Friday 3 November 2023

စိတ်ကြီးဝင်တဲ့ရောဂါ

ဒီစာကို မရေးခင် ကျွန်တော့်ကိုယ် ကျွန်တော် အရင်ဆုံး ပြန်မေး ကြည့်ခဲ့မိသေးတယ်။


မင်း.. စိတ်ကြီး ဝင်ဖူးလား..ဆိုပြီးတော့လေ။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော့်ဘဝမှာ တစ်ကြိမ်တော့ စိတ်ကြီး ဝင်ခဲ့ဖူးတယ်။ ၂၀၁၆ ခုနှစ်ကပေါ့။ ဂျပန်ကိုရောက်လာပြီး မူလ အလုပ်ကနေ ထွက်ပြီး အလုပ်အသစ်ရဖို့ စောင့်နေရချိန်။ စက်ဘီးအဟောင်းလေးတောင် မဝယ်နိုင်လို့ သွားချင်တဲ့ နေရာတိုင်း လမ်းလျှောက်ပြီး သွားနေရတဲ့ အချိန်၊ အလုပ်လေးတစ်ခု အချိန်ပိုင်းလုပ်ခွင့်ရဖို့ ဘုရားကို နားပူအောင် ဆုတောင်းနေရတဲ့အချိန်။ 


အဲဒီအချိန်မှာ ဂျပန်အစိုးရဆီက ကြိုက်တဲ့အလုပ်ကို လုပ်လို့ရပြီဆိုတဲ့ အလုပ်လုပ်ခွင့်လည်း ရရော ကျွန်တော် စိတ်ကြီးဝင်မိတာပဲ။ ဆင်းရဲခဲ့ ပင်ပန်းခဲ့၊ မျိုသိပ်​ခဲ့ရတာတွေအတွက် ပွင့်ထွက်သွားခဲ့တာလို့ ​ပြောရင် ပိုမှန်မယ်။ 


ဒါပေမဲ့ အတူနေတဲ့ ခင်မင်ရတဲ့ မိတ်ဆွေတစ်ယောက်က သတိပေးတာနဲ့ သတိပြန်ကပ်မိခဲ့ပြီး စိတ်ကြီးဝင်ခဲ့မိတဲ့ ကိုယ့်အဖြစ်ကိုယ် ပြန်သတိထားမိပြီး ရှက်ခဲ့ရတယ်။ အဲဒီတစ်ကြိမ်ပဲ။ ဘဝမှာ စိတ်ကြီးဝင်ခဲ့မိတာ အဲဒီတစ်ချိန်တည်းပဲ။


အဲဒီကာလတွေလွန်လာတော့ ကျွန်တော့်စိတ်မှာ လူတွေ ဘာကြောင့် စိတ်ကြီးဝင်ကြတာလဲ ဆိုတာကို မကြာခဏ တွေးမိတတ်လာတယ်။ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင်က လူတစ်ယောက် သတိလက်လွတ်ဖြစ်နေပြီ၊ မာနဝင်နေပြီ၊ စိတ်ကြီးဝင်နေပြီဆိုရင် ပိုလို့တွေးမိတတ်တယ်။


တကယ်တော့ လူမှာ စိတ်ကြီးဝင်တာဟာ အထူးအဆန်းမဟုတ်ဘူး။ ထူးဆန်းတာက စိတ်ကြီးဝင်တာကို မိမိဘာသာ မသိတာရယ်၊ အချိန်မီ မပြင်ဆင် မတားဆီးနိုင်တာရယ်ကမှ ထူးဆန်းနေခဲ့တာ။


လူတစ်ယောက်ဟာ မရဖူးတဲ့ နေရာတစ်ခု၊ မရောက်ဖူးတဲ့ အနေအထားတစ်ခုကို ရောက်ခဲ့ ရခဲ့ရင် စိတ်ကြီး ဝင်တတ်တယ်။ လွယ်လွယ် ပြောရရင်  မာနဖြစ်တယ်လို့ ဆိုရမှာပေါ့။ မာနဆိုတာ မိမိကိုယ်ကိုယ် အမြတ်ဆုံးလို့ ထင်တတ်တဲ့ စိတ်ပဲ။ ငါပဲ။ ငါကသာလျှင် အမြတ်ဆုံးပဲ။ ငါမှတပါး အခြားအရာတွေဟာ နိမ့်ကျတဲ့ အယူအဆ၊ နိမ့်ကျတဲ့ အပြုအမူ ရှိသူတွေပဲ စသဖြင့် ထင်တတ် မြင်တတ်တဲ့ စိတ်ပဲ။ အဲဒါဟာ မာနပဲ။ စိတ်ကြီးဝင်ခြင်းပဲ။


သာမန်ပုထုစဉ်လူသားမှ မဟုတ်ပါဘူး။ အဘိညာဉ်ရပြီးတဲ့ ရဟန်းတစ်ပါးမှာတောင် ငါ ဆိုတဲ့ စိတ်(မာန) ဖြစ်တတ်ပါသေးတယ်။ 


ဘုရားရှင် ပွင့်တော်မူစဉ်က အဲဒီလိုပဲ မာနဝင်လို့ တရားကိုယ် မဖြောင့်ခဲ့တဲ့ ရဟန်းတစ်ပါး ရှိခဲ့ဖူးတယ်။  အရှင် အနုရုဒ္ဓါ တဲ့။ အရှင် အနုရုဒ္ဓါဟာ လူ့ဘဝမှာတုန်းက မရှိဆိုတဲ့စကားကို မကြားခဲ့ဖူးတဲ့အထိ အကျိုးပေး ကောင်းခဲ့တဲ့ လူတစ်ယောက်ပဲ။ ဘုရားရှင်ရဲ့ ညီတစ်ဝမ်းကွဲလည်းဖြစ် သူ့ ပင်ကိုယ်ပါရမီအခံကလည်း ရှိတော့ သာမန်လူတို့ မရနိုင်တဲ့ ဒိဗ္ဗစက္ခု အဘိညာဉ်ကို လွယ်လွယ်ကူကူပဲ ရခဲ့တယ်။


အစ ပထမတော့ လောကီရေးရာမှာ အရေးပါတဲ့ အဘိညာဉ်ကို ရထားတော့ တရားသိ (ရဟန်းကိစ္စ) ဖို့ လွယ်ကူလိမ့်မယ်လို့ သူ့ကိုယ်သူ ထင်ခဲ့တယ်။ သာမန်လူတစ်ယောက်အနေနဲ့ အချိန်ကာလ ကြာမြင့်အောင် အားထုတ်မှ ရမယ့် တရားကို သူက လွယ်လွယ်ရခဲ့လေတော့ အဲဒီလိုထင်တာလည်း မှားတော့ မမှားဘူးပေါ့။ ဒါပေမဲ့ သူ့အထင်က တက်တက်စင်အောင် လွဲမှားခဲ့တယ်။ မူလရရှိထားတဲ့ အဘိညာဉ်ကို ဆထက်ထမ်းပိုးအားထုတ်ပေမဲ့လည်း တရားဆုံးကို သူ မရောက်နိုင်ခဲ့ဘူး ဖြစ်နေခဲ့တယ်။


နောက်ဆုံးမှာတော့ အနုရုဒ္ဓါဟာ အရှင်သာရိပုတ္တရာ မထေမြတ်ကြီးဆီကို ဆီကို ချဉ်းကပ်ပြီး ဖြစ်စဉ်ကို မေးမြန်း လျှောက်တင်ရတော့တယ်။ 


အရှင်ဘုရား တပည့်တော်သည် လုံ့လကိုလည်း ပြင်းစွာ အားထုတ်ပါ၏။ သတိလည်း အမြဲ ကပ်ပါ၏။ စိတ်ရော ခန္ဓာပါ ပူပန်ခြင်းမရှိ၊ ငြိမ်းအေးပါ၏။ သို့သော်လည်း တပည့်တော်၏ စိတ်သည် တဏှာ ကင်းသော်လည်း  အာသဝတို့မှ မလွတ်သေးပါဘုရား ဆိုပြီး လျှောက်တယ်။


အရှင်အနုရုဒ္ဓါရဲ့ လျှောက်တင်စကားကိုကြားတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက မိန့်တယ်။ 


ငါ့ရှင် အနုရုဒ္ဓါ ၊သင်သည် သာမန်လူတို့ မမြင်နိုင်၊ မရနိုင်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုညာဉ်ဖြင့် လောကကို မြင်နိုင်သည်ဟု တွေး၏။ ထိုအတွေးက သင်အား မာန ဖြစ်စေ၏။


ငါ့ရှင် အနုရုဒ္ဓါ ၊သင်သည် လုံ့လကိုအားပြုပြီး သတိနဲ့ယှဉ်ပြီးနောက် စိတ်ရော ကိုယ်ပါ ငြိမ်းအေးလျက် တစ်ခုတည်းသော အာရုံတွင် ကောင်းစွာ ရှိ၏ဟု တွေး၏။ ထိုအတွေးသည် သင့်အား စိတ်ပျံ့လွင့်မှု (ဥဒ္ဓစ) ဖြစ်စေ၏။


ငါ့ရှင် အနုရုဒ္ဓါ ၊ ထိုသို့ ကျင့်ကြံပွားများပါသော်လည်း သင်၏ စိတ်သည် အာသဝတရားတို့မှ မလွတ်သေးဘဲ ဖြစ်နေပါသေးသည်။ ထိုသို့တွေးခြင်းကပင် သင့်အား သံသယ( ကုက္ကုစ္စ) ကို ဖြစ်နေစေသေး၏။ 


ငါ့ရှင် အနုရုဒ္ဓါ၊ သင့်ကို ငါတိုက်တွန်း၏ ။ ထိုအတွေးသုံးမျိုးကို ပယ်စွန့်ပြီး တရားကိုယ်ဖြောင့်အောင် ကြိုးစားပါလော့ ဆိုပြီး အရှင်သာရိပုတ္တရာက မိန့်တော်မူလိုက်တော့မှ အနုရုဒ္ဓါ အရှင်မြတ်ဟာ ရဟန်းကိစ္စ ပြီးသွားခဲ့တယ်တဲ့။


နားလည်လွယ်အောင် ဆိုရင် ငါသိတယ်၊ ငါတွေ့တယ်၊ ငါထိတယ်၊ ငါ လွတ်မြောက်တယ် စသဖြင့် ငါနဲ့ ယှဉ်ပြီးတွဲနေတိုင်း ငါ မလွတ်မြောက်သေးကြောင်း မသိကြတာမျိုးပေါ့။


ငါက သူ့ထက် သိတယ်။ ငါက သူ့ထက် မြတ်တယ်။ ငါ့လောက်မှ သူကမသိ။ သူနဲ့ငါက နှိုင်းစရာမဟုတ် စသဖြင့် ငါတွေ မကုန်ဆုံးသေးသမျှ ငါ မလွတ်မြောက်သေး ဆိုတာကို မသိကြခြင်းသာ ဖြစ်တယ်။ 


ငါဆိုတဲ့ မာနဟာ ပိတ်ထားတဲ့ တံခါးရွက်နဲ့တူတယ်။ ကိုယ့်ဆီဝင်လာမဲ့ လေကောင်းလေသန့်ကို တားစီးပိတ်ပင် ထားတတ်တယ်။


ခေတ်စကားနဲ့ ပြောရရင်

ငါသိတယ်လို့ တွေးလိုက်တာနဲ့ သိမှုဟာ လမ်းဆုံးသွားတယ်။

ဘာလို့ လမ်းဆုံးသွားတာလဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် သိပြီလို့ ထင်လိုက်လို့။

သိပြီလို့ ထင်လိုက်တာနဲ့ နောက်ထပ်သိစရာတွေက ကိုယ့်ဆီ ထပ်ပြီး ဝင်မလာနိုင်တော့ဘူး မဟုတ်လား။ 


 #လူခါး

       ၂၀၂၃-၁၁-၀၄-နံနက် ၀၀:၁၃ မိနစ်၊ ဂျပန်

No comments: