အမေရိကန် အခြေစိုက် ကိုစကိုကုန်တိုက်ကြီးလို့ ပြောလိုက်ရင် ဂျပန်မှာ ရောက်နေသူတိုင်းသိကြတယ်။ သိကြတယ် ဆိုတာထက် အထင်တကြီးရှိကြတယ်လို့ ပြောရင် ပိုမှန်မယ်။ ဘာလို့လဲဆိုတော့ ရှားလို့ လို့ပြောရမယ်။ ဟုတ်တယ်။ ကိုစကိုကုန်တိုက်ကြီးဟာ ဂျပန်မှာတောင် ရှားတယ်။ သေးသေးဖွဲဖွဲတွေ အထင်မကြီးတတ်တဲ့ ဂျပန်နိုင်ငံသားတွေတောင် ကိုစကိုကုန်တိုက်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ နားရွက်တွေ ထောင်လာတဲ့အထိ စိတ်ဝင်စားကြတယ်။
၂၀၂၄ ခုနှစ် လေးလပိုင်းအထိ တစ်ကမ္ဘာလုံးမှာ ၈၇၆ ခုပဲ ဖွင့်ထားတဲ့ ကိုစကို ကုန်တိုက်ဟာ ဂျပန်လို နိုင်ငံမှာတောင် ၃၃ ခုပဲ ဖွင့်ထားခဲ့တယ်။ ဗမာဆန်ဆန် ပြောရရင် ဂျပန်တွေကို ချေထားတာပေါ့။ မင်းတို့ ပြည်နယ် ၄၇ ခုမှာ ငါတို့က ၃၃ ခုပဲ ဖွင့်ပေးထားတယ်။ မင်းတို့လုဝယ်ကြဆိုတဲ့ အထာပေါ့။ အဲဒီ ၃၃ ခုထဲကမှ ကျွန်တော်တို့နေတဲ့ ဂုမမှာ ရှားရှားပါးပါး တစ်ခုပဲလာဖွင့်တယ်။ အဲဒါဟာ ၃၃ ခုမြောက်ပဲ။ ဂျပန်မှာ အပ်ဒိတ်အဖြစ်ဆုံး ကုန်တိုက်ပဲ။
ကိုစကို ကုန်တိုက်ကြီး ဂုမကို လာဖွင့်ခင်ကတည်းက အလုပ်ထဲမှာ၊ သတင်းစာတွေမှာ၊ TVထဲမှာ ကိုစကိုကုန်တိုက် အကြောင်းကို မျက်တောင်တစ်ခတ်စာတောင်မလွတ်ရအောင် ဖော်ပြရေးသား ပြောဆိုနေကြတယ်။ ပစ္စည်းကောင်းကြောင်း၊ စျေးမှန်ကြောင်း၊ အဆင့်မြင့်ကြောင်းတွေပေါ့။
ကိုစကိုကလည်း ဘယ်လောက်တောင် ချေလဲဆို စျေးဝယ်ဝယ် မဝယ်ဝယ် ကုန်တိုက်ထဲကို ဝင်ချင်ရင်တောင် ယန်း၄၅၀၀တန် မန်ဘာကတ်လုပ်ရမယ်တဲ့။ (ကျပ်ငွေ နဲ့ဆိုတစ်သိန်းပဲ) ။ ဒါတောင် ဖွင့်စမို့။ နောက်မှလုပ်ရင် စျေးပိုကြီးမယ်။ ကတ်လုပ်ပြီးရင်လည်း အမြဲတမ်း သုံးနေခွင့်မရှိဘူး။ ၁နှစ်၁ခါ သက်တမ်း ထပ်ထပ်တိုးရမယ်။
ကိုစကိုကုန်တိုက်ရဲ့ သတင်းကြားရတဲ့ ဂုမပြယ်နယ်က လူတွေဟာ ဟာခနဲ ၊ ဟင်ခနဲ ဖြစ်ကုန်ကြတယ်။ ကိုစကိုက ဘာမို့လို့လဲ။ ဝင်ကြည့်ချင်တာတောင် ကတ်လုပ်ရမယ်ဆိုတော့ မများလွန်းဘူးလား..ဘာညာ ပွားကြပေမယ့် ဖွင့်လည်း ဖွင့်ရော ကတ်လုပ်သူတွေ ၊ မန်ဘာဝင်သူတွေဟာ ဂုမတစ်ပြယ်နယ်လုံးကလူ အကုန်လောက်နီးနီးပဲ။
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ကိုစကိုက အလုပ်ခေါ်တဲ့ အကြောင်းပဲ။ တစ်နာရီကို ယန်း ထောင့်ငါးရာ။ အားပါးပါး.. ကျပ်ငွေနဲ့ဆို တစ်နာရီလုပ်အားခဟာ သုံးသောင်း။ အခု ယန်းစျေးနဲ့ဆို တစ်နေ့ကို သုံးသိန်းလောက်ရမယ့် ပမာဏ။ တစ်လဆို သိန်း ၆၀။
ပေးတဲ့ လုပ်အားခက ပြေတီဦးလိုပြောလိုက်ရင် ရူးတောင်သွားဦးမယ် ဆိုတာမျိုး။ အမေရိကန်ကုန်တိုက်ပဲကွာ ပေးနိုင်တာပေါ့ ဆိုပြီး အလုပ်လိုချင်သူတွေဟာ ကိုစကိုမှာ အလုပ်ရဖို့ အသည်းအသန်ကြိုးစားကြတယ်။ ဒါပေမဲ့ အလုပ်လာလျှောက်သူတိုင်း အငြင်းခံရပြီး ငေးပြန်ရသူတွေများတယ်။
ဒါပေသိ အဲဒီလို အချေကုန်တိုက်မှာ မြန်မာစစ်စစ်ကြီး မစ္စတာမိုးတစ်ယောက်အလုပ်ရတယ်။
မစ္စတာမိုး ကိုစကိုမှာ အလုပ်ရတယ်ဆိုတော့ လူတွေက မယုံကြဘူး။ ဟုတ်ပါ့မလား၊ မဖြစ်နိုင်တာကွာ ဆိုပြီး ငြင်းကြခုန်ကြနဲ့ နောက်ဆုံး ကျွန်တော့်ဆီအထိ မစ္စတာမိုး သတင်းက ရောက်လာတယ်။
“ဆရာခါး..မစ္စတာမိုး ကိုစကိုမှာ အလုပ်ရတယ်။ ဘယ်လိုဖြစ်တာလဲ..”တဲ့
“ဟာ..သူ့အရည်အချင်း ရှိလို့ ရတာပေါ့”..လို့ ကျွန်တော်က ပြောတော့ “ဟာ…ဆရာခါးလူ ဂျပန်စကားလည်းမတတ် ဘာမတတ်နဲ့ ဘယ်လို ရသွားတာလဲ..”တဲ့။
“ဂျပန်စကား မတတ်ပေမယ့် အင်္ဂလိပ်လို ကျွမ်းတယ်ဗျ..”လို့ ကျွန်တော်က ကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောပြရတယ်။
မစ္စတာမိုး ဂျပန်ရောက်စက အမေရိကန် ဂရင်းကတ်ကို အွန်လိုင်းကနေ ဖောင်တင်တယ်။ ဖုန်းနံပါတ်ပါ ထည့်ပေးလိုက်တော့ ဟိုဘက်က အမေရိကန်က ဖုန်းခေါ်တယ်။ ဟဲလို မစ္စတာမိုး..အာယူ ဝမ့်တူ ဂရင်းကတ် ဆိုပြီး မေးတာ။ ဟိုဘက်က ဘာပြောပြော မစ္စတာမိုးက ဟိုက် ဝခရိမတ်ရှတ လုပ်တာပဲ။ အဲဒါနဲ့ပဲ ဂရင်းကတ်မရဘဲ ဂျပန်မှာ သောင်တင်နေတာ..။ ဒါပေမဲ့ ခုဆို အီးလိုက တော်တော် ပြောနိုင်နေပြီ..လို့ ရှင်းပြရတယ်။
“ဆရာခါးလူက ကိုစကိုမှာ အလုပ်ရတာနဲ့ လူတွေကို အဖက်မလုပ်တော့ဘူးဗျ။ ရေခဲတုံး ရေခဲရိုက်ထားတဲ့ မျက်နှာနဲ့..”တဲ့။
“ဟုတ်ပါ့မလားကွာ..အတော်ဖော်ရွေတဲ့သူပါ..”လို့ ကျွန်တော်က ထောက်တော့ “ခုမဟုတ်တော့ဘူး ဆရာခါးရေ..သူ့အားကိုးနဲ့ ကိုစကိုမှာ အလုပ်ဝင်ချင်သူတွေရှိတာတောင် ဖုန်းမကိုင်တော့ဘူး..”တဲ့။
ကျွန်တော်လည်း သေချာအောင် မစ္စတာမိုးအိမ် သွားလိုက်တော့ တကယ်ပဲ။ ကိုစကိုဝတ်စုံကို အကျအနဝတ်ထားတယ်။ ဝန်ထမ်းကတ်ကိုလည်း လည်ပင်းမှာ အကျအနဆွဲလို့။
“အလုပ်သွားတော့မလို့ဗျ..၊ အလုပ်က ဘာမှ မပင်ပန်းဘူး။ ခေါင်းလည်း မစားဘူး။ စကားလည်း ပြောနေရတာ မဟုတ်ဘူး..”တဲ့။
“အားကျတယ်ဗျာ။ ကုန်တိုက်ကြီးက အကျယ်ကြီးပဲနော့.. ဘယ်နေရာမှာ လုပ်ရတာလဲ..”လို့ ကျွန်တော်က စကားအစ်တော့ သူကလည်း နပ်တယ်၊ မဖြေဘူး။
“အဲဒါတော့ ပြောလို့ မရဘူး.”.တဲ့။
“ပြောလို့မရလည်း နေပါ။ အလုပ်လိုချင်သူတွေတော့ မိတ်ဆက်ပေးလိုက်ပါဦးလို့..”ပြောပြီး ကျွန်တော်လည်း ပြန်လာခဲ့တယ်။
နောက်ရက်တွေ၊ လတွေကျတော့လည်း မစ္စတာမိုး သတင်းက ကျွန်တော့်ဆီ ပေါက်ပေါက်လာတယ်။ အဓိကကတော့ သူနဲ့ကျွန်တော်က ဂျပန်ရောက်တာလည်းအတူတူ၊ သင်တန်းတက်တော့လည်း အတူတူ ဆိုတော့ အချိုးပြောင်းသွားတဲ့ သူ့အကြောင်းကို လာလာပြီး ရင်ဖွင့်ကြတာပေါ့။ကိုစကိုမှာ အလုပ်ရပြီးမှ ချေတဲ့ အကြောင်းတွေပေါ့။
ကျွန်တော်လည်း ကိုစကိုထဲရောက်တိုင်း မစ္စတာမိုး ဘယ်နေရာမှာ အလုပ် လုပ်နေသလဲကို အမြဲ ရှာကြည့်ဖြစ် ပေမဲ့ မတွေ့ဖူးဘူး။ မတွေ့ဆို ကိုစကိုက ရွာကြီးတစ်ရွာလောက်ထဲ နေရာတွေကလည်း စုံတော့ ရှာရခက်တာလည်း ပါတာပေါ့။ လာလိုက်တဲ့ လူကလည်း ဘုရားပွဲစျေးလိုပဲ။ ဒီလောက် အလုပ်ကောင်း၊ နာမည်ကြီးတဲ့ ကုန်တိုက်မှာ အလုပ်ရတော့လည်း ချေနိုင်တာပေါ့လို့ တွေးဖြစ်တယ်။
တစ်နေ့တော့ ကျွန်တော့်ဆီကို ရပ်ကွက်ထဲက ညီငယ်တွေ ဆယ်ယောက်လောက် ရောက်ချလာကြတယ်။ ဘောလုံးအတူ ကန်ဘက် ညီငယ်တွေပေါ့။
ကိုစကိုထဲ သွားမလို့ ဝင်ခေါ်တာတဲ့။ ငြင်းနေတဲ့ ကြားကနေ အတင်းခေါ်နေတာမို့ လိုက်သွားတော့ ကုန်တိုက်ထဲ ရောက်မှ ပြောကြတယ်။
“လူစုခွဲပြီး မစ္စတာမိုးကို ရှာမလို့..”တဲ့။
“ဟာ..သူ့ဟာသူ အလုပ် လုပ်နေတာ လုပ်ပါစေဗျာ..”လို့ ပြောတော့ “ချေလွန်းလို့ပါ ဆရာခါးရာ..။ မနက်တစ်ခါ ညနေတစ်ခါ ကိုစကိုဝတ်စုံကြီး ဝတ်ဝတ်ပြီး အလုပ်သွားပြီ၊ အလုပ်ပြန်ပြီနဲ့ facebook မှာ တင်တင်နေတာ အမြင်ကပ်လာလို့..”တဲ့။
သူတို့ပြောလည်း ပြောချင်စရာပဲ။ မစ္စတာမိုးက သူ့ဖေဘုတ်အကောင့်မှာ ကိုစကို အကြောင်းတင်လို့ မပြီးတော့ဘူး။ လုပ်အားခကလည်းများ၊ ဂျပန်တွေတောင် အလုပ်ရဖို့ မလွယ်တဲ့ ကုန်တိုက်ဆိုတော့လည်း သူတင်လည်း တင်ချင်စရာပေါ့။ ကလေးတွေကလည်း အဲဒါကို အမြင်ကပ်ပြီး သူ့အလုပ်နေရာ(ရာထူး)ကို သိချင်ကြတာပေါ့လေ။ ငြင်းလို့မရတဲ့အဆုံး ကျွန်တော်လည်း ထလိုက်ခဲ့ရတော့တယ်။
ကုန်တိုက်ထဲရောက်တော့ လူစုခွဲပြီး မစ္စတာမိုးကို ရှာကြပေမယ့် မတွေ့ဘူး။ ပင်လယ်စာတန်း၊ အဝတ်အထည်တန်း၊ အရက်ဘီယာတန်း၊ မုန့်တန်းကနေ ငွေရှင်းကောင်တာအထိ ဘယ်မှာမှ မစ္စတာမိုးကို မတွေ့ဘူး။
“ရုံးခန်းထဲများ အလုပ်ရနေလား မသိဘူးနော်..ဆရာခါး..”တဲ့။ ညီငယ်တစ်ယောက်က ပြောတာနဲ့..”အဲဒီလောက် ရာထူးတော့လည်း မဟုတ်လောက်ဘူး၊ ပြောလို့တော့ မရဘူးကွာ၊ သူ့က လျှို့ဝှက်တတ်တာ မင်းတို့လည်း သိသားပဲ..” လို့ပြောရင်း ဆက်ရှာကြပေမယ့် ၂နာရီလောက် ရှာပြီးတဲ့အထိ မစ္စတာမိုးကို မတွေ့ဘူး။
“အလုပ်ကတော့ ဒီမှာ သေချာတယ်ကွ၊ ထားလိုက်ပါကွာ..”လို့ ညီငယ်တွေကို ချော့ပြောပြီး ကုန်တိုက်ထဲကနေ ကျွန်တော်တို့ အဖွဲ့ပြန်ထွက်လာကြတယ်။
“ချေလွန်းလို့ပါ ..ဆရာခါးရာ၊ အလုပ်ကလေး ပြောပေးစေချင်တာတောင် အဖက်မလုပ်လို့ပါ။ ဘယ်လိုရာထူးကြီးများ ရနေလို့ ချေနေတာလဲ သိချင်လို့ပါ..”တဲ့။
ကျွန်တော်လည်း အသာ ချွေးသိပ်ပေးရင်း ညီငယ်တွေကို ပြန်ခေါ်လာပြီး ကားပါကင်ကိုဖြတ်၊ ကားထားခဲ့တဲ့ လမ်းတစ်ဖက်က ဆဲဗင်အလဲဗင်း ပါကင်ဘက်ကို ပြန်လျှောက်လာခဲ့တယ်။
ကုန်တိုက်က ခုလို စက်ရုံပိတ်ရက်တွေဆို ကားပါကင်တောင် မဆံ့တဲ့အထိ လာတဲ့လူက များတာကိုး။ နောက်ကျရင် ခုလိုပဲ နီးရာပါကင်မှာ ကားကို ထားခဲ့ပြီး ကိုစကိုဘက်ကို လှမ်းလျှောက်သွားရတော့တာ။ မဟုတ်ရင် တန်း စီပေတော့ပဲ။
ကားတွေဆီ ပြန်မရောက်ခင် လမ်းလျှာက်လာတုန်း ကိုစကိုနဲ့ ဆဲဗင်းအလဲဗင်း မီးပွိုင့်ရောက်တော့ ကျွန်တော် တစ်ခု သတိထားမိတယ်။ အဲဒါဘာလဲဆိုတော့ ခပ်လှမ်းလှမ်းမှာ ကိုစကိုဝတ်စုံနဲ့ လူတစ်ယောက် မတ်တပ်ရပ်နေတာ။
“ညီလေးတို့ ခဏဆိုပြီး..”ညီငယ်တွေကို ခေါ်လိုက်တော့ သူတို့လည်း ကျွန်တော့်အနား ပြန်လျှောက်လာကြတယ်။
“ဟိုမှာတွေ့လား..”ဆိုပြီး ကိုစကို ဝတ်စုံနဲ့လူကို ပြပြီးမေးလိုက်တော့ “တွေ့တယ်လေ ဆရာခါး..ဘာလို့လဲ..”တဲ့။
အဲဒါ မစ္စတာမိုးပဲလို့ ကျွန်တော်က ပြောလိုက်တော့ ညီငယ်တွေ မျက်လုံးပြူးကုန်တယ်။
“ဟုတ်ပါ့မလား ဆရာခါး..”တဲ့။
“ဟုတ်တယ်..ငါစမ်းကြည့်ပြီးပြီ..ဒီမှာ ကြည့်..” ဆိုပြီး ဖုန်းကို ထုတ် ၊ မစ္စတာမိုးနံပါတ်ကို ခေါ်လိုက်တော့ တစ်ကိုယ်လုံး ဝတ်စုံပဲမြင်ရတဲ့ အဲဒီလူက ဖုန်းကို ထုတ်ရုံပဲ ထုတ်ကြည့်ပြီး ပြန်ထည့်လိုက်တော တွေ့ရတယ်။
“တွေ့လား..မစ္စတာမိုးမှ မစ္စတာမိုးအစစ်..၊ မယုံရင်အနားကပ်ပြီး သွားခေါ်ကြည့်..” လို့ ပြောလိုက်တော့ “လာပါ..ဆရာခါး ခေါ်ကြည့်..” ဆိုတာနဲ့ အဲဒီလူအနားကို အသာကပ်သွားကြတော့ အဲဒီလူက ကျွန်တော်တို့ ကပ်လာတာကို မသိရှာဘူး။ မသိဆို သူက တစ်ကိုယ်လုံးကို မျက်လုံးလေးပဲဖော်ထားပြီး နေပူသက်သာအောင် မျက်နှာပါ ဖုံးထားတာကိုး။
ကျွန်တော်လည်း သူ့နောက်ကနေ ကပ်ပြီး “မစ္စတာမိုး..”လို့..အသံကျယ်ကျယ်နဲ့ ခေါ်လိုက်တော့ အဲဒီလူက လန့်ပြီး တစ်ကိုယ်လုံးတုန်ရင်း လှည့်ကြည့်တယ်။
“ဟာ..ဗျာ..လန့်လိုက်တာ..”တဲ့။
“ဘာလုပ်နေတာတုန်း..”လို့ မေးလိုက်တော့ “အလုပ် လုပ်နေတာလေ..”တဲ့။ သူ့လက်ကို လှူပ်ပြပြီးပြောတယ်။ “ဘာအလုပ်လဲ..” လို့ မေးလိုက်တော့..”ဒီမှာလေ..”တဲ့။ ကျွန်တော်တို့ တစ်ဖွဲ့လုံး မြင်အောင်ထပ်ပြတယ်။
သူပြတာက ဆိုင်းဘုတ်။ ဆိုးဘုတ်မှာ ရေးထားတာက “ရှေ့ကိုက် ၁၀၀တွင် ကိုစကို ကုန်တိုက်ရှိသည်..”တဲ့။
အဲဒီတော့မှ ကျွန်တော့်တို့လည်း သဘောပေါက်တော့တယ်။ ဒါ့ကြောင့်လည်း သူပြောတာပေါ့ ။
“အလုပ်က စကားလည်း မပြောရဘူး။ ပင်လည်း မပင်ပန်းဘူး..တဲ့။
အပြောနဲ့ အလုပ်ညီပါ့ မစ္စတာမိုးရယ်..။
#လူခါး
၂၀၂၄-၀၅-၁၂တနင်္ဂနွေ၊နံနက်-၀၈:၁၇မိနစ်
No comments:
Post a Comment