Saturday 17 February 2024

စက်ရုပ်များနှင့် ငြင်းခုန်ခြင်း

 “စက်ရုပ်များနှင့် ငြင်းခုန်ခြင်း”


ခြောက်လကြာပြီးနောက်..


ကျွန်တော်နေတဲ့ ဂူးမားပြည်နယ်ထဲက တတဲဘရရှိဆိုတဲ့ မြို့ကလေးကနေ တိုကျိုမြို့​တော်ကြီးဆီကို ရထားနဲ့ ကျွန်တော် တက်လာခဲ့တယ်။ ခြောက်လ ကြာပြီးတဲ့နောက်မှ ပြန်ရောက်ဖြစ်တဲ့ တိုကျိုခရီးစဉ်ပေါ့လေ။ နယ်မှာနေရတဲ့ ကျွန်တော့်အတွက်က တိုကျိုကို တစ်ခေါက်ရောက်ဖို့ဆိုတာ အချိန်အတော်များများ ပေးရတယ်။ အိမ်ကနေ ဘူတာကို ကားနဲ့ပြေး၊ ဘူတာကနေမှ တိုကျိုဘူတာအထိ ရထားနှစ်ဆင့်ထပ်စီးရတာ။ အချိန်က စုစုပေါင်းသုံးနာရီလောက် ကုန်တယ်။ ခရီးစရိတ်က အသွားအပြန်ဆို ယန်း လေးထောင်လောက် ကုန်တယ်။


ဒီနေ့တောင် မဖြစ်မနေသွားရမှာမို့ ထွက်လာခဲ့ရတာ။ မဟုတ်ရင် တိုကျိုဆို ကျွန်တော်က အထူး ရှောင်တယ်။ လမ်းတွေ၊ လူတွေ၊ ကားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ။ တစ်ခုခု လိုအပ်နေတယ်လို့ ယူဆရတဲ့ အပြုံးတွေ။ ဒါတွေကို ကျွန်တော် ရှောင်ချင်တယ်။ ဒါပေမဲ့ ဒီနေ့တော့ အဲဒါတွေကို ရှောင်လို့မရနိုင်ခဲ့တော့ဘူး။ ကျွန်တော် တိုကျိုကို တက်လာရခဲ့တော့တယ်။


တိုကျိုကိုရောက်တော့ ကျွန်တော့်ကို အလုပ်အပ်ထားတဲ့ ဂျပန်လူမျိုး လုပ်ငန်းရှင်သူဌေးရဲ့ ရုံးကို တက်စီနဲ့ ထပ်သွားရသေးတယ်။ ဆယ့်ငါးမိနစ်လောက် ထပ်ကြာတာပေါ့ ။ရုံးကို ရောက်သွားတော့ ကြိုတင်ဖုန်းဆက်ထားတဲ့အတိုင်း သူဌေးက အဆင်သင့်ထိုင်စောင့်လို့။


သူဌေးနဲ့ ကျွန်တော် နှုတ်ခွန်းဆက်စကားပြောဆိုကြပြီး ကျွန်တော်ရေးလာခဲ့တဲ့ ဆောင်းပါးကို “ဒါ ကျွန်တော် ရေးလာခဲ့တဲ့ ဆောင်းပါးပါ သူဌေး..”ဆိုပြီး သူဌေးလက်ထဲ ထည့်လိုက်တယ်။ သူဌေးက အချိန်မဆွဲဘူး။ ကျွန်တော့် ဆောင်းပါးကို ချက်ချင်းဖတ်တယ်။ ကျွန်တော့်ဆောင်းပါးကို ဖတ်နေတုန်း ဖြစ်နေတဲ့ သူဌေးရဲ့ မျက်နှာအမူအယာကို ကြည့်ပြီး သူဌေးရဲ့စိတ်ကိုလည်း ကျွန်တော်က ဖတ်နေမိတယ်။ 


သူဌေးက ကျွန်တော့်ဆောင်းပါးကို ကြိုက်မှ ကြိုက်ပါ့မလား။ သူ့ရဲ့ Tokyo Inside ဆိုတဲ့ နာမည်​ကြီး မဂ္ဂဇင်းမှာ ကျွန်တော့်ဆောင်းပါးကို သုံးမှ သုံးပါ့မလားဆိုပြီး တွေးပူနေမိတယ်။ 


“ခဏထပ်စောင့်ပေးလို့ ရမလား”


သူဌေးက ကျွန်တော့် ဆောင်းပါးကို ဖတ်ပြီး မေးလာတာမို့ “ရပါတယ်သူဌေး..”လို့ ပြန်ဖြေလိုက်တော့ သူဌေးက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ပါတနာတွေနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါဆိုပြီး သီးခြား အခန်းတစ်ခန်းထဲ ဝင်သွားတာမို့ ကျွန်တော် လည်း ရင်ခုန်စွာနဲ့ ပဲ သူဌေးရဲ့ အခန်းထဲကနေ ထိုင်စောင့်နေရတယ်။


သိပ်မကြာလိုက်ဘူး။ နာရီဝက်လောက်ကြာတော့ သူဌေးက မအီမသာမျက်နှာနဲ့ အခန်းထဲနေ ပြန်ထွက်လာတယ်။


“စိတ်မကောင်းပါဘူးမောင်ရင်။ ကိုယ်တို့ စာအုပ်အတွက် လိုချင်တာက ဒီ့ထက်အားပြင်းတဲ့၊ လူငယ်တွေရဲ့ ရင်ကို ထိခတ်နိုးကြားစေနိုင်တဲ့ စကားလုံးတွေ သုံးထားတဲ့ ဆောင်းပါးမျိုးကို လိုချင်တာပါ။ အချိန်ခြောက်လထပ်ပေးပါ့မယ်၊ မောင်ရင် ရေးပေးနိုင်မလာ။ မောင်ရင့် အနေနဲ့ ရေးနိုင်မယ့် ဆောင်းပါးမျိုးထင်လို့ ကိုယ်တို့က အခွင့်အရေး ထပ်ပေးတဲ့ သဘောပါ..”တဲ့။


ကျွန်တော်လည်း ပျက်သွားတဲ့ မျက်နှာကို အချိန်မီထိန်းရင်း “ကောင်းပါပြီသူဌေး..”လို့ ပြောပြီး ဆောင်းပါးကို ပြန်ယူခဲ့တယ်။ သူဌေးရုံးခန်းကနေ ပြန်လာခဲ့ပြီး ရထားအဆင့်ဆင့် ပြန်စီးပြီး တိုကျိုကနေ ကျွန်တော့်ရဲ့ ခြောက်ကပ်ကပ် မြို့ကလေးကို ပြန်လာခဲ့တယ်။ 


အိမ်ကိုပြန်ရောက်​တော့ ကျွန်တော့် ဆောင်းပါးကို အထပ်ထပ်ပြန်ဖတ်ဖြစ်ခဲ့တယ်။ ဘာများ လိုအပ်ချက်ရှိသလဲလို့ စစ်ဆေးတယ်။ ဆောင်းပါးတစ်ပုဒ်လုံးဟာ ကျွန်တော့်အာဘော်ချည်းပဲ။ ကျွန်တော့်ဘဝမှာ ကြုံခဲ့ရ ၊ဆုံခဲ့ရတဲ့ အခက်အခဲတွေကို ကျွန်တော်ကိုယ်တိုင် ကြိုးစားဖြေရှင်း နည်းလမ်းရှာ လွတ်မြောက်ခဲ့တာတွေကို နာရီပေါင်းများစွာအကုန်ခံပြီး ရေးထားခဲ့တာ။ ရေးပြီးတဲ့နောက် အကြိမ်ကြိမ် ပြင်ဆင် တည်းဖြတ်ထားခဲ့တာ။


ကျွန်တော် သေသေချာချာ အားထုတ်ရေးသားထားခဲ့တဲ့ ဒီလိုဆောင်းပါးမျိုးကို သူဌေးက မကြိုက်ဘူးဆိုတော့ ဘယ်လိုဆောင်းပါးမျိုးကို သူဌေးကကြိုက်တာလဲလို့ ကျွန်တော် စဉ်းစားမိတယ်။ “လူငယ်တွေရဲ့ ရင်ဘတ်ကို လှုပ်သွားတာမျိုး..”တဲ့။ 


နှစ်ပတ်လောက် ပြင်ဆင်ပြီးတဲ့နောက်မှာတော့ ဆောင်းပါး အသစ်တစ်ပုဒ်ကို ကျွန်တော် စတင်ဖန်တီးခဲ့တယ်။ ဆောင်းပါးရဲ့ ပထမဆုံးစာကြောင်းကို ဂျပန်နိုင်ငံက ပန်းချီအနုပညာရှင် “ယယောအိ ခုဆမ” ရဲ့ စကားလုံးနဲ့ စပေးလိုက်တယ်။


“အနုပညာသာ မရှိရင် ကျမကို ကျမ သတ်သေခဲ့တာကြာပြီ”


“ယယောအိ ခုဆမ”ဆိုတာက ဂျပန်အနုပညာရှင် အမျိုးသမီးတစ်ယောက်။ ငယ်စဉ်ကတည်းက လောကဓံနဲ့ ရင်ဆိုင်ခဲ့ရပြီး အမြင်အာရုံမှားယွင်းတဲ့ ဝေဒနာကို ခံစားခဲ့ရသူ။ ဂျပန်စစ်တပ်အတွက် လေထီးချုပ်ပေးတဲ့အလုပ်ကို လုပ်ခဲ့ဖူးသူ။ သူ့အသက် နှစ်ဆယ့်တစ်နှစ်မှာ သူ့အနုပညာလက်ရာကို တိုကျိုမြို့မှာ စတင်မိတ်ဆက် ပြသခဲ့ပြီး အသက်သုံးဆယ်မပြည့်ခင်မှာ အမေရိကားကို ပြောင်းရွှေ့ခဲ့တယ်။ အမေရိကားမှာ အနုပညာကို ထပ်မံလေ့လာခဲ့ပြီး ဂျပန်ကို ပြန်လာခဲ့တယ်။ နောက်ဆုံးမှာတော့ သူဟာ ဂျပန်ရဲ့ အထင်ကရ ပြယုဂ်တစ်ခု ဖြစ်လာခဲ့တယ်။


ကျွန်တော်ဟာ “ယယောအိ ခုဆမ” ရဲ့ အကြောင်းကို အဲဒီလို ဖန်တီးထည့်သွင်းခဲ့ပြီး  ကျွန်တော့် ဆောင်းပါးကို စတင်မိတ်ဆက်ခဲ့တယ်။


အဲဒီနောက်မှာတော့ စီးပွားရေးလုပ်ငန်းမှာ ထင်ရှားတဲ့ ALIBABA ကို တည်ထောင်ခဲ့သူ တရုတ်နိုင်ငံသား Jack Ma ရဲ့အကြောင်းကို ထည့်သွင်းဖန်တီးခဲ့တယ်။ 


အဲဒီနောက်...Steve Jobs။

အဲဒီနောက်...Elon Musk..။ 

ကျွန်တော့်ဆောင်းပါးဟာ နာမည်ကျော်တွေရဲ့ နာမည်တွေ ၊ အဆိုအမိန့်တွေနဲ့ ဝေဝေဆာဆာ ရှိခဲ့ပြီးတဲ့နောက် လှပသေသပ်တဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်လာခဲ့တယ်။


ဆောင်းပါးအသစ်ကို စတင်ဖန်တီးပြီး တစ်လ ကြာပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ အဆုံးသတ်နိုင်ခဲ့တဲ့ ဆောင်းပါးအသစ်ကို ယူပြီး တိုကျိုမြို့တော်ကြီးက သူဌေးရဲ့ ရုံးခန်းဆီကို ထပ်သွားခဲ့တယ်။ 


ကျွန်တော်ဖန်တီးလာခဲ့တဲ့ ဆောင်းပါးကို သူဌေးလက်ထဲ ထည့်လိုက်တော့ ပထမဆောင်းပါးတုန်းကလိုပဲ သူဌေးက ချက်ချင်း ကောက်ဖတ်တာပဲ။ ဆောင်းပါးကို ဖတ်နေချိန် ဖြစ်နေတဲ့ သူဌေးရဲ့ မျက်နှာအမူအယာဟာ ကျွန်တော် လိုက်ဖမ်းလို့မရအောင် သွက်လက် ဖျတ်လတ်နေတယ်။


“ကြိုက်တယ်..။ ဒီဆောင်းပါးကို ကိုယ်တို့ မဂ္ဂဇင်းရဲ့ ရှေ့ဆုံးစာမျက်နှာမှာ ရောင်စုံကာလာနဲ့ သရုပ်ဖော်​ပြီး သုံးမယ်”


သူဌေးက ကျွန်တော့်ဆောင်းပါးကို ဖတ်ပြီး​ပြီးချင်း ဝမ်းသာအားရပြောတယ်။ သူဌေးရဲ့စကားကို ကြားပြီး ကျွန်တော့် ကိုယ့်နားကိုယ် မယုံသလို ဖြစ်မိတာ ဝန်ခံချင်ပါတယ်။ ဖြစ်လာနိုင်တယ်လို့ ထင်ထားပေမယ့် အခုလောက်ကြီးတော့ ဖြစ်သွားမယ် မထင်ဘူးကိုး။


“သူဌေးရဲ့ ပါတနာတွေနဲ့ မတိုင်ပင်တော့ဘူးလား ခင်ဗျာ..”လို့ ကျွန်တော်က မေးလိုက်တော့ သူဌေးက “ဒီဆောင်းပါးမျိုးက တိုင်ပင်စရာ မလိုဘူး..”တဲ့။ 

ကျွန်တော့် ဆောင်းပါးအပေါ် အလွန်အမင်း ကျေနပ်အားရနေတဲ့ လေသံနဲ့ အားရဝမ်းသာ ထပ်ပြောတယ်။ ဟန်မဆောင်ကြေး ပြောရရင် ကျွန်တော်လည်း အလွန် ကျေနပ်မိပါတယ်။


“စာမူခ ဘယ်လောက်လိုချင်လဲ မောင်ရင်”


သူဌေးက သူ့လက်နဲ့ စားပွဲကို “ဒေါက်ကနဲ” တစ်ချက် ခေါက်လိုက်ရင်း ပြုံးပြုံးကြီး မေးတယ်။ ကျွန်တော်က မဖြေရသေးခင်မှာဘဲ သူဌေးက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလာတယ်။ 


"ဒီလိုဆောင်းပါးမျိုးကို ကိုယ်တို့အတွက် လစဉ်ရေးပေးနိုင်မလား..”


သူဌေးရဲ့ အမေးစကားကို ကြားပြီး အံ့ဩမင်တက်သွားတဲ့ ကျွန်တော့်ရဲ့ မျက်နှာပေါ်က ပုံရိပ်ကို သူဌေးလည်း ဖတ်မိလိုက်မယ်လို့ ထင်မိတာပါပဲ။ 


“စာမူခကတော့ သူဌေးအဆင်ပြေသလို ပေးပါခင်ဗျာ..”လို့ ကျွန်တော်က ပြောလိုက်တော့ သူဌေးက ထပ်မေးတယ်။ 


“လစဉ်တော့ ရေးပေးမယ် မဟုတ်လား..”တဲ့။


“ကျွန်တော်ကတော့ လစဉ်မရေးပေးနိုင်ပါဘူး ခင်ဗျာ။ ရေးလက်စ ရသလုံးချင်းစာအုပ်တစ်အုပ်ရေးနေတာ သုံးနှစ်လောက် ကြာနေတာမို့ အဆုံးသတ်ဖို့ အချိန် လိုနေလို့ပါ။ တကယ်လို့ သူဌေးရဲ့ မဂ္ဂဇင်းမှာ ဒီလို ဆောင်းပါးမျိုး လစဉ်ထည့်ချင်တယ်ဆိုရင်တော့ သူဌေးကိုယ်တိုင်ရေးပြီး လစဉ်ထည့်လို့ရတဲ့ နည်းလမ်းကို ကျွန်တော် ပြောပြပေးခဲ့ပါမယ်..”လို့ ကျွန်တော်က ပြောလိုက်တော့ သူဌေးက မျက်လုံးကြီး ပြူးကြည့်ရင်း “ဘာ..”တဲ့။


"ဘယ်လို..ဘယ်လို..။ လစဉ်ထည့်လို့ ရတဲ့နည်းလမ်း ဟုတ်လား..။ ဘယ်လိုရေးရတာလဲ။ ဒီဆောင်းပါးက မောင်ရင် ရေးတာမဟုတ်ဘူးလား..”


ကျွန်တော်လည်း စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း လေးလေးစားစားပဲ ဖြေလိုက်တယ်။


“မဟုတ်ပါဘူး ခင်ဗျာ။ ဒီဆောင်ပါးကို AI က ရေးပေးတာပါ။ ကျွန်တော်က ထင်ရှားတဲ့ လူတွေရဲ့ ကမ္ဘာကျော်စကားတွေ၊ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုစည်းပြီး AI  ရဲ့ Chat Box ထဲကို ထည့်ပေးလိုက်ရုံပါပဲခင်ဗျာ..”


“ဟာ..အဲဒီလိုထည့်လိုက်တာနဲ့ အခုလို ပြီးပြည့်စုံတဲ့ ဆောင်းပါးဖြစ်လာရောပေါ့..ဟုတ်လား..မောင်ရင်”တဲ့ သူဌေးက ဝမ်းသာအားရ မေးတယ်။ 


“ဆောင်းပါးတစ်ပုဒ်တော့ ဖြစ်လာတာမှန်ပါတယ်ခင်ဗျာ။ ပြီးပြည့်စုံဖို့အတွက်တော့ တစ်ခု လိုအပ်ချက် ရှိပါတယ်”လို့ ကျွန်တော် ပြောလိုက်တယ်။


ကျွန်တော့်ရဲ့ စကားကို ကြားတော့ သူဌေးက “ဟုတ်လား..ဘာလိုတာလဲ မောင်ရင်” လို့ ထပ်မေးတယ်။


ကျွန်တော်လည်း သူဌေးရဲ့ မျက်နှာကို ပြုံးကြည့်ရင်း ပြန်ဖြေလိုက်တယ်။


“အနုပညာ”


 #လူခါး

                    ၂၀၂၂-၀၂-၁၇၊စနေည၊၂၂:၄၃၊ဂျပန်


⚠️လွတ်လပ်စွာ share နိုင်ပါသည်။ copy ယူခွင့်မပြုပါ။.

No comments: