေတဲ့ နေရာပြန်သွားတယ်။ ရဲတွေက ဘာပြောကောင်းမလဲ။ ချွေးတမြိုက်မြိုက်နဲ့ ကျိတ်နေကြတုန်း။ ကျွန်တော်တို့ မိသားစုလိုက် အိပ်တဲ့ ကုတင်ကြီးပေါ်က ကျွန်းစားပွဲဝိုင်းကြီးမှာ ကြက်သားဟင်းကို ကျိတ်နေကြတုန်း။

 အဖေ့..ဘယ်လို လုပ်မလဲ။

 ကျွန်တော်ကမေးတော့ အဖေ ဗျာများနေပြီ။

 ရေဆေးပြီး ပြန်ချက်မလား အဖေ။ 

 ကျွန်တော်ကမေးတော့ အဖေက မဖြေဘူး။ ရဲတွေရဲ့ထမင်းဝိုင်းကိုပဲ ကြည့်နေတယ်။ ရဲတွေကတော့ ကျိတ်လို့ပေါ့။

 ကျွန်တော့် ညီလေးကလည်း အနားရောက်လာတယ်။ 

 ဟုတ်တယ်အဖေ့..ကျွန်တော်လည်း မစားနိုင်တော့ဘူး။ နံတယ်..တဲ့။

 အဖေက ရဲတွေစားနေတဲ့ ထမင်းဝိုင်းနား ကပ်သွားပြီး မေးလိုက်တယ်။

 ဘာလိုသေးလဲ..ဆရာ..တို့။

 ရဲတွေက လည်ပြန်တောင် မကြည့်ဘူး။

 ကောင်းတယ်..ကောင်းတယ်။ အမေ မရှိတုန်းချက်တဲ့ သမီးလက်ရာကတောင် ပိုကောင်းတယ်..တဲ့။

 အဖေလည်း ဘာမှ မပြောတော့ဘူး။ ကျွန်တော်တို့ သားအဖနဲ့အတူ သူတို့ထမင်းဝိုင်းပြီးတဲ့အထိ စောင့်ပြီး သိမ်းစရာ ရှိတာ သိမ်းလိုက်ရတယ်။ ထမင်းဝိုင်းတာ ပြီးသွားတယ်။ ရဲတွေဆီက ဘာရေနံဆီစော်မှ မနံလိုက်ဘူး။

 အဲဒီတုန်းက ကျွန်တော် အတော်ငယ်သေးတယ်။ ၆ တန်းလောက်ပေါ့။ အမက  ၇ တန်း။ ညီလေးကက ၄ တန်းလောက်။ 

 ကျွန်တော်နားမလည်ခဲ့ဘူး။ ကျွန်တော်လည်း ကြက်သားဟင်းထဲ ရေနံဆီနဲ့ ဆီနဲ့ မှားထည့်မိတဲ့ အနံ့ကို သိတယ်။ ကျွန်တော့် ညီလေးလည်း သိတယ်။ အဖေလည်း သိတယ်။ မှားထည့်မိတဲ့ အမလည်း သိသွားတယ်။ ဒါပေသိ ရဲတွေက ဘာလို့ မသိတာလဲ။ ရဲတွေက ရေနံဆီနံ့ ပြီးနေတာလား။ နှာခေါင်းပဲ မကောင်းတာလား။ သို့လော..သို့လော ပေါ့။ အဲဒီတုန်းက ၆တန်း ကျောင်းသား ကျွန်တော် မသိခဲ့ဘူး။ အဲဒီ ကိစ္စကို အဖြေရှာလို့ မရခဲ့ဘူး။

 အခုမှ ကျွန်တော် သေချာ ပြန်တွေးပြီး အဖြေရှာတော့မှ အဖြေကို ဘွင်းခနဲ တွေ့တယ်။

 မေဘေးကြီးတွေ ကြက်သားဟင်းမှ မစားဖူးတာဘဲ။


 

      #လူခါး

       ၂၀၂၂-၀၄-၂၉ မနက်

No comments: